စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရွယ်ရှိခိုက် လုံ့လ စိုက်ပါလေ


ဘ၀ပေါင်းများစွာက ပြုခဲ့သော “အတိတ်ကံ” ၏
အကျိုးပေးမှုအရ လူ တစ်ဦးနှင့်တစ်ဦး ငယ်နုစဉ်ကာလ ဘ၀ပေး အခြေအနေချင်း မတူညီကြပေ ။
ချမ်းသာကြွယ်ဝသော မိဘ ဆွေမျိုး အသိုင်းအ၀ိုင်းတွင်ကြီးပြင်းရှင်သန်ခဲ့ရသူတွေရှိသလို
ဆင်းရဲနွမ်းပါးသော မိဘဆွေမျိုး အသိုင်းအ၀ိုင်းတွင်ကြီးပြင်း ရှင်သန်ခဲ့ရသူတွေလည်းရှိပါသည် ။

မြို့ကြီးပြကြီးများတွင် မွေးဖွား ကြီးပြင်း ကျင်လည်ခဲ့ရသူတွေ ရှိသလို
ရွာသိမ် ရွာငယ် ကလေးများတွင် မွေးဖွား ကြီးပြင်းကျင်လည် ခဲ့ရသူတွေလည်း ရှိပါသည် ။
မိဘ ၏ အရိပ်အာဝါသအောက်တွင် ခိုလှုံကြီးပြင်းရမှုအနေအထားချင်း ကွာခြားခဲ့သော်လည်း
ထိုသို့ ငယ်နုစဉ်မှသည် ဆယ်စုနှစ် သုံးလေးခုမျှအကြာဘ၀ကို ဖြတ်သန်းပြီးသွားသောအခါတွင်မူ.....

၁) ငယ်ရွယ်စဉ်က ဘ၀ပေးအခြေအနေ မြင့်မားသူများအထဲမှအချို့သည်
ငယ်ရွယ်စဉ်က ဘ၀ပေးအခြေအနေအတိုင်းတည်တံ့နေသည် ။ အချို့သည်
ငယ်ရွယ်စဉ်က ရှိရင်းစွဲ ဘ၀ပေးအခြေအနေထက် တိုးတက်မြင့်မားသွားသည် ။
အချို့ကမူ ရှိရင်းစွဲဘ၀မှသည် လွန်စွာနိမ့်ကျ ဆင်းရဲသွားသည်။

၂) ငယ်ရွယ်စဉ်က ဘ၀ပေးအခြေအနေ နိမ့်ကျနွမ်းပါးသူများထဲမှ
အချို့သည် ငယ်စဉ်က ဘ၀အတိုင်း ဘ၀အခြေအနေ ဆင်းရဲမြဲဆင်းရဲသည်။
အချို့ကမူ ငယ်စဉ်က ဘ၀နှင့် လုံးလုံးကြီးခြားနားလျှက် ၊ ဘ၀ အခြေအနေ
မြင့်မား ချမ်းသာသွားသည် ။ ဤသည်မှာ လူတစ်ဦး၏ အတိတ်ကံက ချပေးသော
ဘ၀ပေးအခြေအနေ မည်သို့ပင် ရှိခဲ့စေကာမူ...
ထိုသူ၏ ပစ္စုပ္ပန် စေတနာ ၊ ဥာဏ် ၊ ၀ိရိယ တို့အပေါ် တည်မှီလျှက်
ပြောင်းလဲခဲ့ခြင်း ဖြစ်ပါသည် ။

အတိတ်ကံ အကျိုးပေးမှုအရ လူတစ်ဦးနှင့်တစ်ဦး
ရှိရင်းစွဲ ဘ၀အခြေအနေနှင့် အခွင့်အလမ်းချင်းမတူ
ကွဲပြားခြားနား နေလင့်ကစား .... တစ်နေ့လျှင် (၂၄) နာရီ
ပိုင်ဆိုင်မှုမှာမူ လူသားတိုင်းကို သဘာဝတရားက
အညီအမျှ အပ်နှင်းထားသော အခွင့်အရေးတစ်ရပ် ဖြစ်ပါသည် ။

ချမ်းသာသူ ဖြစ်စေ ၊ ဆင်းရဲသူဖြစ်စေ
မည်သူတစ်ဦး တစ်ယောက်မျှ တစ်နေ့လျှင်(၂၄)နာရီထက် ပို၍
လည်းမရ ၊ လျော့၍လည်းမရ ၊ သို့တစေ လူတစ်ဦးနှင့်တစ်ဦး
ထိုသို့ညီတူညီမျှ ပိုင်ဆိုင်ထားသော “အချိန် ၊ အခွင့်အရေး” အပေါ်
တန်ဖိုးထားပုံချင်း၊ အသုံးချပုံချင်း မတူကြပေ ။
ထိုသို့ ပစ္စုပ္ပန်ဘ၀တွင် အချိန်အပေါ် အမွန်အမြတ်ပြုပုံချင်း
မတူခြားနားသည့်အပေါ်တည်မှီလျှက် နှစ်ကာလ ကြာရှည်လာသောအခါ
လူတစ်ဦးနှင့်တစ်ဦး ဘ၀အဆင့်အတန်း ဆူကြုံနိမ့်မြင့်
ကွာခြားသွားခြင်း ဖြစ်ပါသည် ။

လူတစ်ဦး၏ ဘ၀သည် အလိုအလျောက် ဖြစ်တည်နေသည်မဟုတ်ပါ။
လူသားတစ်ဦးသည် သူ၏ဘ၀ကို စေတနာ ၊ ဥာဏ် ၊ ၀ီရိယ တို့ဖြင့်
ထုဆစ် တည်ဆောက်ရပါသည် ။ လူတစ်ဦးသည် စိတ်ရင်း စေတနာလည်း
ကောင်းမည် ၊ ဥာဏ်လည်းကောင်းမည် ၊ လုံ့လ ၀ီရိယလည်း ကြီးမားမည်
ဆိုလျှင် ထိုသူ၏ဘ၀သည် လှေကားထစ်တက်သည့်ပမာ တဖြည်းဖြည်းချင်း
အဆင့်အတန်းမြင့်သည်ထက် မြင့်မားလာပေလိမ့်မည် ။
စိတ်ရင်းစေတနာလည်းမကောင်း ၊ ဥာဏ်လည်းမကောင်း ၊ လုံ့လ ၀ီရိယလည်း
မရှိလျှင် ထိုသူ၏ဘ၀သည် မြေကျင်းတူးသူပမာ တဖြည်းဖြည်းချင်း
အဆင့်အတန်း နိမ့်ကျလာပေလိမ့်မည် ။ မိမိပိုင်ဆိုင်သော အချိန်ကို တန်ဖိုးထားလျက်
လုံ့လ၀ီရိယဇွဲဖြင့် ပေါင်းစပ်မှသာ တန်ဖိုးတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါလိမ့်မည် ။
ရလာဒ်ကောင်းတွေ ထွက်ပေါ်လာပါလိမ့်မည် ။ အချိန်နှင့်ပျင်းရိခြင်းပေါင်းသော်
မည်သည့် တန်ဖိုး တစ်စုံတစ်ရာမျှ ထွက်ပေါ်လာမည် မဟုတ်ပါ ။

အချိန်နှင့်အမျှ လုံ့လ ၊ ၀ီရိယ ၊ ဇွဲ ကို အရင်းတည်၍ အားထုတ်ကြိုးပမ်းမှသာလျှင်
“ပညာ”လည်းရနိုင်မည် ။ “ပစ္စည်းဥစ္စာလည်း ရနိုင်မည် ။ “ကုသိုလ်”လည်းရနိုင်မည်။
လုံ့လ ၊ ၀ီရိယ ၊ ဇွဲဖြင့် အပတ်တကုတ် ကြိုးစားအားထုတ်မှသာ “ပညာရှင်” လည်း
ဖြစ်နိုင်မည် ။ “ကုသိုလ် ကောင်းမှုရှင်”လည်းဖြစ်နိုင်မည်။ မိမိ၏ အကျိုးစီးပွားအတွက်
သာမက အများအကျိုးစီးပွားအတွက်ပါ အကျိုးဆောင်သူ ဖြစ်နိုင်ပါမည်။

ဘ၀ တစ်လျှောက်လုံး ပေါ့ပေါ့နေ ပေါ့ပေါ့စား ၊ ဟေးလား ၀ါးလားဖြင့် “အချိန်”ကို
ဖြုန်းသော “လူပျင်း” တို့သည် ပညာလည်းမရ ၊ ဥစ္စာလည်းမရ၊ ကုသိုလ်လည်းမရနိုင် ။

“ပညာရှင်” လည်းမဖြစ်နိုင်၊ “ဥစ္စာရှင်” လည်း မဖြစ်နိုင်၊
“ကုသိုလ်ကောင်းမှုရှင်” လည်းမဖြစ်နိုင်။ ထိုလူမျိုးသည် မိမိ၏အကျိုးကိုလည်း
မဆောင်ရွက်နိုင် ၊ အများအကျိုးကိုလည်း မဆောင်ရွက်နိုင်။
ဆိုရသော် လူပျင်းတို့သည် “တန်ဖိုးမဲ့” သူသာဖြစ်ပါ၏။ ထိုသို့ အချိန်ဖြုန်းသော
“လူပျင်း” တို့သည် ဆင်းဆင်းရဲရဲ သိမ်သိမ်ငယ်ငယ်နှင့်သာ ဘ၀နိဂုံး
အဆုံးသတ်ရတတ်ပါသည်။ တိပိဋကဓရသီရိန္ဒာ ဘိဝံသ (ယော)ဆရာတော်ကြီးက
အချိန်အသုံးချမှုနှင့် စပ်လျဉ်း၍ ဤသို့ မိန့်တော်မူခဲ့ပါသည် ။

“လောက၌ အချိန်ကိုဖြုန်းခြင်းထက် နစ်နာသော ဆုံးရှုံးမှုမျိုး မရှိချေ ။
အစားထိုး၍မရနိုင်သော ဆုံးရှုံးမှုမျိုးဖြစ်သည် ။ အချိန်၏တန်ဖိုးကို မည်သည့်
စက်ကိရိယာနှင့်မျှ တိုင်းတာဆုံးဖြတ်၍ မရစကောင်းချေ ။ စီးပွားဥစ္စာရှာသူအတွက်
အချိန်သည်ပင် စီးပွားဥစ္စာဖြစ်သည်။ ပညာသင်ကြားလေ့လာသူအတွက်
အချိန်သည်ပင် ပညာဖြစ်သည်။ တရားရှာမှီးအားထုတ်နေသူအတွက် အချိန်သည်ပင်
တရား ဖြစ်သည် ။

အမှန်စင်စစ် လူတစ်ဦးသည် “ပျင်း” ပြီဆိုလျှင် “ဖျင်း” လည်း “ဖျင်း” ပါတော့သည်။
ပျင်းရိသူမှန်သမျှ အရည်အချင်း “ညံ့ဖျင်း” သူချည်း ဖြစ်ပါ၏။ လူပျင်း လူဖျင်းတစ်ဦး၏
ဘ၀နောက်နှောင်းသည် မည်သည့်နည်းနှင့် ကောင်းနိုင်ဖွယ်မရှိပါ ။ ကျေးဇူးရှင် ဓမ္မဒူတ
ဆရာတော်ကြီးက ဖျင်းလျှင် နာမည်လည်းပျက် ၊ ဘ၀လည်းပျက်နိုင်ကြောင်း
အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါသည် ။

“လူမှာ နာမည်ပျက်၊ဘ၀ပျက်ဆိုပြီး အပျက်နှစ်မျိုး ရှိတယ်။ အလုပ်မလုပ်တတ်သူက
လူဖျင်း ၊ ကြိုးစားလို့ ရသေးတယ် ၊ အလုပ်မလုပ်တဲ့လူကျတော့ လူပျင်း ၊ ဖျင်းတာက
နာမည်ပျက်ရုံ ၊ ပျင်းတာကျတော့ နာမည်လည်းပျက် ၊ ဘ၀လည်းပျက်ရော။ ဘုန်းကြီး
တို့တော့ အလုပ်လုပ်နေရမှ ကျေနပ်တယ်။ ဘယ်တော့မှ လူပျင်း အဖြစ်မခံနိုင်ဘူး ”

လူသည် အသက်ရှင်နေထိုင်ရစဉ်အခိုက် ပြုဖွယ်ကိစ္စ၊ လုပ်ငန်းဆောင်တာများကို လုံ့လ၀ီရိယ
ရှိရှိဖြင့် တက်တက်ကြွကြွ ဆောင်ရွက်သင့်ပါသည် ။ လုံ့လ၀ီရိယဖြင့် တည်ဆောက်မှလည်း
အဓိပ္ပါယ်ရှိရှိဖြင့် ဘ၀ရှင်သန် ဖြစ်တည်နေပါလိမ့်မည် ။ နေ့စဉ်ပင် မပျင်းမရိပဲ လုံ့လ၀ီရိယ
မှန်မှန်ဖြင့် အလုပ်လုပ်သင့်ကြောင်း ကျေးဇူးရှင် အရှင်ဇနကာဘိဝံသဆရာတော်ကြီးက
ဤသို့ ဆုံးမတော်မူခဲ့ပါသည် ။

“လုံ့လ၀ီရိယကင်း၍ အပျင်းစား အပေါစား လုပ်နေသော် ဤခန္ဓာကိုယ်ကြီး ပို၍မကျမ်းမာ၊
ပို၍ အသက်မရှည်တော့ပြီ။ စင်စစ်သော်ကား ပျင်းနေသည့်အတွက် ခန္ဓာကိုယ်မှ အခိုးအငွေ့
တွေ အပြင်သို့ မထွက်ရသောကြောင့် အေးစက်စက်ဖြစ်ကာ ပို၍မကျမ်းမာဖြစ်သေး၏။

ထိုမကျမ်းမာကြောင့် အပျင်းထူသူမှာ အသက်တိုဖွယ်သာများ၏။ ပျင်း၍ အလုပ်မလုပ်သော
သူသည် သာ၍ ပျင်းစရာ ဖြစ်နေပါလိမ့်မည် ။

လုံ့လ၀ီရိယမှန်မှန်ဖြင့် အလုပ်လုပ်နေသူကို လူတွေကလည်း ကြည်ညို၊ နတ်တွေကလည်း
စောင့်ရှောက်လို၏။ ရှေးကံတွေကလည်း အကျိုးပေးခွင့်သာ၍ လှလှပပ အကျိုးပေးကြသည်။
ထို့ကြောင့် လုံ့လ ရှိသူအဖို့မှာ လောကကြီး၌ ပျော်စရာကိုသာ တွေ့ရပါလိမ့်မည်။
တစ်နေ့အဖို့ ကုသိုလ်၊ ဥစ္စာ ၊ ကျန်းမာရေး၊ အတတ်ပညာ ၊ တန်ခိုးဂုဏ်သိန် ဤငါးမျိုးတွင်
တစ်မျိုးမျိုးမှ အကျိုးမရပဲ ကုန်သွားသောနေ့သည် ၀မ်းနည်းစရာ ၀မ်းနည်းစရာ
လွန်စွာသုံးမကျ မသေမီက အသေဖြစ်ရသော နေ့ပေတည်း ။

ကျေးဇူးတော်ရှင် မြတ်စွာဘုရားက ကြီးပွားချမ်းသာလိုသူတိုင်း လိုက်နာဆောင်ရွက်ရမည့်
သမ္ပဒါတရားလေးပါးကို ဟောဖော်ညွှန်ပြတော်မူခဲ့ရာတွင် ပထမဦးဆုံးအချက်မှာ
ဥဋ္ဌာန သမ္ပဒါ (ထကြွလုံ့လ ၀ီရိယနှင့်ပြည့်စုံခြင်း) ဖြစ်ပါသည်။ ထကြွလုံ့လ ၀ီရိယ
ကင်းမဲ့နေလျှင် မည်သည့်နည်းနှင့်မျှ ကြီးပွားချမ်းသာခြင်း မဖြစ်နိုင်ပါ။ အပျင်းရောဂါသည်
တစ်ဦး၏ ဘ၀သည် ပရုတ်လုံးကဲ့သို့ကြာလေ လုံးပါးပါးလေသာ ဖြစ်ပါလိမ့်မည် ။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက အပျင်းစိတ်ကိုနိုင်အောင် တိုက်ထုတ်
ရမည်ဖြစ်ကြောင်း ဤသို့ မိန့်တော်မူခဲ့ပါ၏ ။

“ဘုန်းကြီးတို့ တကာ ၊ တကာမတွေအတွက် လိုအပ်တာ တစ်ချက်စီရှိတယ်။ အဲဒီ
တစ်ချက်က ကိုယ်တိုင်ပျင်းတာ၊ဖျင်းတာကို ပြင်ကြရလိမ့်မယ်ဆိုတဲ့အချက်ပဲ၊
ရိပ်မိကြပလား။ ဒီအထဲ ဖျင်းနေတာကိုတော့ ဆရာဘုန်းကြီးက ကူနိုင်တယ်။
ပျင်းနေတာကိုတော့ မတတ်နိုင်ဘူး ။ ဒကာတို့က ပျင်းပြီး မလုပ်ပဲနေရင်တော့
မတတ်နိုင်ဘူး။ အဲဒီအပျင်းကိုတော့ ကိုယ်တိုင်အားထုတ်ပြီးပြင်ကြ”



ငယ်စဉ်ကာလအရွယ်ရှိခိုက် လုံ့လ၀ီရိယဇွဲဖြင့် ပညာတတ်အောင် အားမထုတ်
ဥစ္စာပစ္စည်းကိုလည်း ကြိုးစားမရှာဖွေ၊ သူတော်ကောင်းအကျင့်ကိုလည်းမကျင့်သော
လူညံ့လူပျင်းတို့သည် အရွယ်လွန်၍ အိုမင်းမစွမ်းဖြစ်သောအခါ ဆင်းရဲဒုက္ခမျိုးစုံကို
တွန်းလှန်နိုင်စွမ်းမရှိတော့ ။ ခါးစည်း၍ ခံကြရရှာတော့သည်။ ဘ၀တစ်သက်တာပတ်လုံး
ဆယ်စုနှစ် လေးငါးခုကြာမျှ သက်သာသလို အချောင်နေခဲ့မှု၏ ဆိုးကျိုးကို ဓာတ်ခွဲစမ်းသပ်ခန်းက
ဖားကလေးပမာ လည်စင်း၍ ခံကြရရှာတော့သည်။ မြတ်စွာဘုရားက မိမိကိုယ်ကိုသာ
အားကိုးပါဟု ဟောတော်မူခဲ့ပါ၏။ မိမိကိုယ်ကိုသည်သာ မိမိ၏ မှီခိုအားထားရာဖြစ်အောင်
မိမိကိုယ်တိုင်က ဥာဏ်၊ ၀ီရိယတို့ဖြင့် ထုဆစ်ပုံဖော်ရပေလိမ့်မည်။ မိမိ၏ အိုမင်းမစွမ်းကာလအတွက်
မိမိကိုယ်တိုင် ကြိုတင်ပြင်ဆင်သင့်သည်တို့ကို အမြော်အမြင်ရှိရှိ ၊ လုံ့လ ၀ီရိယရှိရှိဖြင့်
ကြိုတင် ပြင်ဆင်ရပေလိမ့်မည်။ မိမိကိုယ်ကို မိမိ စနစ်တကျ မောင်းနှင်စေခိုင်း
ခဲ့ရပေလိမ့်မည်။

မိမိ၏ အိုမင်းမစွမ်းကာလအတွက် သား၊သမီး၊ ဆွေမျိုး မိတ်သင်္ဂဟတို့ကို အမှီသဟဲ
အားကိုးအားထားပြုရန် မျှော်လင့်မထားသင့်ပါ။ သူတစ်ပါးအပေါ် မျှော်လင့်အားထားမှုမှန်သမျှ
ဖြစ်နိုင်ချေ နည်းပါးတတ်ပါသည်။

ဓမ္မပဒ ဒေသနာတော်လာ ဘုရားရှင်၏ အဆုံးအမတော်ကို နှလုံးအိမ်တွင် အစဉ်အမြဲ
စွဲထင်နှလုံးသွင်းလျှက် မိမိ၏ အိုမင်းမစွမ်း ဇရာအရွယ်တွင် မည်သူတစ်စုံတစ်ဦး၏
အကူအညီ အထောက်အပံ့မျှ မလိုအပ်ပဲ ဂုဏ်သိက္ခာရှိရှိ အေးချမ်းတည်ငြိမ်စွာ ရပ်တည်
နိုင်စိမ့်သောငှာ အရွယ်ရှိစဉ်ကာလကတည်းက လုံ့လ ၀ီရိယဇွဲတို့ဖြင့် ကြိုတင်ပြင်ဆင်
အားထုတ် ကြိုးပမ်းအပ်ပါသည် ။

ဆရာ မင်းနန်(မော်ကျွန်း) ရေးသားသည်။
၂၀၁၂ခုနှစ်၊ သြဂုတ်လ ၂၁-၂၇၊ Flower News ဂျာနယ်မှ

ကျွန်တော့်ရင်ထဲက ဆန္ဒတစ်စုံတစ်ရာကို ဆရာက လှပစွာ ဖော်ထုတ်ပြလို့
ဆရာ့ရဲ့ စာမူအတိုင်း ကူးယူ ဖော်ပြပါသည်။ “ ခွန်ညီဇော်ထွေး”

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...