စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးမြတ်တဲ့ လ၀ါဆို



မြန်မာလ ဆယ့်နှစ်လ ရှိသည့်အနက် ၀ါဆိုလသည် စတုတ္ထမြောက်လဖြစ်သည်။ ရက်ပေါင်း ၃၀ရှိသော ရက်စုံလဖြစ်သည်၊ ၀ါထပ်သောယ္ခုနှစ်တွင်ပထမ၀ါဆို၊ဒုတိယ၀ါဆိုဟုနှစ်မျိုးခေါ်ဆို၍ရသောလမျိုးဖြစ်သည်။ ၀ါဆိုလသည် မြန်မာနိုင်ငံ၏ နွေရာသီနှင့်မုတ်သုံရာသီ ကာလအပိုင်းအခြားတွင်ဖြစ်ပြီး၊ အင်္ဂလိပ်လ ဇွန်၊
ဇူလိုင်လအတွင်းတွင် ကျရောက်လျှက်ရှိသည်။ 


ဝါဆိုလ၏ဆိုလိုရင်းမှာ ၀ါ သည်နေထိုင်ခြင်း ၊ ဆိုသည် ရွတ်ဆိုခြင်းဟု အနက်ဖွင့်ဆိုကြသည်။ မိုးတွင်းသုံးလပတ်လုံး ရဟန်းတော်များသီတင်းသုံးရာကျောင်း၌ နေထိုင်ပါ မည်ဟုအဆိုပြုသောလကို ၀ါဆိုလဟုခေါ်ဆိုသည်။ တစ်နည်းအားဖြင့် ၀ါဆိုလကိုပုဂံခေတ်ဦးတွင် မယ်တာ ဟုရေးသားအသုံးပြု
ခဲ့ကြသည်။မယ်တာဟူသောစကားလုံး၏အဓိပ္ပါယ်မှာ မယ် သည်လယ်ယာ ၊ မိုး ၊ မြေ ကိုကိုယ်စားပြုပြီး ၊
တာ ဆိုသည်မှာတိုင်းတာခြင်းဟု အနက်ဖွင့်ဆိုသည်။ ထို့ကြောင့် လယ်ယာမိုးမြေကိုတိုင်းတာသောလ
ဟုလည်းဆိုနိုင်ပါသည်။မြန်မာစာပေ တို့တွင်ဝါဆိုလကို နွေတာလ ဟုလဲခေါ်ဆိုကြသည်။
ဝါဆိုလပြည့်နေ့သည် နွေကာလ၏ အဆုံးအဖျားကို ရောက်သောကာလဖြစ်၍ နွေတာလဟုခေါ်ဆိုသည်
ဟု မှတ်သားရဘူးပါသည်။ပုဂံခေတ်နှောင်းပိုင်းတွင် မယ်တာ မှ နွေတာလဟု ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။

မင်းကြီး စွာဆော်ကဲလက်ထက် မိဖုရားဖွားစော၏အလှူတော်ကျောက်စာတွင်
 { ဘုရားမြတ်မွန်၊ နှိဗ္ဗာန်လွန်ပြီး၊ သာသနာနှစ်၁၉၄၂ ၊ သက္ကရာဇ်၇၆၀ ၊နွေတာလဆန်း } 
ဟူ၍ရေးသားထားသောကြောင့် နွေတာလဟူသောအသုံးအနှုံးသည် ။ ပုဂံခေတ်မှစတင်သုံးစွဲလာသော 
အသုံးဖြစ်ကြောင်း မှန်းဆနိုင်ပါသည် ။ဤ၀ါဆိုလသည်နွေတာလဟူသော အမည်အပြင် ၊ မလွယ်တာလ၊ မြွတ်တာလ ၊ နွယ်တာလ ၊ နတ်ရှောင်လဟူ၍ ခေါ်ဝေါ်တတ်ကြပါ သေးတယ် ။  
နတ်ရှောင်လဆိုတာကတော့ အသူရာနတ်မင်း  က သူ့သမီး သုဇာတာကို သိကြားမင်းခိုးသွားသဖြင့် သိကြားကို အငြိုးထားပြီး ပုန်းညက်ပန်းတွေပွင့် တိုင်း သိကြားမင်းနဲ့စစ်တိုက်ရာ ရှုံးသဖြင့်ထွက်ပြေးရသောလဖြစ်သောကြောင့် (ဒါမှမဟုတ်) သိကြားမင်းရဲ့ အန္တရာယ်ကို ရှောင်ရှားရာလ ဖြစ်သောကြောင့် နတ်ရှောင်လဟုလဲခေါ်ဆိုကြောင်း ပေါရာဏ ရှေးစကားတို့ကိုမှတ်သားဘူးပါသည် ။ 
{ဂျိုး ဂျိုမ့် ညံမာန်တင်းကာပ၊ အသူရာသိကြားမင်းက စစ်ခင်း ခါပြိုင်ကြသည်၊ ဒီလဒီရာသီ } 
  
ဟူသောသီချင်းစာသားလေးက ဒီနတ်ရှောင်လကို ရည်ရွယ်ရေးသား ထားတာဖြစ်ပါတယ် ။ 
ဝါဆို လ၏ ယေဘုယနေထွက် ချိန်မှာ နံနက် ၄ နာရီ ၄၈ မိနစ်ဖြစ်ပြီး၊ နေ၀င်ချိန်မှာ ညနေ ၇ နာရီ ၁၂ မိနစ်ဖြစ်သည်။၁၂လရာသီအနက်ဝါဆိုလသည် နေ့ တာအရှည်ဆုံးလဖြစ်သည်။ဝါဆိုလကိုကိုယ်စားပြုသော
ရာသီမှာ မြန်မာအခေါ် ကရကဋ် ၊ ပါဠိ အခေါ်အားဖြင့် ကက္ကဋ ဖြစ်သည်။ မြန်မာအခေါ်ဝါဆိုလကို ဥရောပတိုက်တွင်ရာသီအားဖြင့် ကင်ဆာ (Cancer) ဟုခေါ်သည်။ ကိုယ်စားပြုသောရုပ်ပုံမှာ ပုဇွန်လုံး သို့မဟုတ် ကဏာန်းကောင် ဖြစ်သည်။ ရုပ်ပုံအားဖြင့်ပုဇွန်လုံးနှင့် ရာသီအားဖြင့် Cancer ဟူသောအမည်သည် ဆက်စပ်နေသည်။ ပုဇွန်လုံးသည်ခြေထောက်များစွာဖြင့် နေရာမျိုးစုံသွားသကဲ့သို့ Cancerခေါ်သည့်ရောဂါသည်လည်းဖြစ်သည့်နေရာတွင်မကအခြားနေရာများသို့ကူးစက် စေသည့်အဓိပ္ပါယ်ကို
ဖေါ်ညွှန်းခြင်းဖြစ်ပါသည်။ 
ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)
ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ရခြင်းမှာ သုံးလောကထွဋ်ထား ဗုဒ္ဓမြတ်စွာဘုရား၏ ဘ၀ဖြစ်တော်စဉ်၌ ထူးခြားမွန်မြတ်ပြီး မင်္ဂလာအထပ်ထပ်နှင့် ပြည့်စုံသော နေ့တစ်နေ့ဖြစ်သောကြောင့် ဖြစ်ပါသည်။


မဟာသက္ကရာဇ် ၆၇ ခုနှစ် ၀ါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ယံအချိန်တွင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားခေါင် သီရိမဟာမာယာဒေ၀ီသည် ၎င်း၏ ၀မ်းကြာတိုက်အတွင်း ဆင်ဖြူတော်မြတ်သည် လက်ရာရစ်လှည့်ပြီး လက်ယာနံပါးမှ ၀င်ရောက်သည်ဟု အိပ်မက်မြင်မက်တော် မူပါသည်။ ဤသည်ကား အလောင်းတော် သိဒ္ဓတ္ထ ပဋိသန္ဓေ ယူတော်မူခြင်း ဖြစ်ပါသည်။


မဟာသက္ကရာဇ် ၉၆ ခုနှစ် ၀ါဆိုလပြည့်နေ့တွင် အလောင်းတော်သည် မြင်းလေးစီးကသော ရထားဖြင့် ဥယျာဉ်တော်သို့ ထွက်တော်မူခဲ့ရာ သူအိုတစ်ဦးကို မြင်တွေ့ခဲ့ရ၏။ တစ်နေ့တွင် မိမိလည်း ထိုသို့အိုရမည်ဟု ဆင်ခြင်တော်မူသည်။ နောက်အကြိမ်များ၌လည်း သူနာ၊ သူသေတို့ကို မြင်တွေ့မိပြန်သောအခါ မိမိလည်း ထိုသို့ နာရ၊ သေရဦးမည်ဟု စဉ်းစားဆင်ခြင်မိလေသည်။ နောက်ဆုံးတစ်ကြိမ်၌ကား ရဟန်းတစ်ပါးကို မြင်တွေ့တော်မူရာမှ ရဟန်း၏ အကျင့်သီလသည် သတ္တ၀ါတို့အကျိုးကို ဖြစ်ထွန်းစေပုံနှင့် ဘ၀မှ လွတ်မြောက်နိုင်ပုံတို့ကို ဆင်ခြင်မိသဖြင့် မိမိလည်း ရဟန်းပြုမည်ဟု ဓိဋ္ဌာန်တော်မူပါသည်။


မဟာသက္ကရာဇ် ၉၇ ခုနှစ်၊ ၀ါဆိုလပြည့် တနင်္လာနေ့ ညဥ့်သန်းခေါင်ယံအချိန်တွင် ဆန္ဒအမတ်ကိုခေါ်၍ ကဏ္ဍကမြင်းတော်ဖြင့် တောထွက်တော်မူခဲ့ပါသည်။ အနော်မာမြစ်ကမ်းသို့ ရောက်သောအခါ တစ်ကိုယ်တည်း ကျင့်ကြံအားထုတ်ရန် ရည်သန်၍ အ၀တ်တန်ဆာများနှင့် ကဏ္ဍကမြင်းကို ဆန္ဒအမတ်အား လွှဲအပ်ကာ နေပြည်တော်သို့ ပြန်လွှတ်တော်မူပါသည်။
 
မဟာသက္ကရာဇ် ၁၀၉ ခုနှစ် ၀ါဆိုလပြည့်နေ့ ညချမ်းအချိန်အခါတွင် သာဝတ္ထိပြည်၊ ကဏ္ဍမည်သော သရက်ဖြူပင်အနီး၌ ရတနာစင်္ကြံကို ဖန်ဆင်း၍ နှစ်ဆယ့်လေးယူဇနာရှိသော လူပရိသတ်နှင့်တကွ နတ်ဗြဟ္မာတို့အား ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူခဲ့ပါသည်။


ဝါဆိုလတွင်ကျင်းပသောပွဲတော်မှာ ပဉ္စင်းတော်ခံပွဲဖြစ်သည်။ ပဉ္စင်းတော်ခံပွဲကျင်းပရခြင်းနှင့် ၀ါဆိုလဟုခေါ်ဆိုရခြင်းမှာစပ်ဆပ်နေပါသည်။ ၀ါဆိုလသည်မိုးရာသီဖြစ်၍ သစ်ပင်မြက်ခင်းတို့ စိမ်းလန်းစိုပြည်စွာပေါက်ရောက်သည်။ ဘုရားရှင်လက်ထက်ကရဟန်းသံဃာတော်များ ၀ါဆိုလတွင်ဒေသစာရီကြွချီကြရာ၌ လူတို့စိုက်ပျိုးထားသော သစ်ပင်ပန်းမန်တို့ပျက်စီးခြင်းသို့ရောက်ရ၏။ လူတို့ကလည်း မိုးတွင်း၌ရဟန်းသံဃာတို့ခရီးသွားကြရာတွင် စိမ်းဆိုသောမြက်ခင်းတို့ကိုနင်း၍ ပိုးမွှားသတ္တ၀ါတို့ကို သေကျေခြင်း သို့ရောက်ရှိစေသည်ဟု ပြစ်တင်ဝေဖန်ကြသည်။ ထိုကြောင့် မြတ်စွာဘုရား ကြားသိတော်မူသည်တွင် ရဟန်းတို့အား စည်းဝေးစေပြီး  "ရဟန်းတို့ ၀ါတွင်း
သုံးလပတ်လုံး ၀ါဆိုခြင်းကို ငါဘုရား ပညတ်တော်မူ၏" ဟု မိန့်တော်မူသည်။


ထိုမှစ၍ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် သံဃာတော်များသည် မိမိတို့သီတင်းသုံးမည့်ကျောင်း၌ မြတ်စွာဘုရား၏ ရှေ့တော်မှောက်ဝယ် "ဣမသ္မိံ ၀ိဟာရေ ဣမံတေမာသိဝဿံ ဥပေမိ" ဤကျောင်းတွင် မိုးသုံးလပတ်လုံး ဆည်းကပ်ပါမည်ဟု ရွတ်ဆိုဝါကပ်ကြရသည်။ ရဟန်းတော်တို့သည် မိမိတို့ သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်အတွင်းမှ အရပ်တစ်ပါးသို့ ညဥ့်အိပ်ညဥ့်နေ ခရီးထွက်ခွာခြင်း မပြုရဘဲ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ၀ါဆိုဝါကပ်တော် မူကြရလေသည်။


ထိုကဲ့သို့ သံဃာတော်အရှင်သူမြတ်များ ၀ါတွင်းသုံးလပတ်လုံး ၀ါဆိုဝါကပ် ကျင့်သုံးဆောက်တည်တော်မူကြသည့် အချိန်ကာလ၌ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ကလည်း ဥပုသ်သီတင်းနေ့တိုင်း ဥပုသ်ဆောက်တည်ခြင်း၊ တရားနာခြင်း၊ တရားဆွေးနွေးခြင်းများ ပြုလုပ်ကြ၏။ ၀ါတွင်းကာလအတွင်း ထိမ်းမြားလက်ထပ်မင်္ဂလာ ပြုခြင်းများကိုလည်း ရှောင်ကြဉ်ကြရလေသည်။
 
မြန်မာနိုင်ငံသည် တောတောင်အင်းအိုင်ပေါများသည့်နိုင်ငံဖြစ်သည့်အလျောက် သစ် သီးပန်းမန်တို့သည်လည်း ၁၂ ရာသီမပြတ်ဖူးပွင့်ဝေဆာနေကြပေသည်။ ၀ါဆိုလတွင် ပွင့်သောပန်းမှာ ပုန်းညက်ပန်းဖြစ်သည်။ မြတ်လေးပန်းသည်လည်း ၀ါဆိုလတွင်ပွင့်သောပန်းဟု ရှေးစာဆိုများစပ်ဆိုခဲ့သည့် ကဗျာလင်္ကာများအရမှတ်သားနိုင်ပါသည်။ 
မဟာအတု လမင်းကြီးက သူ့ရဲ့၁၂လရာသီလွမ်းချင်းမှာ ဒီလိုလေးစပ်ဆိုပါတယ်

{ရေလျှံတဲ့လ၀ါဆိုမှာ ၊ပုန်းညက် ညို ၊သင်းလှတယ်လေး } တဲ့ ။။။။
လူဦးမင်းနဲ့ဖိုးသူတော်ဦးမင်းရဲ့၁၂လရာသီဖွဲ့မှာတော့
 {ပန်းများလှစ် ကြူ ၊မဉ္စူရွှေခတ် ၊ပုန်းညက်ကြိုင်သင်း } လို့ရေးဖွဲ့ခဲ့ပါတယ် ။။။။
ကင်းဝန်မင်းကြီးရဲ့၁၂ရာသီပန်းဘွဲ့မှာ တော့ 
{ပုန်းညက်အနန်း ၊နှင်းဆီးပန်းနှင့် ၊စခန်းကြိုင်သင်း ၊ရဂုံတွင်းမှာ} လို့စပ်ဆိုပြီး ။။။။
အမည်မသိ ရှေးပညာရှိတဦးကတော့
{နက္ခတ်မိုးယံ၊ဗြုဗ္ဗာသာဠ်တို့ ၊လတံနီလျှက် ၊ရောင်ခြည်ယှက်က ၊ပုန်း ညက်ထိန်ထိန် ၊ ပွင့်ချင်းလိမ်ခဲ့ } 
လို့ရေးသားစပ်ဆိုပြီး ၀ါဆိုလမှာ ပုန်းညက်ပန်းပွင့်ကြောင်းရေးသား ထားခဲ့ကြပါတယ် ။ ပုန်းညက်ပင်သည် အမြင့်ပေ ၈၀ ကျော်၊ လုံးပတ် ၁၀ ပေကျော်သည်ထိကြီးထွားနိုင်သော အပင်ဖြောင့်သစ်ပင်မျိုးဖြစ်သည်။ ပုန်းညက်ပန်းမှာ အဖြူရောင်ဖြစ်ပြီးနူးညံ့ ညက်ညောသည်။ ၀တ်ဆံမှာအ၀ါရောင် ဖြစ်ပြီး အခိုင်လိုက်ပွင့်ကာမွှေးကြိုင်သောရနံ့ရှိသည်။
မိုးသားတိမ်ကညို  လွမ်းစိတ်တွေ ပိုသထက်ပို ချစ်သော လ၀ါဆို။
 
မှာမြန်မာလူမျိုး ဗုဒ္ဓဘာသာတို့ သည် ၀ါဆိုလပြည့်နေ့တွင် သံဃာတော်များအား ၀ါဆိုသင်္ကန်း၊ ဖယောင်းတိုင်၊ ပန်း စသည့်လှူဖွယ်ပစ္စည်းများကို ကပ်လှူပူဇော်ကြသည်။ မြန်မာတို့၏အယူအဆအရ ယခုဘ၀တွင် ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ခဲ့ပါက နောင်ဖြစ်လေရာဘ၀ဆက်တိုင်းတွင် အ၀တ်အစားနှင့်ပတ်သက်၍ ပူပင်စရာမရှိဟုယူဆကြသည်။
 
{၀ါဆိုမည်ဆန်း၊ မြတ်သင်္ကန်း၊ လှူဒါန်းကြလေလျှင် ၊သောတာပန်နှယ် 
                                                                        ၊ဂုဏ်ရည်ကြွယ် ၊   အပယ်လွတ်ကင်စင်}  
ဆို တဲ့ကဗျာလေးအတိုင်း ၀ါဆိုသင်္ကန်းကပ်လှူပူဇော်၍ အပယ်လေးပါး လွတ်ကင်းကြပါစေကြောင်း ဆုမွန်းကောင်းတောင်းအပ်ပါတယ်ခင်ဗျာ ။
                                                                                                      ညချစ်သူ
ကိုးကား
 
 

"ချွေးပေါက်ကျဉ်းစေမယ့် နည်းလမ်းကောင်းများ"


သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့ နည်းလေးတွေ ရှိပါတယ်။

ချွေးပေါက်လေးတွေ ပြန်ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ်စေတဲ့အကြောင်းတွေကိုလည်း သတိထားရပါမယ်။ ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေကို ပြောပြပေးမယ်နော်။

အသားအရေထိန်းသိမ်းမယ်

- အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ၀က်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။
- တစ်ရက်ကို ၂ ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Facial Cleanser နဲ့ မျက်နှာသစ်ပေးပါ။
- ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။
- မျက်နှာသစ်ပြီးတိုင်း Toner သုံးပေးရမယ်နော်။
- ဗီတာမင်စီပါတဲ့ ခရမ်တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။
- ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Scrud နဲ့ မျက်နှာချေးချွတ်ပါ။
- တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။
- Alpha Hydroxy Acid (AHA) 10% ပါတဲ့ လိမ်းဆေးတွေကို သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

နေရောင်ခြည်ဒဏ်က ကာကွယ်မယ်

- နေရောင်ခြည်က အသားအရေရဲ့ တကယ့်ရန်သူပဲနော်။
- ချွေးပေါက်တွေကျယ်စေတဲ့ အဓိကအချက်လည်း ဖြစ်နေတော့ ဒီဆိုးကျိုးအရမ်းပေးတဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်မယ်။
- နေရောင်ကာကွယ်ဆေးတွေ လိမ်းမယ်။
- နေကာမျက်မှန်၊ ထီး၊ ဦးထုပ်ပါမှ အပြင်ထွက်ကြမယ်လေ။

မိတ်ကပ်ကို အားမကိုးပါနဲ့
- ချွေးပေါက်တွေကို ဖုံးအောင်ဆိုပြီး မိတ်ကပ်တွေကို အထူကြီးလိမ်းမလို့လား။ မလုပ်လိုက်နဲ့နော်။
- သင့်အရေပြားလေး ကောင်းကောင်းအသက်ရှုပါစေလား။
- မိတ်ကပ်ကို အထူကြီးလိမ်းလေလေ ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အသားအရေကို ပိုထိခိုက်လေလေပဲလေ။
- မျက်နှာပြောင်ဖြစ်နေမှာဆိုးရင်တော့ ပေါင်ဒါမှုန့်တွေ၊ ပေါင်ဒါခဲ (Powder Cake) တွေ လိမ်းရင်ကို OK တယ်နော်။
- Oil Control အမျိုးအစားကိုပဲ ရွေးချယ်ဖို့တော့ မမေ့ပါနဲ့။
- မိတ်ကပ်လိမ်းတာ နဲလေ ကောင်းလေပါနော်။
- မိတ်ကပ်လိမ်းရင် အသုံးပြုတဲ့ ရေမြုပ်၊ ဘရှပ် စတာတွေကိုလည်း အမြဲသန့်ရှင်းအောင်ထားပါ။
- ရေမြုပ်၊ ဘရှပ်တွေပေါ်မှာရှိနေတဲ့ အဆီတွေ ဘက်တီးရီးယားတွေဟာ သင့်ချွေးပေါက်တွေထဲကို ၀င်ပြီး ကောင်းကောင်းဒုက္ခပေးနိုင်တယ်လေ။
- အဲဒီတော့ ရေမြုပ်၊ ဘရှပ်တွေကို အမြဲသန့်ရှင်းနေအောင် ဂရုစိုက်ရမယ်နော်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံပြောင်းမယ်
- ရေကို များများသောက်ပါ။ ဒါမှ ခန္ဓာကိုယ်ထဲက အညစ်အကြေး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာလေ။
- အသီးအရွက်၊ အဆီနည်းတဲ့အသား၊ ငါး များများစားပါ။
- ရယ်ဒီမိတ်စားစရာတွေ၊ အချိုတွေ၊ အဆီအဆိမ့်တွေ၊ ကော်ဖီတွေက အရေပြားက အဆီထုတ်လုပ်မှုကို များစေလို့ ချွေးပေါက်ထဲမှာ အဆီတွေကြောင့် ချွေးပေါက်ပိုကျယ်လာစေသလို ချွေးပေါက်ပိတ်ပြီး ၀က်ခြံတွေပါ ဖြစ်စေနိုင်လို့ ဝေးဝေးက ရှောင်ရမယ်နော်။

"ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ''

ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။
- အရင်ဆုံး မျက်နှာသစ်ပါ။
- ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။
- ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။
- ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။
- ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။
- တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။

ချွေးပေါက်လေးတွေကျဉ်းစေတဲ့ အကုန်အကျလည်းမများ လွယ်ကူအစွမ်းထက်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်နည်းတွေကိုလည်း လေ့လာကြည့်ရအောင်..။

သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး
- ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။

- ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။
- ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။
- မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။

ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး

- သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။
- ပြီးတော့ မျက်လုံးတ၀ှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။
- ၃၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။

ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး

- ဒါကတော့ အလွယ်ဆုံးနည်းလေးပါပဲ။
- ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။
- ၁၀ မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။
- အရမ်းလွယ်တယ်နော်.. ဒါပေမယ့် အရမ်းလည်း အစွမ်းထက်ပါတယ်။
- ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ချောမွေ့စေတယ်လေ။
- ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။
- ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။

ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေ
- ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေဆိုတော့
စိတ်ဝင်စားသွားပြီ ဟုတ် ??
- ချွေးပေါက်တွေ ချက်ချင်းကျဉ်းစေဖို့အတွက် အအေးဓာတ်ကို သုံးရမှာပါ။
- နို့ထဲမှာပါတဲ့ လက်တစ်အက်စစ်လို့ခေါ်တဲ့ Alpha Hydroxy Acid ဟာ အသားအရေကို နူးညံ့ချောမွေ့စေသလို ဆဲလ်အသစ်ပွားတာကိုလည်း အားပေးတယ်လေ။
- အဲဒီတော့ အအေးဓာတ်နဲ့ နို့ရဲ့ အစွမ်းတွေကို အသုံးချပြီး ချွေးပေါက်တွေကျဉ်းအောင် လုပ်ကြစို့နော်။
- အ၀တ်သန့်သန့်တစ်ခုကို အအေးခံထားတဲ့နို့ထဲ နှစ်လိုက်ပါ။
- အ၀တ်မှာ ပိုနေတဲ့နို့တွေကို ညှစ်လိုက်ပြီး အ၀တ်ကိုမျက်နှာပေါ် ကပ်ထားပါ။
- ၅-၁၀ မိနစ်ကြာတဲ့အခါ အ၀တ်ကိုဖယ်ပြီး ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။
- ဒီနည်းလေးဟာ ချွေးပေါက်တွေကို ယာယီကျဉ်းသွားစေပြီး အသားအရေကို ချောမွေ့သွားစေသလို ချွေးပေါက်တွေထဲကို မိတ်ကပ်တွေ မ၀င်အောင်လည်း ကာကွယ်ပေးပါတယ်။
- အားလုံးအတွက် အသုံးတည့်မှာပါနော်။

အပေါ်မှာ ပြောပြခဲ့တာလေးတွေကို သေချာလိုက်လုပ်ပေးရင် ချွေးပေါက်လေးတွေ တဖြည်းဖြည်းကျဉ်းလာမယ့်အပြင် အသားအရေလည်း တကယ်ကို လှလာမှာနော်။ ချွေးပေါက်တွေကျဉ်းပြီး တင်းရင်းချောမွေ့လှပတဲ့ မျက်နှာလေးကို မြန်မြန်ပိုင်ဆိုင်နိုင်ပါစေ

စိတ်ဖိစီးမှု ကို အမြန်ဆုံး လျှော့ချနိုင်သော နည်းလမ်း ခြောက်သွယ်



        စိတ် ဖိစီးမှုကို အနည်းနဲ့ အများတော့ လူတိုင်း လိုလို ကြုံတွေ့ နေရပါတယ်။ စိတ် ဖိစီးမှု မဖြစ်အောင် နေထိုင် တာ အ ကောင်း ဆုံးဆို ပေမယ့်လည်းဖြစ်လာပါ က အမြန်ဆုံးပြေပျောက်သွားအောင် လုပ် ဆောင်နိုင်တဲ့ နည်းလမ်းတွေကို ရေး သားလိုက်ပါတယ်။

၁။ ဇက်ကြောလျှော့ပေးပါ
       စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အခါ ပထမ ဆုံး စသိနိုင်တာက သင့်လည်ပင်းပါ။ အ များစုက ဇက်ကြောတက်တယ်လို့လည်း ပြောတတ်ကြပါတယ်။ စိတ်ဖိစီးမှုကြောင့် သင့်လည်ပင်းတောင့်တင်းလာပါက သင့် ညာဘက်လက်နဲ့ ဦးခေါင်းကိုကျော်ကာ ဘယ်ဘက်နားရွက်အနောက်နားကို ထိ ထားပြီး ဦးခေါင်းကို ညာဘက်ပခုံးဆီ ဖြည်းဖြည်းချင်း ဆွဲပါ။ အဲဒီပုံစံအတိုင်း တစ်ဖက်ပြောင်းပြီး ပြုလုပ်ပေးပါ။ စိတ်ဖိ စီးမှုကြောင့် ဇက်ကြောတောင့်တင်းတာ သက်သာသွားစေပါတယ်။

၂။ တေးဂီတနားဆင်ပါ
            ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့ လာမှုအရ နေ့စဉ် စိတ်ညစ်ညူးစရာတွေ တွေ့ကြုံရတာကြောင့် သွေးပေါင်အနည်း ငယ်တက်တာ ဖြစ်ပေါ်စေတယ်လို့ တွေ့ ရပါတယ်။ လေ့လာသူတွေက တေးဂီတ နားဆင်တာနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်တာကို ယှဉ်ပြီး လေ့လာကြည့်တဲ့ အခါ တေးဂီတ နားဆင်တာက သွေး ပေါင် ပိုမိုကျဆင်းစေတာကို တွေ့ရပါ တယ်။ သင်က စိတ်ဖိစီးမှုတွေများပြီး စိတ်ညစ်ညူးနေတဲ့အခါ တေးဂီတကို နား ဆင်တာက စိတ်ဖိစီးမှုကို အကောင်းဆုံး လျှော့ချပေးနိုင်တဲ့ နည်းလမ်းပါ။

၃။ အသက်ရှူသွင်း၊ ရှူထုတ်ဖို့ သတိရပါ
           သက်သောင့်သက်သာ ထိုင်ပြီး သင့် မျက်လုံးတွေကို မှိတ်ထားကာ အာရုံစိုက် ပြီး အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်တာ က စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ အ ကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခု ပါ။ ရှူသွင်းလိုက်တဲ့ လေတွေက ခန္ဓာ ကိုယ်အနှံ့ကို ဝင်ရောက်သွားပြီး ရှူထုတ် လိုက်တဲ့အခါ ခန္ဓာကိုယ်မှ မလိုအပ်တာ တွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။

၎။ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပါ
         တစ်နေ့ကို မိနစ် ၄၀ ကြာအောင် လေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ လေ့ကျင့်ခန်း လုပ်ဖို့ အဆင်မပြေပါက ရေချိုးလိုက် တာ၊ နေ့လယ်စာ စားတာတွေ ပြုလုပ် လိုက်တာကလည်း စိတ်ဖိစီးမှုကို ပြေ လျော့စေပါတယ်။ ရုံးကနေ အိမ်ပြန် ရောက်တဲ့အခါ အိမ်အနီးအနားပတ်ဝန်း ကျင်ကို လမ်းပတ်လျှောက်တာမျိုးတွေ လည်း လုပ်ပေးနိုင်ပါတယ်။ ဒါတွေအား လုံးက စိတ်ဖိစီးမှုတွေ လျော့ကျစေပြီး စိတ်ခံစားမှုကောင်းစေပါတယ်။

၅။ နေ့ခင်း တစ်ရေးအိပ်ပါ
             ဖြစ်နိုင်မယ်ဆိုရင် နေ့ခင်းတစ်ရေး အိပ်တာက သင်ရဲ့ စိတ်ဖိစီးမှုတွေကို မောင်းထုတ်နိုင်ပါတယ်။ လေ့လာမှုတွေ အရ နေ့ခင်းဘက်မှာ နာရီဝက်လောက် တစ်ရေးအိပ်စက်တာက နှလုံးတိုက်ခိုက် ခံရနိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့နည်းစေ တယ်လို့ ဆိုပါတယ်။

၆။ ရေခဲကပ်ပေးပါ
             ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ရှိတာက ဦးနှောက်မှာ ဆီရိုတိုနင်ဟော် မုန်းထုတ်လုပ်မှုကို များစေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။ သင့်အလုပ်မှာစိတ် ဖိစီးမှုများတဲ့အခါ ရေခဲကို တဘက်လေး နဲ့ ထုပ်ပြီး ဇက်ပေါ်မှာ ၁၅ မိနစ်ကြာတင် ထားပေးပါ။ စိတ်တည်ငြိမ်မှုရစေပြီး ဖိစီး မှုတွေ ပြေပျောက်သွားစေပါတယ်။
ဇာခြည်ဝင်း (ဆေးတက္ကသိုလ်)
By Good Health
Source: http://yoolay.com/health/therapy/25709-2012-05-03-08-54-18
Related Posts Plugin for WordPress, Blogger...