စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ကံကောင်းထောက်မချိန်ကို မှန်းဆသိနိုင်ဖို့”

 
သတ္တဝါတိုင်းမှာ သံသရာတစ်လျှောက်လုံး ပြုခဲ့တဲ့ကံတွေဟာ ကုသိုလ်ရော၊အကုသိုလ်ရော
နှစ်မျိုးလုံးပဲ ရောပြွမ်း ရှိနေခဲ့တယ်။ ဒီကံနှစ်မျိုးရဲ့ ကမ္မသတ္တိလည်း မပြတ်ဖြစ်ပျက်
စဉ်ဆက်နဲ့ ရှိနေတာပဲ။ အကုသိုလ်ကမ္မသတ္တိတွေက အနုသယသဘောမျိုးနဲ့ ရှိနေကြတယ်။ ကုသိုလ်ကမ္မသတ္တိတွေကတော့ အလေ့အထုံ၊ ပါရမီဓာတ်ခံသဘောမျိုးနဲ့ ရှိနေကြတာပေါ့။

ဥပမာသဘောနဲ့ တင်စားပြောမယ်ဆိုရင် သတ္တဝါတိုင်းရဲ့ သန္တာန်မှာ
● “အနုသယ”အမည်ခံထားတဲ့ အကုသိုလ် အင်ဂျင်ကြီးရယ်၊
● အလေ့အထုံ ပါရမီလို့အမည်ခံထားတဲ့ ကုသိုလ်အင်ဂျင်ကြီးရယ် လို့ အင်ဂျင်နှစ်လုံး အသင့်ရှိနေကြတယ်။

အဲဒီထဲမှာ အကုသိုလ်အင်ဂျင်ကတော့ မပြတ်နှိုးထားတဲ့အတွက် အမြဲတမ်း
အော်တိုမက်တစ်လိုဖြစ်နေတယ်။နှိုးလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်အစဉ်မှာ
အကုသိုလ်အင်ဂျင်က နိုးလာတော့တာပဲ။ကုသိုလ်အင်ဂျင်ကတော့ တစ်ခါတစ်လေမှနိုးတဲ့
အင်ဂျင်လို လေးလံနေတတ်တယ်။

သူ့ကို “သတိ” သော့နဲ့ ဖွင့်ပေးနိုင်မှ၊တစ်ချို့များဆိုရင် သတိကို “ဟန်ဒယ်”လို
မြဲမြဲကိုင်ပြီး နာနာလှည့်နိုးပေးမှ နိုးတတ်တာ။

❦ပစ္စုပ္ပန်ကံတွေမှာ အကျိုးအသစ်တွေကို ဖြစ်စေတတ်တဲ့ ဇနကသတ္တိ ဆိုတာလည်းရှိတယ်။

❦အတိတ်ကံဟောင်းတွေကို ချူဆီလို ကူညီပေးတတ်တဲ့ ဥပထမ္ဘကသတ္တိဆိုတာလည်း ရှိတယ်။

❦အတိတ်ကံတွေကို အကျိုးပေးခွင့် မရသေးအောင် ဖိစီးနှိပ်စက်တတ်တဲ့
ဥပပီဠကသတ္တိ ဆိုတာလည်း ရှိတယ်။

❦ဆန့်ကျင်ဘက်ကံတွေရဲ့သတ္တိကို ဖျက်ဆီးတတ်တဲ့ ဥပဃာတက သတ္တိဆိုတာလည်း ရှိတယ်။

အဲဒီလေးမျိုးထဲမှာ ဥပထမ္ဘကသတ္တိရှိတဲ့ ပစ္စုပ္ပန်ကံတွေဟာ ကံဟောင်းအင်ဂျင်ကြီးတွေကို
နိုးအောင် ကူညီပေးတတ်တဲ့ “ချူဆီ”နဲ့တူတယ်တဲ့။

■အကုသိုလ်ကံချူဆီထည့်ပေးရင် အတိတ်ကံအင်ဂျင်နှစ်မျိုးထဲက အကုသိုလ်ကံတွေပဲနိုးထပြီး
ဆိုးကျိုးဒုက္ခတွေပဲ တွေ့ကြုံနေရမယ်။
■ကုသိုလ်ကံချူဆီထည့်ပေးမှ အတိတ်က ကုသိုလ်ကံအင်ဂျင်တွေလည်း နိုးထပြီး၊
ကောင်းကျိုးသုခတွေ တွေ့ကြုံခံစားခွင့်ရမယ်လို့ ဆိုပါတယ်။

ဒီအာစရိယဝါဒအလိုအရဆိုရင်တောအတိတ်ကံတို့ရဲ့ကောင်းကျိုးပေးချိန်
(ကံကောင်းထောက်မချိန်)ဟာ ပစ္စုပ္ပန်မှာအပြုများတဲ့ ကံတို့နဲ့ဆက်စပ်နေတယ်လို့
အဓိပ္ပါယ်ရပါတယ်။ အကုသိုလ်ကံတွေ နိုးထချင်ရင်
“အကုသိုလ် ကံသစ် ချူဆီ” ကိုထည့်၊ ကုသိုလ်ကံတွေ နိုးထထောက်မစေချင်ရင်
“ကုသိုလ် ကံသစ်ချူဆီ”ကို များများထည့်ပေးရမယ်လို့ဆိုလိုတာပါ။

ကုသိုလ်ကံချူဆီကိုမှ “များများ”လို့ အထူးပြု ပြောဆိုရတာကတော့ စောစောက ပြောသလိုပဲ
ကုသိုလ်အင်ဂျင်က နှိုးတဲ့အချိန်နည်းတဲ့အတွက် ချေးကပ်နေတတ်လို့ဖြစ်ပါလိမ့်မယ်။
ဒါကလည်း ကံကောင်းထောက်မချိန်ကိုကိုယ်တိုင်ဖန်တီးသိရှိနိုင်တဲ့ နည်းတစ်နည်းပေါ့။
ဒီလောက်ဆိုရင် “ကံကောင်းထောက်မချိန်” ကို မှန်းဆသိနိုင်လောက်ပြီ ထင်ပါတယ်။
 
-【ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)】
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association】

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...