စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်ရေးတစ်မောအိပ်ရန် သင့်လျော်ချိန်နှင့် နည်းလမ်းများ


 
နေ့ခင်းဘက်တစ်ရေးတစ်မောအိပ်ခြင်းမှာ သက်သောင့် သက်သာဖြစ်စေပြီး စိတ်ပင်ပန်းခြင်းကို လျှော့ချပေးကာ သတိရှိ မှုနှင့် စိတ်ခံစားချက်ပိုကောင်းစေပြီး မှတ်ဉာဏ်ပိုကောင်းခြင်း၊ စိတ်ရှုပ်ထွေးမှုလျှော့ချပေးခြင်း၊  အမှားနည်းပါးအောင် ကူညီပေးနိုင်ခြင်းတို့ကဲ့သို့ စိတ်စွမ်းရည်ကို မြင့်တက်စေနိုင်ကြောင်း မေယိုဆေးရုံမှ ကျန်းမာရေးကျွမ်းကျင်သူများက ပြောသည်။

နေ့ခင်းဘက်မည်မျှကြာကြာ တစ်ရေးအိပ်မည်၊ မည်သည့် အချိန်တွင် အိပ်မည်ဆိုခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးပညာရှင်များ၏ လမ်းညွှန်ချက်များကို ဖော်ပြပေးလိုက်ပါသည်။ နေ့ခင်းဘက်တစ်ရေးတစ်မောအိပ်ခြင်းမှာ လူတိုင်းနှင့် မသင့်လျော်ပေ။ အကယ်၍ သင်သည် ညဘက်အိပ်မပျော်လေ့ရှိပါကနေ့ခင်းဘက်အချိန်အကြာကြီးအိပ်ခြင်း(သို့) နေ့ခင်းဘက် အချိန်အလွန်နောက်ကျပြီးမှ တစ်ရေးတစ်မောအိပ်ခြင်းမှာ ညဘက်(သို့)အိပ်ပျော်ရန် (သို့) နှစ်နှစ် ခြိုက်ခြိုက်အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသည်။

သို့သော်လူအများစုအတွက် နေ့ခင်းဘက်တစ်ရေးတစ်မောအိပ်စက်ခြင်းမှာ ပိုမိုလန်းဆန်းပျော်ရွှင်စေသည်။
နေ့ခင်းဘက်တွင် မိနစ် ၂၀ မျှ အိပ်စက်ပေးခြင်းဖြင့် နိုးနိုးကြားကြားရှိမှုနှင့် စိတ်အာရုံစူးစိုက်မှုကို အားကောင်းစေသည်။ နှစ်ခြိုက်စွာ အိပ်ပျော်သောအချိန်များအပါအ၀င် မိနစ် ၉၀ ကြာတစ်ရေးတစ်မောအိပ်ပေးခြင်းဖြင့် ဖန်တီးနိုင်မှုကို အားကောင်းစေနိုင်သည်။

သို့သော်အိပ်နေရင်း နိုးသွားပါက လန်းလန်းဆန်းဆန်းဖြစ်မည့် အစား ပင်ပန်းနွမ်းနယ်စေသည်။ ယင်းအချိန်မပြည့်ခင်အကြောင်း တစ်ခုခုကြောင့် နိုးသွားပါကလည်း ပင်ပန်းနွမ်းနယ်နိုင်သည်။
နေ့လယ် ၁ နာရီနှင့် ၃နာရီကြား တစ်ရေးတစ်မောအိပ်ခြင်း မှာ အကောင်းဆုံးအချိန်ဖြစ်သည်ဟု ကျန်းမာရေးသတင်းဝက်ဘ် ဆိုက် Prevention.com က ဖော်ပြသည်။

တိတ်ဆိတ်ငြိမ်သက်၍ အလင်းရောင်မရှိသော မပူလွန်း၊  မအေးလွန်းသည့် နေရာတစ်နေရာရှာပြီး တစ်ရေးတစ်မောအိပ်စက်ရန် ကျွမ်းကျင်သူများက အကြံပေးထားသည်။ ကြိုးပုခက်ဖြင့် အိပ်စက်ခြင်းမှာ အိပ်ရာထဲ  အိပ်စက်ခြင်းထက် ပိုမိုနှစ်ခြိုက်စွာ လျင်လျင်မြန်မြန်စွာ အိပ်ပျော်စေကြောင်း ဆွစ်ဇာလန်နိုင်ငံမှ သုတေသီများ၏ လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ကော်ဖီသောက်ပြီး အိပ်စက်ပါဆိုခြင်းမှာ ထူးဆန်းနေ သော်လည်း ကော်ဖီသောက်၍ တစ်ရေးတစ်မောအိပ်ခြင်းဖြင့် အိပ်ပြီးနောက် နိုးနိုးကြားကြားဖြစ်စေရန် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း ဂျပန်နိုင်ငံမှ သုတေသီများကပြောသည်။ ကဖိန်းဓာတ်မှာ အပြည့်အ၀အစွမ်းပြရန် မိနစ် ၂၀ မှ ၃၀ အထိကြာမြင့်လေ့ရှိသောကြောင့် မိနစ် ၂၀ ကြာ အိပ်စက်ပါက ပို၍ပင် နိုးနိုးကြားကြားရှိစေမည်ဖြစ်သည်။

ညဘက်အိပ်စက်ချိန်အစား နေ့ခင်းဘက်တစ်ရေးတစ်မောမအိပ်ပါနှင့်။ တစ်ရေးမအိပ်ဘဲ တစ်နေ့တာဖြတ်ကျော်ရန် အလွန်ပင်ပင်ပန်းနေပြီဟု ခံစားရပါက ညဘက်လုံလောက်သော အိပ်ချိန်မရှိခြင်းကြောင့် ဖြစ်နိုင်သည်။ နေ့ခင်းဘက်အိပ်စက်ခြင်းမှာ ကျန်းမာရေးအတွက်ကောင်းသော်လည်း ညဘက်ဆုံးရှုံးသွားသော အိပ်စက်ချိန်အစား နေ့ခင်းဘက်မအိပ်ရန် ကျန်းမာရေးကျွမ်းကျင်သူများက ညွှန်ကြားထားသည်။
အိပ်ရေးမ၀ခြင်းကြောင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ခံစားရနိုင်ပြီး မတော်တဆဖြစ်မှုနှင့် အခြားအန္တရာယ်များလည်း ဖြစ်နိုင်သည်။
—Ref: RD Asia

http://www.7daydaily.com/story/19580#.VAXUZ2OM-So 

ကြွက်တက်ခြင်းကာကွယ်ရန် နည်းလမ်းများ

သင်သည် ပုံမှန်လေ့ကျင့်ခန်းလုပ်သူမဟုတ်ပါက ကြွက်တက်လေ့ရှိခြင်းမှာ မထူးဆန်းပေ။ သို့သော် ကြွက်တက်ခြင်းကို လျစ်လျူရှုထားပါက နောင်တွင် ဒဏ်ရာအနာတရဖြစ်နိုင်သည်။ ကြွက်တက်ခြင်းကိုကာကွယ်နိုင် မည့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။

ရုတ်တရက်မထင်မှတ်ဘဲ ကြွက်သားများကျုံ့သွားချိန်တွင် ကြွက်တက်ခြင်း (သို့မဟုတ်) အကြောဆွဲခြင်းတို့ ဖြစ်တတ်သည်။ ယင်းအကြောဆွဲခြင်းများက ကြွက်သားတစ်ခု (သို့မဟုတ်) ကြွက်သားအုပ်စုတစ်စုကို ရုတ်တရက်ကျုံ့သွားစေနိုင်သည်။ ကြွက်တက်ခြင်းမှာ စက္ကန့်အနည်းငယ်(သို့) မိနစ်အနည်းငယ်မှ ယင်းထက်လည်းပိုကြာနိုင်သည်။

ကြွက်သားနှစ်မျိုးရှိပြီး တစ်မျိုးမှာ မတင်ခြင်း၊ လှုပ်ရှားခြင်း၊ ကွေးခြင်း စသည်တို့ပြုလုပ်ချိန်တွင် သုံးနိုင်သည့် ခြေနှင့်လက်တို့ရှိ ကြွက်သားများကဲ့သို့ ထိန်းချုပ်နိုင်သော ကြွက်သားများဖြစ်သည်။နောက်တစ်မျိုးမှာ မထိန်းချုပ်နိုင်သောကြွက်သားများဖြစ်သည်။ မထိန်းချုပ်နိုင်သော ကြွက်သားများမှာ အကြောဆွဲခြင်း၊ ကြွက်တက်ခြင်းတို့ဖြစ်စေနိုင်သည်။

ကယ်လ်စီယမ်၊ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်များမရှိ ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းတို့ကြောင့် ကြွက်တက်ခြင်းကိုဖြစ် စေနိုင်သည်။ အာရုံကြော (သို့မဟုတ်) ကြွက်သားဒဏ်ရာရပါက အကြောဆွဲခြင်းကိုဖြစ်စေနိုင်သည်။ ကြွက်သားများသို့ သွေးလည်ပတ်မှုညံ့ဖျင်းခြင်းကလည်း ကြွက်တက်စေနိုင်ပြီး ခြေချင်းချိတ်၍ အချိန်အကြာကြီးထိုင်ပြီးနောက် ကြွက်တက်နိုင်သည်။

အချို့သောဆေးဝါးများကြောင့်လည်း ကြွက်တက်နိုင်သည်။ ဇရာကြိုရောဂါ(အယ်လ်ဇိုင်းမား)ကို ကုသရာတွင်သုံးသော ဆေးဝါးအချို့၊ ပါကင်ဆင်ရောဂါ၊ သွေးတိုးရောဂါနှင့် ကိုလက်စထရောလျှော့ချစေရန်သုံးသောဆေးဝါးအချို့ကြောင့် ကြွက်တက်နိုင်သည်။ သို့သော် ယင်းဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ဆေးသောက်သုံးသူအားလုံးကို ထိခိုက်ခြင်းမရှိဘဲ လူအနည်းငယ်မျှကိုသာ ထိခိုက်စေသည်။

ကြွက်တက်ခြင်းကိုကုသရန် ကြွက်သားများကို သက်သောင့် သက်သာဖြစ်အောင်လုပ်ပါ။ ကြွက်သားပေါ်တွင် အပူဖိကပ်ပါ။ ကြွက်သားကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပါ။ နှိပ်ပေးခြင်းကလည်း ကြွက်တက်ခြင်းကို ကုသရာတွင် ကောင်းသည်။ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်များချို့တဲ့နေပါက ဖြည့်စွက်စာစားပေးပါ။ ရေသောက်ပါ။ လျှပ်စစ်ဓာတ်ဖြတ်နိုင်သော ဖျော်ရည်များသောက်ပါ။ လမ်းလျှောက်ခြင်း (သို့မဟုတ်) မတ်တတ်ရပ်ခြင်းမျိုးပြုလုပ်ပါ။

ခြေဆန့်လက်ဆန့်လုပ်ခြင်း၊ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ပြီး အကြောလျှော့ခြင်းတို့ပြုလုပ်ခြင်းဖြင့် ကြွက်တက်ခြင်းကိုကာကွယ်နိုင်သည်။ အားသွန်ခွန်စိုက်လှုပ်ရှားမှုမျိုးပြုလုပ်ရမည်ဆိုပါက ရေဓာတ်ဖြည့်တင်းထားပါ။ ချွေးအလွန်ထွက်ချိန်တွင် လျှပ်စစ်ဓာတ်ဖြတ်နိုင်သောဖျော်ရည်များ သောက်သုံးပေးရန် အထူးအရေးကြီးသည်။
အသက်ကြီးသူများအိပ်နေချိန်တွင် သွေးလည်ပတ်မှုနှေးကွေးသွားသဖြင့် ကြွက်တက်နိုင်ပြီး လှုပ်ရှားမှုမရှိခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ သို့သော် ကိုယ်နေဟန်ထားတစ်မျိုးတည်း အချိန်အကြာကြီးရပ်နေခြင်း၊ ကုလားထိုင်ပေါ်တွင်ထိုင် နေရခြင်းတို့ကြောင့် ကြွက်တက်ခြင်းမှာ မည်သူမဆို ဖြစ်နိုင်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်သက်တမ်းဒုတိယ သုံးလပတ်ကာလအတွင်း ခြေနှင့်လက်တို့ ကြွက်တက်လေ့ရှိသည်။ ကိုယ်ဝန်ဆောင်များမည်သည့်အတွက်ကြောင့် ကြွက်တက်သည် ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း ကိုယ်အလေးချိန်ပိုများခြင်းနှင့် ဆက်နွှယ်ဖွယ်ရှိသည်။ အနှိပ်ခံခြင်းက ကြွက်တက်ခြင်းကိုသက်သာနိုင်သည် ဆိုသော်လည်း မှားယွင်းသောနည်းဖြင့် နှိပ်နယ်ပါက ကြွက်တက်ခြင်းကိုပိုမိုဆိုးရွားစေနိုင်သည်။    

 Ref - TOI

http://www.7daydaily.com/story/19724#.VAXT-GOM-Sp

Facebook ပေါ်တင်ထားသည့် သတင်းဓာတ်ပုံမူရင်းကို ခြေရာခံနည်း





အခုရက်ပိုင်းအတွင်း Facebook စာမျက်နှာတော်တော်များများ မှာ နဂါး၊ ဘီလူး စသဖြင့် ကောလဟာလတွေ တော်တော် များနေပါတယ်။ အနုပညာရှင်တွေ နဲ့ပတ်သက်လို့လည်း ဓာတ်ပုံတွေဖြတ်ညှပ်ကပ်လုပ် ခံရတာနဲ့ပတ်သက်ပြီး ဟိုးလွန်ခဲ့သော ၆နှစ်လောက်ကတည်းက ဒါမျိုးတွေ အင်တာနက်မှာ ရှိနေခဲ့တာပါ။ ယခုထိလည်း ရှိနေဆဲပါ။ သတင်းဌာနက တင်တယ်ဆိုတိုင်းလည်း မျက်စိစုံမှိတ်ယုံ လို့မရပါဘူး။ ကိုယ်တိုင်ဆန်းစစ်ပြီးမှ ယုံကြည်ကြပါ။ Facebook ပေါ်တက်လာတဲ့သတင်းဓာတ်ပုံတွေဟာ အခြေမြစ်ရှိ၊ မရှိ၊ မှန်ကန်၊ မမှန်ကန် ဆိုတာ ဘယ်လိုဆန်း စစ်ကြမလဲ။

အရမ်းကိုရိုးရှင်းပါတယ်။ သင်ကွန်ပျူတာကနေ အင်တာနက် စာမျက်နှာတွေကြည့်ရှူ တဲ့အခါမှာ Chrome Browser အသုံးပြုသူဆိုလျှင် ခြေရာခံရတာပိုလွယ်ကူပါတယ်။ အခြားသော Browser တွေကဆိုရင်လည်း http://www.google.com/imghp ကနေ ခြေရာခံနိုင်ပါတယ်။ Chrome Browser အသုံးပြုနေသူများအတွက် ယခုနည်းလမ်း အတိုင်း လုပ်ဆောင်ကြည့်ပါ။

ပုံ - (၁) ကိုကြည့်ပါ။ ရခိုင်ပြည်က ဘီလူးခေါင်းတစ်ခု ရှာတွေ့နေတဲ့ပုံပေါ်ကို Right Click နှိပ်ပါ။ Search Google for this Image ဆိုတာကို Click ပါ။

ပုံ - (၂) ကိုကြည့်ပါ။ ယခုလို မူရင်းအစစ်အမှန် သတင်းဆောင်းပါး၊ ဓာတ်ပုံတွေကို တွေ့မြင်ရပါလိမ့်မယ်။ ထပ်ပြီးသေချာအောင် အဲဒီ ဆောင်းပါးတွေရေးသား ထားတဲ့ နေ့ရက်တွေကို ကြည့်ရှူပါ။ 2013 ခုနှစ်က တင်ထားတဲ့ ဆောင်းပါးတွေဖြစ်လို့ ပိုလို့တောင် မဖြစ်နိုင်ပါ။

ဒုတိယတစ်နည်း -

ဒီနည်းလမ်းကတော့ Chrome Browser အသုံးမပြုသူများအတွက် Google Image Website - http://www.google.com/imghp ကိုတိုက်ရိုက်သွားပါ။

ပုံ - (၃) ကိုကြည့်ပါ။ ကင်မရာသင်္ကေတလေးကို Click ပါ။

ပုံ - (၁) ကိုပြန်ကြည့်ပါ။ ပုံ - (၁) မှာ Copy Image URL ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီက Copy ကူးလာတာကနေ ပုံ - (၄) မှာပြထားတဲ့အတိုင်း Right Click နှိပ်ပြီး Paste image URL မှာ Paste လုပ်ပါ။ (ဘီလူး၊ နဂါးပုံတွေ မိမိစက်ထဲမှာ ရှိတယ်ဆိုရင် Upload an image ကိုသွားပါ။) ပြီးနောက် Search by image ကို Click ပါ။ ပုံ - (၂) အတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။ အားလုံးပဲ သတင်းအမှား၊ အမှန် ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်ကြပါစေ။

စာမူရှင် - မိုးလုံးပြည့်လျှံ
 
Related Posts Plugin for WordPress, Blogger...