စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နေလောင်ဒဏ်ကို ကာကွယ်နိုင်သော အစားအစာများ



(၁) ခရမ်းချဉ်သီး

လတ်တလော လေ့လာမှုအရ ခရမ်းချဉ်သီးမှာ သဘာဝနေရောင် ကာနိုင်စွမ်း ရှိတယ်လို့ ဗြိတိန်အရေပြား ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ အသက် ၂၁-၄၇ နှစ်ကြား အမျိုးသမီးတွေကို ခရမ်းချဉ်သီး အနှစ်ထမင်းစားဇွန်း လေးဇွန်းနဲ့ သံလွင်ဆီ အနည်းငယ်ရောပြီး သုံးလတိတိ စားသုံးစေခဲ့ရာ သံလွင်ဆီသာ စားသုံးသူတွေထက် နေလောင်ဒဏ်ကို ပိုမိုကာကွယ်နိုင်ကြောင်း လေ့လာ တွေ့ရှိခဲ့ပါတယ်။ ခရမ်းချဉ်သီး ဒါမှမဟုတ် ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းကို အခြေခံပြီး ပြုလုပ်ထားတဲ့ အလှပြင် ပစ္စည်းတွေဟာ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်။

(၂) မုန်လာဥနီ

မုန်လာဥနီက နေရောင်ခြည်ကြောင့် အရေပြား ပျက်စီးမှု မဖြစ်အောင် ကာကွယ် ပေးနိုင်ရုံသာမကဘဲ ပျက်စီးသွားတဲ့ အရေပြားတွေကိုပါ ပြန်လည်ကောင်းမွန်အောင် စွမ်းဆောင်နိုင်ပါတယ်။ မကြာသေးခင်က ကိုရီးယားနိုင်ငံမှာ ကျန်းမာတဲ့ အမျိုးသမီး အယောက် ၃၀ ကို မုန်လာဥနီကနေ ရရှိနိုင်တဲ့ ဘီတာကယ်ရိုတင်း ၃၀ မီလီဂရမ်ကို နေ့စဉ်သုံးလနီးပါး စားသုံးစေပြီး သုတေသန ပြုလုပ်ခဲ့ရာမှ အဆိုပါ အာနိသင်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မုန်လာဥနီက အရေပြားကို နေရောင်ခြည် ဒဏ်က ကာကွယ်ပေးတဲ့အပြင် ကယ်လိုရီ နည်းတာကြောင့် ကိုယ်အလေးချိန် လျှော့ချဖို့လည်း စားသုံးသင့်ပါတယ်။

(၃) ကန်စွန်းဥ

မုန်လာဥနီလိုပဲ ကန်စွန်းဥမှာလည်း အရေပြား ပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့ ဘီတာကယ်ရိုတင်းများစွာ ပါဝင်ပါတယ်။ ကန်စွန်းဥကို ပြုတ်ပြီး သံလွင်ဆီ အနည်းငယ်နဲ့ တို့ကာ သရေစာအဖြစ် စားသုံးနိုင်ပါတယ်။

(၄) ရောင်စုံအသီးအရွက်

သင့်ထမင်းပန်းကန်ထဲမှာ အသီးအရွက် ရောင်စုံပါဝင်အောင် စားသုံးတာက ကျန်းမာရေး ကောင်းမွန်စေတဲ့ အလေ့အထတစ်ခုပါ။ အသီးအရွက်တွေက အရောင်ရင့်လေ၊ အာဟာရ တန်ဖိုးပါဝင်မှု များပြီး အင်တီအောက်ဆီးဒင့် ပါဝင်မှု များလေပါ။ အင်တီအောက်ဆီးဒင့် ကြွယ်ဝတာကြောင့် အသားအရေ ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၅) ဖရဲသီး

အနီရောင်ရှိတဲ့ အသီးတွေက အသားအရောင် ပြောင်းလဲမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဖရဲသီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းက ကင်ဆာရောဂါ မဖြစ်ပွားအောင် ကာကွယ်နိုင်ပါတယ်။

(၆) စတော်ဘယ်ရီ၊ ကီဝီ၊ လိမ္မော်သီး

ဗီတာမင်စီ ကြွယ်ဝတဲ့ သစ်သီးဖြစ်တာကြောင့် ကင်ဆာဆဲလ်ပွားများမှုကို ဟန့်တားနိုင်ပါတယ်။ ဗီတာမင်စီက နေရောင်ခြည် ထိတွေ့မှုကြောင့် ဖြစ်လာတဲ့ ဆဲလ်ပျက်စီးစေတဲ့ Free Radicals တွေကို တိုက်ထုတ်ပေးပါတယ်။ ကီဝီသီးကနေ ဗီတာမင်စီ အများဆုံး ရနိုင်ပါတယ်။

(၇) ဗာဒံစေ့၊ နေကြာစေ့

ဗာဒံစေ့၊ နေကြာစေ့တွေထဲကနေ ဗီတာမင်အီး များစွာ ရရှိနိုင်ပါတယ်။ ဗီတာမင်အီးက နေရောင်ခြည်ကြောင့် အသားအရေ ပျက်စီးမှုကို ဟန့်တားနိုင်ပါတယ်။ ဗီတာမင်အီးက အရွယ်တင် နုပျိုစေတဲ့အပြင် မျက်နှာမှာရှိတဲ့ အမာရွတ်တွေကိုလည်း လျော့နည်း သက်သာစေပါတယ်။

(၈) ပန်းသီး

ပန်းသီးတစ်နေ့ တစ်လုံးစားပါက နေရောင်ခြည်ကြောင့် ဖြစ်ပွားနိုင်တဲ့ အရေပြား ကင်ဆာဖြစ်ပွားမှုကို ဟန့်တားနိုင်ပါတယ်။ ကော်နယ်တက္ကသိုလ်က ၂၀၀၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ အနီရောင် ပန်းသီးအခွံမှာ ထရိုင်တာပီးနွိုက်လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတွေ များစွာ ပါဝင်ပါတယ်။ အဲဒီဒြပ်ပေါင်းက ကင်ဆာဆဲလ်တွေကို ဟန့်တားနိုင်ပါတယ်။

(၉) လက်ဖက်စိမ်းရည်

လက်ဖက်စိမ်းမှာ ပါဝင်တဲ့ သဘာဝ ဒြပ်ပေါင်းတစ်မျိုးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ရောင်ရမ်းမှုကို လျှော့ချပေးပြီး အရေပြား ကင်ဆာရောဂါကို တွန်းလှန်ကာကွယ်နိုင်ပါတယ်။ ကဖင်းဓာတ်က ရေဓာတ်ခန်းခြောက်တာကို ဖြစ်စေတာကြောင့် ကော်ဖီသောက်မယ့်အစား လက်ဖက်စိမ်းရည် သောက်ပါ။

(၁၀) အဆီများသော ငါး

အဆီများတဲ့ငါးက အိုမီဂါ-၃ ကြွယ်ဝတာကြောင့် သင့်အရေပြားကို စိုပြေလှပစေပါတယ်။ အဆီများတဲ့ငါးမှာ ဆီလီနီယမ်လည်း ပါဝင်တာကြောင့် နေလောင်ဒဏ်နဲ့ အရေပြား ထိခိုက်တာတွေကို လျော့နည်းစေပါတယ်။ ငါးစားသုံးတာက ကယ်လိုရီနည်းနည်းနဲ့ ပရိုတင်းဓာတ်များများ ရရှိတာကြောင့် ကိုယ်အလေးချိန် လျှော့ချရေးအတွက်လည်း အလွန်အသုံးဝင်ပါတယ်။

(၁၁) အညိုရောင် ချောကလက်

ကိုကိုး ၆၅ ရာခိုင်နှုန်းနဲ့အထက် ပါဝင်တဲ့ အညိုရောင် ချောကလက်မှာ ဖလေဗိုနွိုက်လို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့်တွေက နေရောင်ခြည်ကြောင့် အရေပြား ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ တစ်ပတ်ကို ချောကလက် ခုနစ်အောင်စကို လက်ဖက်စိမ်းရည်နဲ့ တွဲစားပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
By Good Health


http://www.facebook.com/photo.php?fbid=409019545862549&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...