စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၂၀၁၄ တွင် မြန်မာက ကမ္ဘာ့အလှူအတန်း အရက်ရောဆုံး နိုင်ငံဖြစ်



  မြန်မာ ဟာ ၂၀၁၄ ခုနှစ်မှာ အလှူအတန်း အရက်ရောဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း  ဖော်ပြခဲ့ဖူးပါတယ်။ ယခု Mashable.com တို့လို ကမ္ဘာကျော် ဝဘ်ဆိုဒ် တစ်ခုအနေနဲ့လည်း ဖော်ပြတာ တွေ့ရပြန်ပါတယ်။ ယင်းဟာ Charities Aid Foundation ရဲ့ World Giving Index 2014 ထုတ်ပြန်ချက်အရ ရရှိတဲ့ ရလဒ် ဖြစ်ပါတယ်။

  မြန်မာနဲ့ အမေရိကန်ဟာ ထိပ်တန်း နေရာကို အတူတူ ယူထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အမှတ်စဉ်ရေတွက်ဖော်ပြမှုမှာတော့ မြန်မာကိုထိပ်ဆုံး တင်ပါတယ်။ အကြောင်းကတော့ မြန်မာ့ လူဦးရေရဲ့၉၁ ရာခိုင်နှုန်းဟာ ကိုယ်ကျိုးမပါ လုပ်အားပေး အလုပ် ပြုလုပ်ခြင်း၊ ၄၁ ရာခိုင်နှုန်းဟာ မရှိဆင်းရဲ များကို ပေးကမ်း လှူဒါန်းပြီး ၅၁ ရာခိုင်နှုန်းက ၎င်းတို့နဲ့ မသိကျွမ်းတဲ့ သူစိမ်းများကို ကူညီလို့ ဖြစ်ပါတယ်။ အမေရိကန် ဟာဆိုရင် ၆၈၊ ၇၉၊ ၄၄ အစရှိသဖြင့် ရာခိုင်နှုန်း ကိုယ်စီ ရှိပါတယ်။

  နောက်ဆက်တွဲမှာ ကနေဒါ၊ အိုင်ယာလန်၊ နယူးဇီလန်တို့ ပါဝင်ပြီး ၁၀ နိုင်ငံစာရင်းထဲမှာ အာရှမှာ ဆိုရင် မလေးရှားနဲ့ သီရိလင်္ကာတို့ ပါဝင် နေသေးတာကိုပါ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ မြန်မာကတော့ ၂၀၁၃ ခုနှစ်အပြင် ယခင်နှစ်ပေါင်းများစွာ ကတည်းက ယနေ့တိုင် ပါဝင်နေခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ အချက်ဟာလည်း အဓိက အကြောင်းချက် တစ်ခုအဖြစ် ပါဝင်နေပါတယ်။ အသေးစိတ်ကို http://goo.gl/jNT1H1 ထဲမှာ ဝင်ရောက် လေ့လာကြည့်နိုင် ပါတယ်။

ေ အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

မိသားစုအတွက် အချိန်ဘယ်လောက် ပေးနိုင်ပါသလဲ


ကျွန်မတို့ အဘိုး၊ အဘွားတွေ လက်ထက်က အိမ်ထောင်ဦးစီး တစ်ယောက်ရှာရင် တစ် အိမ်လုံး ထိုင်စားလို့ရတဲ့ ခေတ်ဖြစ်ပါတယ်။  ဒီနေ့မှာတော့ ပြောင်းလဲလာတဲ့ လူမှုစရိုက်နဲ့ ဒီနေ့ခေတ် ကုန်ဈေးနှုန်းကြောင့် တစ်အိမ်လုံး အလုပ်ထွက်လုပ်ရင်တောင် တစ်လစာလောက်ငဖူလုံဖို့ မသေချာတော့ပါဘူး။ အဘိုးတို့ခေတ်က အဘိုးတစ်ယောက်သာ အလုပ်လုပ်ရတဲ့အတွက် အဘွားဟာ သူ့သားသမီးတွေကို ရင်အုပ်မကွာ ထိန်းသိမ်းစောင့်ရှောက်ပြီး ပညာရေး၊ ကျန်းမာရေးကအစ အနီးကပ်မျက်ခြည်မပြတ် ကြည့်ရှုဂရုစိုက်နိုင်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ ကိုယ့်သားသမီးရှေ့ရေးနဲ့ လူတန်းစေ့ရပ်တည်ရေးအတွက် ဖခင်တစ်ဦးတည်းသာမက မိခင်တွေကပါ နိုင်ရာတာဝန်ထမ်းလို့ အလုပ်ထွက်လုပ်ကုန် ကြပါပြီ။

ဟိုတုန်းကလည်း အလုပ်ထွက်လုပ်တဲ့ မိခင်တချို့ရှိပေမယ့် ဒီနေ့ခေတ်မှာတော့ မြန်ဆန်လွန်းတဲ့ ကုန်ဈေးနှုန်းနဲ့ ကိုယ့်ကလေးတွေ လူတန်းစေ့ရေးနောက် အမီလိုက်ဖို့အဖေကလည်း အလုပ်သွား၊ အမေကလည်းရုံးတက် ဖြစ်ကုန်ပါတယ်။ တစ်နေ့အနည်းဆုံး အလုပ်ချိန် ရှစ်နာရီရှိတဲ့ အလုပ်တစ်ခုဆိုရင် တစ်ပတ်မှာ နာရီပေါင်း ၁၆၀ကျော်ရဲ့ သုံးပုံတစ်ပုံ အလုပ်ချိန်ထဲမှာ ကုန်ဆုံးနေရပါတယ်။ ဒီတော့ အလုပ်လုပ်ကြတဲ့ ဖေဖေ၊မေမေတို့အနေနဲ့ အဘိုး၊အဘွားတွေခေတ်ကလောက်သားသမီးကို မျက်ခြည်မပြတ်ဂရုမစိုက်နိုင်တော့ပါဘူး။ သူတို့ရဲ့ စားချိန်၊ အိပ်ချိန်၊ ကစား ချိန်၊ အနားယူချိန်တွေ မိဘတွေနဲ့ လက်ပွန်းတတီး  နွေးနွေးထွေးထွေး နေနိုင်ခွင့် အခြေအနေတွေက လျော့ပါးလာပါတယ်။ တစ်နေ့တစ်နေ့ မိသားစုအတွက် ပေးရမယ့်အချိန်၊ သူတို့ရဲ့အားလပ်ရက်လေးတွေ၊ သူတို့အတွက်ပေးရမယ့် နွေးထွေးမှုတွေကို ဘယ်လိုပေးနိုင်မလဲ၊ ဒါတွေက လုပ်ငန်းခွင်ထဲရောက်နေတဲ့ ဖေဖေ၊ မေမေတွေအတွက်၊ ဒီနေ့ခေတ်အတွက် တကယ့်စိန်ခေါ်မှုကြီးပဲဖြစ်ပါတယ်။

ကိုယ့်ကလေးတွေအပေါ် ရင်းနှီးနွေးထွေးမှု မပြောင်းလဲဘဲ ကလေးနဲ့ကိုယ်နဲ့ကြား အပြန်အ လှန်နားလည်မှုလည်းရှိပြီး ကလေးတွေကိုနွေးထွေးတဲ့ မေတ္တာတွေ အပြည့်ပေးနိုင်ဖို့ မိဘတွေ ဘယ်လိုစီမံနေကြသလဲ။

အသက်(၃၅)နှစ်အရွယ် သတင်းထောက်ချုပ်တစ်ဦးတော့ သူရဲ့နားရက်မှာ အိမ်မှာရှိတဲ့ကလေးကို အချိန်အပြည့်အ၀ပေးနိုင်ဖို့ လုံးဝဖေ့စ်ဘွတ်ခ် မသုံးဘဲနေပါသတဲ့။ သူကအလုပ်ချိန် တစ်နေ့ ၁၀ နာရီခန့် လုပ်ငန်းခွင်မှာ အချိန်ကုန်နေရသူ ဖြစ်ပါတယ်။ သားသမီးနဲ့အလှမ်းကွာသွားပြီး မဆုံးမနိုင်တဲ့အတွက် တချို့ကလေးတွေ မလိမ္မာမှုတွေကိုလည်း တွေ့ရပြီး အဲဒီချိန်ကျမှ ပြုပြင်မယ်ဆိုရင် နောက်ကျပြီး ကိုယ်တိုင်လည်း စိတ်ဆင်းရဲရမယ်လို့ ဆိုပါတယ်။  ဒါကြောင့် နားရက်သီးသန့်ထားပြီး အဲဒီတစ်ရက်မှာ ဖေ့စ်ဘွတ်ခ်လည်း လုံးဝမသုံး တော့ဘဲ ကလေးနဲ့ပဲ အချိန်ပေးနေဖြစ်တယ်လို့ သူက အကြံပြုပါတယ်။

နားရက်တစ်ရက်မှာ အင် တာနက်ဖေ့စ်ဘွတ်ခ် လုံးဝမသုံးဘဲ ကလေးတွေနဲ့အတူ ဆော့ကစားပေးပြီး လမ်းအတူလျှောက်တတ်ကြောင်းနဲ့ ကလေးတွေပူဆာတဲ့ ကစားစရာဆိုလည်းဝယ်ပေးဖြစ်တယ်လို့ ကုမုဒြာဂျာနယ်  သတင်းထောက်မချောစုလှိုင်ကလည်း ပြောပါတယ်။ သူကတော့ သားနှစ်ယောက် မိခင်လည်းဖြစ်ပြီး နားရက်ကို ကလေးတွေအတွက် အပြည့်အ၀အချိန်ပေးပြီး အလုပ်မပြီးသေးရင်တောင်မှ ကလေးတွေ အိပ်ချိန်ကျမှသာ အပင်ပန်းခံ ပြီး လုပ်လိုက်ကြောင်းလည်း ပြောပါတယ်။

အခုခေတ် လူနေမှုပုံစံအရ ဖခင်တွေကလည်း အလုပ်များသလို သမီးတွေကလည်း ကျောင်း၊ ကျူရှင်တွေနဲ့ ရှုပ်ထွေးနေတော့ အပြင်ထွက်လည်ဖို့ ဆိုတာတော့ အမြဲမဖြစ်နိုင်သလို သူကလည်း နေပြည်တော်မှာ အချိန်ပြည့်နေထိုင်ရတဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်တဲ့ အတွက် သမီးတွေ ကို တစ်ပတ်တစ်ခါ ပုံမှန်အချိန် ပေးဖို့ဆိုတာ ခက်ခဲကြောင်း ပြန်ကြားရေး ၀န်ကြီးဦးရဲထွဋ်က ဆိုပါတယ်။

ဒါပေမဲ့ တစ်နှစ်တစ်ခါ တော့ မိသားစုအပန်းဖြေခရီး ထွက်နိုင်အောင် ကြိုးစားပြီးအိမ် မှာ ပြန်နေရတဲ့အခိုက် မိသားစု စုစုစည်းစည်းနဲ့ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေပါတယ်လို့ လည်း သူကဆက်ပြောပါတယ်။
‘‘ကျွန်တော်က နေပြည် တော်မှာ။ သမီးတွေက ရန်ကုန်မှာ ဆိုတော့ ကျွန်တော်ရန်ကုန် ရောက်တဲ့အချိန် သူတို့နဲ့ မုန့်ထွက် စားတာတို့ လုပ်ဖြစ်ပါတယ်။ အဓိကကတော့ သမီးတွေ ဘယ် သွားတယ်၊ ဘာလုပ်တယ်ဆိုတာ မျိုး သိနိုင်ဖို့ထက် နာရီဝက် လောက် စားကြ၊ သောက်ကြ၊ စကားပြောလိုက်ကြရင် လုံလောက်ပါတယ်။ မိဘနဲ့ သားသမီးများကြား ချစ်ခင်နွေးထွေးမှုကို ပြသနိုင်ဖို့က အဓိကပါ’’လို့ သမီးသုံးဦး ဖခင်ဦးရဲထွဋ်က ပြောပါ တယ်။

အမေရိကန် ပြည်ထောင်စု မှာတော့ အလုပ်သမားဥပဒေက အလုပ်သမားအားလုံးအတွက် အပြည့်အ၀ ကာကွယ်ပေးထားတဲ့အတွက် အလုပ်သမားဘက်က လည်း အလုပ်ချိန် ရှစ်နာရီပြည့် တာနဲ့ တိခနဲရုံးဆင်းလေ့ရှိပြီး စနေ၊ တနင်္ဂနွေနေ့မျိုးဆိုလည်း အလုပ်မလုပ်တဲ့အပြင် အလုပ်အ ကြောင်း ပြောတာတောင် မကြိုက်ကြကြောင်း အမေရိကန်ပြည် ထောင်စု ၀ါရှင်တန်ဒီစီရောက် မြန်မာစာနည်းပြ မထားထားမြင့် က ပြောပါတယ်။

‘‘တစ်နှစ်တစ်ခါ အားလပ်ရက် က ခွင့်တစ်လရတယ်။ ၀န်ထမ်း တိုင်းရတာ။ ကလေးရှိသူတွေက ကလေးနဲ့ အတူနေတယ်။ ကျွန်မ ခင်ပွန်းဆို စနေ၊ တနင်္ဂနွေ အ လုပ်အကြောင်း အမေးတောင် မခံဘူး။ ကျွန်မစာရေးရင်တောင် မကြိုက်ဘူး။ အလုပ်အကြောင်း ဘာမှ မတွေးဘဲနဲ့ကို လုံးဝနား ခိုင်းတာ။ ကလေးရှိသူတွေဆို လည်း ပန်းခြံလိုက်ပို့တယ်။ ရုပ် ရှင်ကြည့်တယ်။ အဲဒီတော့ သူတို့ မှာ မိသားစုနဲ့ တိကျတဲ့ အချိန်ရှိ တယ်။ ကလေးတွေကလည်း သူတို့မိဘတွေတစ်ပတ်မှာ ဘယ် အချိန် အားလပ်မယ်။ သူတို့နဲ့ အတူနေမယ်ဆိုတာ တိတိကျကျ သတ်သတ်မှတ်မှတ်ကို သိတယ်’’ လို့ မြန်မာစာနည်းပြ မထားထား မြင့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ အလုပ် ချိန်တစ်နေ့ ရှစ်နာရီဆိုပေမယ့် အ လုပ်မပြီးရင် မပြီးသလို ဇွဲနမဲနဲ့ လုပ်တတ်တာမျိုးလည်း ရှိတာ ကြောင့် မိသားစုနဲ့ တွေ့မယ့်အ ချိန်ထဲကနေ ဖဲ့ပေးမှန်းမသိ ဖဲ့ပေး မိတတ်ပါတယ်။ ဒါကလည်း အခြေခံအဆောက်အအုံ မပြည့် စုံတဲ့အပြင် အဘက်ဘက်က တိုး တက်မှု လိုအပ်နေသေးတဲ့ မြန်မာ နိုင်ငံမှာ အလုပ်ကို အမေရိကန် ပြည်ထောင်စုမှာလို သတ်မှတ်တဲ့ အချိန်နဲ့ ပြီးအောင် လုပ်ဖို့ဆိုတာ ကလည်း စိန်ခေါ်မှုတစ်ရပ်ပါ။  ဘာပဲဖြစ်ဖြစ် နားရက်တစ်ရက် ကိုတော့ သီးသန့်သတ်မှတ်ပြီး ကလေးကို စာအတူဖတ်ပြတာ မျိုး၊ ပန်းခြံလိုက်ပို့တာမျိုး၊ ကလေးနဲ့ အချိန်ပေးစကားပြော တာမျိုး လုပ်သင့်တယ်လို့ မဇ္ဈီမ သတင်းစာရဲ့ အယ်ဒီတာမခင် နွယ်ဝင်းက အကြံပြုပါတယ်။

မခင်နွယ်ဝင်းဟာလည်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်လို ပဲ မိသားစုကို အချိန်များများပေး ခြင်းထက်ရှိတဲ့ အချိန်မှာ နား လည်မှုနဲ့ ယုံကြည်မှုကို တည် ဆောက်သင့်ပြီး မိသားစုကိုကိုယ် က ဘယ်လောက်ချစ်ခင်တယ်ဆို တာ ကလေးတွေ ခံစားမိစေတဲ့ နည်းက ကောင်းမွန်တယ်ဆိုတဲ့အ ကြောင်း ပြောပါတယ်။

‘‘ကလေးနဲ့ တွေ့ချိန်က တစ် နေ့ကို အများဆုံး ခြောက်နာရီပဲ ရှိပါတယ်။ ဒါပေမဲ့ အလုပ်ပိတ် ရက်တွေမှာတော့ သူတို့အတွက် ကိုပဲ လုံးဝအချိန်ပေးပါတယ်။ ကိုယ့်အမြင်ကတော့ မိသားစု အတွက်၊ ကလေးအတွက် အချိန် များများ ပေးခြင်းထက် ရှိတဲ့အ ချိန်မှာ နားလည်မှုနဲ့ ယုံကြည်မှု ကို တည်ဆောက်သင့်တယ်လို့ ထင်တယ်။ ကိုယ်က မိသားစုအ တွက် အချိန်အများကြီး မပေးနိုင် ပေမယ့် သူတို့တွေနဲ့ ကင်းကွာ သလို ဖြစ်သွားတာမျိုး မခံစားရ ဘူး။ ရှိတဲ့အချိန်၊ ပြန်ရောက်တဲ့ အချိန်မှာ ဂရုစိုက်ပေးတယ်။ လုပ် ပေးတယ်။ အဝေးကြီးမဟုတ်ရင် တောင် အနီးအနားကို မိသားစုအ တူတူ လမ်းလျှောက်ထွက်တယ်’’ လို့ မခင်နွယ်ဝင်းက ဆိုပါတယ်။

နေပြည်တော်က​ ရုံးဝန်ထမ်း တစ်ဦးအနေနဲ့ အပြင်ထွက်လည် ပတ်စရာလည်း သိပ်မရှိတဲ့အ တွက်  ရုံးပိတ်ရက်တွေမှာ မိသား စုနဲ့အတူ လမ်းလျှောက်ထွက်၊ ကလေးနဲ့အတူ ဘောလုံးကန်၊ သိုင်းကစားပြီး တစ်လမှာ နှစ် ကြိမ်လောက်ဈေးဝယ်ထွက်တာ မျိုးနဲ့ အချိန်ပေးပါတယ်လို့ အမျိုး သမီးရောသူပါ အစိုးရ၀န်ထမ်းအ ဖြစ် လုပ်ကိုင်နေတဲ့ ကိုအောင်သူ က ပြောပါတယ်။

‘‘အိမ်မှာ စပယ်ရှယ် ဟင်းမီ နူးအတူတူ ချက်ပြုတ်စားသောက် တာမျိုးလည်း လုပ်ဖြစ်တယ်။ စိတ်ကူးပေါက်ရာ ဘာဘာညာ ညာလေးတွေကို အပြင်မှာ ၀ယ် မစားဘဲ အတူတူချက်ပြုတ်စား သောက်ကြတာမျိုးပါ။ မိသားစု လည်း ပျော်ရတယ်။ ကုန်ကျ စရိတ်လည်း သက်သာတယ်။ မိသားစုအတွက် အချိန်ပေးတယ် ဆိုတဲ့နေရာမှာ စောစောကပြော တဲ့ အိမ်မှာအတူတူချက်ပြုတ် စား သောက်ကြတာက တော်တော် လေး အဓိပ္ပာယ်ရှိတယ်။ အပြင် မှာ သွားပြီးစားကြတာထက် ကိုယ်ကလည်း အမျိုးသမီးနဲ့ အတူတူချက်ပြုတ်တော့ သူ့ကို လည်း ပိုမိုပျော်ရွှင်စေတယ်။ ပိုမို ချစ်ကြည်နွေးထွေးစေတယ်လို့ ခံစားရတယ်။ နောက်ပြီး ကလေး နဲ့ အတူတူဆော့ကစားပေးတာ ကလည်း မိသားစုနွေးထွေးမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် အ လုပ်တစ်ဖက်နဲ့ မိသားစုအတွက် အချိန်ပေးဖို့ဆိုရင် အားလပ်ချိန် အိမ်မှာအတူတူ ချက်ပြုတ်စား သောက်ခြင်းမျိုး ဆောင်ရွက်ပေး သင့်တယ်လို့ အကြံပြုချင်ပါ တယ်’’လို့ ကိုအောင်သူက ပြော ပါတယ်။

ယနေ့ခေတ်မှာ အချိန်က ရွှေတမျှ တန်ဖိုးရှိတာမှန်သလို ငွေကိုအချိန်နဲ့ ဆက်ပြီး ရှာဖွေရ တဲ့အပြိုင်အဆိုင်များတဲ့ ခေတ် ကာလမှာ ကိုယ်က မိသားစုအ တွက် ငွေရှာပေးနိုင်ရင် ရတာပဲ။ ကလေးတွေ ပြည့်စုံနေရင်ပြီးရော ဆိုတဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြည့် စုံမှုတစ်ခုတည်းကိုပဲ မိဘတွေ အာရုံမစိုက်ကြပါနဲ့။ အဓိကကျ တဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေး ထွေးမှုကိုလည်း ကလေးတွေကို ပေးဖို့၊ အားလပ်ချိန်နည်းပေမယ့် မိသားစုအပေါ် ချစ်ခင်ကြင်နာ စိတ်ရှိပြီး ကလေးတွေအရေးကို အမြဲစိတ်ဝင်တစား ရှိတယ်ဆိုတာ ကို ရတဲ့အချိန်မှာ ပြသဖို့ လိုအပ် ပါတယ်။ အဓိကကတော့ အလုပ် ချည်းပဲ မဲလုပ်တာဟာလည်း အလုံးစုံ မမှန်ကန်ပါဘူးလို့ မထား ထားမြင့်က ပြောပါတယ်။
‘‘အမှန်တော့ အလုပ်တွေ ချည်း လုပ်နေတာလည်း အလုပ် မှာ သိပ်မတွင်ကျယ်ပါဘူး။ လုပ်တာလည်း လုပ်ပေါ့နော်။ ကလေးကို အချိန်ပေးဖို့ ကိုယ်အလုပ်မှာ လည်း ညှိနှိုင်းတင်ပြရမှာပေါ့။ အလုပ်ချိန်၊ နားချိန် သေချာသတ် မှတ်ပါ’’လို့ သူကဆိုပါတယ်။

မိသားစုအတွက် အချိန်ပေး ဖို့ မရှားပါဘူး။ ချစ်ခင်ကြင်နာ စိတ်ကသာ အဓိကပါ။ ကလေး ကို ပေးဖို့ အချိန်တစ်ချိန်သတ် မှတ်ပါ။ ကလေးနဲ့ စကားပြောပါ။ မိမိရင်က မွေးထုတ်တဲ့ သွေးပဲဖြစ် လို့ ရင်သွေးတွေနဲ့ အလုပ်များ တဲ့ ဖေဖေ၊ မေမေတို့ ကြားနား လည်မှုယူဖို့ သိပ်တော့မခက်လှ ပါဘူး။ အဓိကကျတဲ့ အချက်က တော့သူတို့ကို ကိုယ်ကချစ် ကြောင်း သိသာနားလည်ပါစေ။

http://7daydaily.com/story/28376#.VKagp3vdXhA

၂၀၁၄ ၏ အထူးခြားဆုံးအမည်များ

 ဖိလစ်ပိုင်မိခင်များနှင့် ချစ်ဖွယ်ကလေးငယ်များအား တွေ့ရစဉ်/ဓာတ်ပုံ - အီးပီအေ
 
နာမည်ကျော် ဗေဒင်ဆရာများ၏ အဆိုအရ ၂၀၁၄တွင် မိဘများက ၎င်းတို့၏ ရင်သွေးငယ်များအတွက် အမည်လှလှလေးများပေးရာတွင် ထူးခြားသည့် နာမည်များစွာ ရှိခဲ့ကြောင်း ပြောသည်။ ၎င်းတို့အဆိုအရ ၂၀၁၄တွင် ပေးခဲ့သော နာမည်များမှ ထူးခြားသည့် အမည်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ယောက်ျားလေး
၁။ ဧကရာဇ် ၂။ ဝဠာ ၃။ မှူးကြီး ၄။ သမ္မတ ၅။ အဂ္ဂ ၆။ နံနက်ခင်း ၇။ အလင်းရောင် ၈။ စိတ်တိုင်းကျ  ၉။ လရောင် ၁၀။ ဗိုလ်ချုပ်

မိန်းကလေး
၁။ ဒိတြာ ၂။ ရွှေမှုန် ၃။ သက်လျာ ၄။ မဟေသီ ၅။ နှစ်ဦး ၆။ ဒေဝီ ၇။ နုဝါ ၈။ ဟေသာ ၉။ မှူးသခင် ၁၀။ ဂျူလီယာ

ဆရာစံဇာဏီဘို
အခုနောက်ပိုင်းမှာတော့ ကလေးမိဘတွေက ထူးခြားတဲ့ နာမည်မျိုးလေးတွေကို ပိုနှစ်သက်လာကြတယ်။ အရင်ကလို နာမည်ရိုးတွေကို မနှစ်သက်ကြတာများတယ်။ သားသမီးတွေက သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက်လေးတွေဖြစ်လို့ တောက်ပစေချင်တဲ့နာမည်မျိုးတွေကို သဘောကျကြတယ်။ ဒါ့အပြင် ပါဠိလိုနာမည်မျိုးတွေကိုပါ ပေးတာရှိလာကြတယ်။ သြရသ၊ ဒိဋ္ဌာ၊ ဝိရသ၊ အဂ္ဂ စသဖြင့်ပေါ့။ အင်တာနေရှင်နယ်ကျောင်းတက်တဲ့ ကလေးတွေဆိုရင် အင်္ဂလိပ်နာမည်တွေပါ မှည့်လာကြတယ်။ ရှေ့က ဗမာနာမည်၊ အလယ်က အင်္ဂလိပ်နာမည်၊ နောက်က မိဘမျိုးရိုးနာမည်ပေါ့။

ဥပမာ ရစ်ချက်လင်းသန့်စင်ဆိုရင် ရစ်ချက်က အင်္ဂလိပ်နာမည်၊ လင်းက ကလေးရဲ့ဗမာနာမည်၊ သန့်စင်က မိဘမျိုးရိုးနာမည်ပေါ့။ နောက်ပိုင်းကလေးတွေရဲ့နာမည်ကို သုံးလေးငါးလုံးထိမှည့်လာကြပေမယ့် အနုပညာရှင်တွေကတော့ နာမည်နှစ်လုံးတည်းကိုသာ မှည့်ကြတာများတယ်။ ၁၉၂၀ နဲ့ ၃၈ ကြားခေတ်မှာ စစ်ကိုင်းဦးဘိုးသင်းက သူ့သမီးကို စိန်ဇယင်မယ်ဆင့်ကွန့်မကွန့်ထိပ်ခေါင်တင်လို့ နာမည်ပေးခဲ့တယ်။ သူက နာမည်ကို အကွန့်အညွန့်နဲ့ပေးတာမှာ အရမ်းတော်ပါတယ်။ လူတစ်ယောက်ရဲ့နာမည်ဆိုတာ ဘဝတစ်ခုလုံးနဲ့လည်း သက်ဆိုင်ပါတယ်။ နာမည်ဆိုတာ ထာဝရရှင်သန်ခွင့်ရှိတယ်။ နာမည်က ကမ္ဘာလှည့်ခွင့်ရှိတယ်။ လူမရောက်ပေမယ့် နာမည်ရောက်တယ်။ နာမည်က လူကိုကိုယ်စားပြုနေတယ်။ နာမည်တစ်ခုက လူတစ်ယောက်ရဲ့ Brand ပါပဲ။

ဆရာရာဇာဇော်ဝင်း
အခုနောက်ပိုင်းမှာ ဗေဒင်တွက်ပြီးနာမည်ပေးတဲ့သူက ပိုများလာပါတယ်။ ၈၀ ရာခိုင်နှုန်းလောက်ထိကို များပါတယ်။ မိဘတွေက သူတို့သားသမီးနာမည်တွေကို မိဘမျိုးရိုးနာမည်တွေ ထည့်ပြီးပေးတာကို ပိုနှစ်ခြိုက်လာကြတယ်။ အနောက်တိုင်းနိုင်ငံတွေမှာဆိုရင်လည်း နောက်က မိဘမျိုးရိုးနာမည်မပါရင် အထင်သေးခံရနိုင်တာမျိုးတွေ ဖြစ်လာတာတွေ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ပြည်သူတွေလည်း နောက်ပိုင်းမှာ တော်တော်ခေတ်မီလာကြတယ်။ ယေဘုယျလူကြိုက်များတဲ့နာမည်တွေကတော့ နန်းဆန်ဆန်နဲ့ ရေမြေတောတောင် သဘာဝနာမည်တွေ၊ တစ်ဦးနဲ့တစ်ဦး အချစ်ပိုကြတဲ့နာမည်တွေပါ။

နန်းဆန်ဆန် နာမည်မျိုးဆိုရင် ပြန်ခေတ်စားလာတာပေါ့။ ဥပမာ ဒေဝီ၊ သက်လျာ၊ ရွှေမှုန်၊ အိန္ဒြာတို့ပါ။ မိဘတွေ ကလေးနာမည်လာပေးကြလို့ ထိပ်တန်းဦးစားပေးတွက်ခိုင်းကြတာကတော့ အကျိုးပေးတဲ့နာမည်တွေလည်းရှိတယ်။ ကျားရော၊ မရော ခေါ်ဝေါ်လို့ရတဲ့ နာမည်ပေးရင်တော့ ဗေဒင်ပညာမှာဆိုရင် ကရိုဏ်းပျက်တယ်လို့ ခေါ်တယ်။ ရိုးရိုးပြောရရင် လိင်ပျက်သွားတာပေါ့။ အဓိကကတော့ နာမည်ဆိုတာ လိုရင်းတိုရှင်းနဲ့ ခေါ်ရလွယ်ကူတာမျိုးက ထိပ်တန်းရောက်ဖို့လွယ်ကူပါတယ်။ ဒါ့အပြင် နာမည်တွေက စကားပြော အသုံးအနှုန်းတွေကိုပါ ပေးလာကြတယ်။

ဆရာဦးကျော်မြင့်(ဝေဒ)
ဗေဒင်ပညာနဲ့နာမည်ပေးရင် ၇၈ နည်းရှိပါတယ်။ အုပ်စုနည်းနှစ်နည်းကိုပြောပြရရင် လက်ရိုးနည်းနဲ့ လက်ဆန်းနည်းပါ။ လက်ရိုးနည်းမှာဆိုရင် မွေးလနဲ့ဇာတာကိုတွက်ပြီး ဟောပေးပါတယ်။ အနုပညာဇာတာနဲ့ဆိုရင် အနုပညာဆန်တဲ့ နာမည်မျိုး၊ ပညာတတ်တဲ့ဇာတာဆိုရင် ပညာဆန်တဲ့နာမည်မျိုး၊ ရဲစွမ်းရှိတဲ့ဇာတာမျိုးနဲ့ဆိုရင်တော့ သတ္တိရှိစေတဲ့ နာမည်မျိုးတွေ ရွေးပေးဖြစ်ပါတယ်။

ဥပမာ မောင်ချမ်းသာလို့ နာမည်မှည့်ထားပြီး သူ့ဇာတာက ဆင်းရဲနေရင် မမှည့်ပေးသင့်ပါဘူး။ အခုနောက်ပိုင်းတွေမှာတော့ နာမည်လေးလုံးနဲ့အထက် မှည့်ချင်ကြတာတွေများလာတယ်။ တစ်ခုရှိတာကတော့ နာမည်ညံ့လို့ လူက အောက်တန်းစားရောက်သွားတာမျိုးတော့ မရှိပါဘူး။ ဒီလိုပဲ နာမည်ကောင်းနေရုံနဲ့လည်း ကလေးက ထိပ်တန်းမရောက်နိုင်ပါဘူး။ မိဘမျိုးရိုးနာမည် ထည့်တာရှိသလို တချို့က သြဇာလွှမ်းမိုးတဲ့ ဘိုးဘွားနာမည်ပါ ထည့်မှည့်ကြတာရှိတယ်။ ဥပမာ သုတကျော်စွာလို နာမည်မျိုးဆိုရင် ပညာကိုထူးချွန်မယ့်နိမိတ်တွေပါတယ်။ နာမည်က လူနဲ့မလိုက်ရင်လည်း လူက Impression ညံ့သွားတယ်။ ဗိုလ်ကျောင်းထားတဲ့ကလေးတွေမှာ ဆိုရင်လည်း မြန်မာနာမည်နဲ့ ဘိုနာမည်နဲ့ဆင်တာမျိုးတွေပေးတတ်ကြတယ်။ ဥပမာ အဖေနာမည်က ဦးရဲဝင့်မှာ သမီးက ဟေသာရဲဝင့်၊ အင်္ဂလိပ်ဆိုရင် Heather Ye Wintပေါ့။

ဆရာလူဝင်းအောင်
ဗေဒင်ပညာနဲ့ရှင်သန်လာတဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ အခု နောက်ပိုင်းကို ဗေဒင်နဲ့ နာမည်ပေးလာကြတာ များလာတာကို သတိထားမိပါတယ်။ တချို့မိဘတွေရဲ့ အယူအဆကလည်း ဗေဒင်ပညာနဲ့ နာမည်ပေးထားရင် တစ်သက်လုံး တိုးတက်အောင်မြင်ဖြစ်ထွန်းတယ်လို့ ယုံကြည်ကြတယ်။ နာမည်တွက်ပေးတာမျိုးတွေမှာလည်း ဂြိုဟ်နည်းစနစ်တွေမမှန်ရင် ထွန်းလင်းလောက်ပမှုမရှိနိုင်ဘူး။ နာမည်အရှည်ကြီးတွေ ပေးတာကလည်း စန်းပျက်ပြီး ဆန့်ကျင်ဘက်ဖြစ်စေတယ်။ နောက်တစ်ခုက နာမည်ပေးရင် မဟာဘုတ်မှာ အောက်တန်းကနာမည်တွေရှောင်ပေးတယ်။ မိဘတွေအတွက် တိုးတက်အောင်မြင်ဖြစ်ထွန်းမယ့် နာမည်မျိုးတွေကို နှစ်သက်ကြပါတယ်။ အများစုက သူများမမှည့်တဲ့၊ ထူးခြားတဲ့နာမည်တွေကို ပိုနှစ်ခြိုက်ကြတယ်။

ဆရာဝဏ္ဏ(ဝေဒ)
ဒီနောက်ပိုင်းမှာတော့ မိဘတွေက သူတို့ရဲ့သားသမီးနာမည်တွေကို ခေတ်ဆန်ဆန်၊ နန်းဆန်ဆန်ပေးတာမျိုးတွေ ကြိုက်လာတယ်။ အနည်းဆုံး

နာမည်လေးလုံးလောက်ရှိတာကို ရွေးချယ်ကြတယ်။ အရင်ကလို နာမည်နှစ်လုံးတည်းပေးတာမျိုးတွေ ရှားသွားတယ်။ ထူးခြားတဲ့နာမည်မျိုးတွေဆို ပိုသဘောကျတယ်။ ဥပမာအဖေနာမည်က ဦးသိန်းထွန်းမှာ မျိုးရိုးနာမည်လည်းထည့်ချင်တော့ ပုညသိန်းထွန်းလို့ပေးတယ်။ ပုညဆိုတာက အခုနောက်ပိုင်းမှာ ထူးခြားတယ်။ မှည့်တဲ့လူသိပ်မရှိတော့ဘူး။ မိဘတွေက သူတို့သားသမီး ကုသိုလ်ကံကောင်းဖို့အတွက် ဦးစားပေးကြတဲ့ နာမည်မျိုးတွေ မှည့်ပေးဖို့ တောင်းဆိုတယ်။ နာမည်တစ်ခုကြောင့်တော့ လူတစ်ယောက်ဒုက္ခရောက်သွားတယ်ဆိုတာ မရှိပါဘူး။ အဓိကကတော့ မူရင်းကောင်းမှ မိတ္တူလည်းကောင်းမှာပါ။ နာမည်ပေးတဲ့အခါမှာလည်း ဗျုပ္ပတ်အားကောင်းကောင်းနဲ့ပေးရမှာပါ။

ဥပမာ ဒေါ်ခွေးမလို့ ပေးထားခြင်းအားဖြင့် သူက သားသမီးအများကြီး မွေးဖွားပါလိမ့်မယ်။ ခွေးဆိုတာက အများကြီးသားပေါက်တဲ့သဘောရှိလို့ပါ။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ထူးခြားတာက ကိုရီးယားယဉ်ကျေးမှုတွေခေတ်စားလာတော့ ခေတ်ဆန်တဲ့မိသားစုတွေက သူတို့သားသမီးတွေကို နာမည်ကျော်ကြားတဲ့ ကိုရီးယားမင်းသား၊ မင်းသမီးနာမည်တွဲတွေ မှည့်ချင်လာကြတာတွေလည်း ရှိပါတယ်။ ဥပမာ မိုးဟေကိုဆိုရင် ဆောင်းဟေကို နာမည်ကိုဆင်တူပြီး ပေးထားတာမျိုးပေါ့။

ဆရာဒေါက်တာဦးပိုင်
ဒီနှစ်ပိုင်းအတွင်းမှာ ဗေဒင်ပညာနဲ့နာမည်ပေးတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့လည်း အရင်ကလို မျက်စိမှိတ်ပစ်ယုံတဲ့သူတွေ မရှိတော့ဘူး။ ပညာတတ်တွေများလာပြီ။ အချက်အလက်အစုံနဲ့ သေချာတတ်ကျွမ်းနားလည်တဲ့သူက တွက်ပေးတာကိုမှ လက်ခံလာကြပါတယ်။ ဟိုးအရင်တုန်းကတော့ ရွာကဆရာတော်ကပဲ နာမည်ပေးကြတာလေ။

အခုကတော့ ခေတ်ပြောင်းသွားပြီပေါ့။ ဒါပေမဲ့လည်း တစ်စိတ်တစ်ဒေသတွေမှာတော့ ရှိဦးမှာပါ။ နာမည်ကို ခေတ်စားတိုင်းပေးပေမယ့်လည်း ကလေးရဲ့ဇာတာနဲ့မကိုက်ရင် ကလေးအတွက် မကောင်းပါဘူး။ နာမည်လှတိုင်းလည်း မပေးသင့်ပါဘူး။ ခေတ်ဆန်ပြီး လှတဲ့နာမည်ကိုမှ ကြိုက်နှစ်သက်ကြရင်တော့ အဲဒီနာမည်ကို ဇာတာနဲ့ တွက်ပြီးတော့မှ ကိုက်ရင်ပေးလို့ ရပါတယ်။ နောက်လူတစ်ဦးနဲ့တစ်ဦးက ဇာတာချင်းမတူကြလို့ မိမိတို့ ဂြိုဟ်အနေအထားကောင်းတဲ့အပေါ်ပဲ မူတည်ပြီး ပေးသင့်ပါတယ်။ နာမည်ကြောင့် ဘဝပျက်ရတယ်ဆိုတာမရှိသလို နာမည်ကြောင့် တိုးတက်လာတယ်ဆိုတာလည်း ရှားပါတယ်။ နာမည်တစ်ခုက လူတစ်ယောက်ရဲ့ဘဝကို မပိုင်ဆိုင်ပါဘူး။ ကာယကံရှင်တွေရဲ့အပြုအမူ၊ မေတ္တာ၊ စေတနာတွေကပဲ အဓိကပံ့ပိုးမှုဖြစ်စေတာပါ။

http://7daydaily.com/story/28247#.VKafx3vdXhB
Related Posts Plugin for WordPress, Blogger...