စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တရားပူဇော်နည်း။



တရားပူဇော်နည်း။ ။ “ဘုရားရှင်နှင့်သံဃာတော်သည် ပုံသဏ္ဌာန် အထင်အရှား ရှိတော်မူသောကြောင့် ပူဇော်၍ဖြစ်၏။ တရားတော်ကား ပုံသဏ္ဌာန် မထင်ရှားသောကြောင့် မည်ကဲ့သို့ ပူဇော်ရအံ့နည်း” ဟု အကြံဖြစ်၍ ပုဏ္ဏားတစ်ယောက်သည် ဘုရားအထံ လျောက်ဖူးလေ၏။ ဘုရားရှင်ကလည်း “ပုဏ္ဏား တရားတော်ကို ပူဇော်လိုလျှင် တရားတော်ကိုများစွာသိ၍ ဗဟုသုတရှိသော ရဟန်းတော်ကို ပူဇော်လေ” ဟု မိန့်တော်မူသဖြင့် သံဃာများအထံ ဗဟုသုတရှိသော ရဟန်းတော်ကို မေးလျှောက်လေရာ အရှင်အာနန္ဒာကို ညွှန်ပြကြသဖြင့် တရားတော်ကို ရည်မှန်း၍ တစ်ထောင်တန်သင်္ကန်းဖြင့် လှူဒါန်းပူဇော်လေသည်။

ထို့ကြောင့် ယခုကာလ ဗုဒ္ဓဘာသာဝင်ဟူသမျှတို့သည် ကိုယ်စီကိုယ်င ရဟန်းတော်များကို ဆည်းကပ်ကိုးကွယ်ရာ၌ ဘုရားရှင်ဟောပြတော်မူအပ်သော စာပေပရိယတ်ကို သင်ယူခြင်း၊ တတ်မြောက်၍ ပို့ချခြင်း၊ ဟောခြင်း၊ ကျမ်းရေးခြင်းတို့ဖြင့် သာသနာ့တာဝန်ကို အမြဲထမ်းဆောင်နေသော ပုဂ္ဂိုလ်များကို ဆည်းကပ်ကိုးကွယ်၍ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတို့ဖြင့် ထောက်ပံ့ပြုစု ဂရုစိုက်နေသူတို့မှာ “ငါတို့သာ မထောက်ပံ့လျှင် ငါတို့အရှင်သည် တတ်သိသော ပညာတွေကို သူတစ်ပါးအား ရေးသားဝေငှပို့ချနိုင်မည်မဟုတ်၊ ငါတို့၏ ကူညီမှုကြောင့်သာ အဆက်ဆက်တိုးပွားအောင် သာသနာ့ဝန်ကို ဆောင်နိုင်ပေသည်၊ ငါတို့အရှင် ရွက်ဆောင်သမျှတာဝန်တွေကို ငါတို့ကလည်း ကူညီထမ်းဆောင်ရာ ရောက်သဖြင့် ငါတို့အရှင်ရသမျှ ပညာပါရမီကို ငါတို့လည်း မုချရတော့မည်” ဟု ဟုတ်မှန်သည့်အတိုင်း ဥာဏ်ကိုချဲ့ထွင်၍ ဆင်ခြင်စဉ်းစားလျက် အားတက်သရော ရှိသင့်ကြပေသည်။

ထို့ကြောင့် သာသာနာကိုပြုစုနိုင်သော အင်အားရှိသော ဒကာဒကာမတို့ကလည်း မိမိတို့ရပ်ရွာမြို့နယ်၌ စာချနိုင်မည့်ပုဂ္ဂိုလ်ကို ရွေးချယ်၍ဖြစ်စေ၊ မြို့ကြီးပြကြီးများမှ ယုံကြည်စိတ်ချရသော စာချပုဂ္ဂိုလ်ပင့်၍ဖြစ်စေ အသီးသီး စာသင်တိုက်တည်လျက် စာသင်သားတွေ မြို့ကြီးပြကြီးတက်၍ မသင်ရဘဲ မိဘဆရာတို့အနီးမှာပင် သင်ကြရသဖြင့် ယခုလိုအပျက်အစီး မများရကား သာသနာတော်ကြီးသည် အတော်သန့်ရှင်းလျက် တိုးတက်လာပေလိမ့်မည်။ ထို့ကြောင့် ယခုပြခဲ့သော တရားပူဇော်နည်းကို သတိထား၍ တရားတော်ကို ပူဇော်တတ်သော သာသနာ့ဒါယကာ သာသနာ့ဒါယိကာမများ ဖြစ်ကြပါစေသား။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...