နန်းမတော် မယ်နုအုတ်ကျောင်းနှင့်
ပုံစံဆင်တူသည့် နှစ်ထပ်အုတ်ကျောင်းကြီးတစ်ခုကို ကျွန်တော်တို့
စိတ်ဝင်စားစွာကြည့်ရှုနေကြသည်။ ဆရာတော် ဦးဗုဓ်၏ ဇာတိမြေ ညောင်ကန်ရွာ၏
အပြင်ဘက် လယ်ကွင်းများအကြားမှ သစ်ရိပ်များညို့နေသည့်
ခြံဝင်းကျယ်ကြီးတစ်ခုအတွင်းတွင် တည်ရှိနေသည့် အဆိုပါ အုတ်ကျောင်းသို့
ညောင်ကန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ ကိုပြည့်ဖြိုးအောင်က
ဆိုင်ကယ်ဖြင့် ကျွန်တော့်ကိုလိုက်ပို့ခဲ့သည်။
ညောင်ကန်ရွာ
အုတ်ကျောင်းသည် အင်းဝတွင် နန်းမတော်မယ်နု ဆောက်လုပ်လှူဒါန်းခဲ့သည့်
အောင်မြေဘုံစံ အုတ်ကျောင်းခေါ် မယ်နုအုတ်ကျောင်း နှင့် ပုံသဏ္ဌာန်ဆင်တူကာ
လှေကားများက မယ်နု အုတ်ကျောင်းမှ လှေကားခုံများနှင့် ပုံစံတူပြုလုပ်
ထားသည်။ ယင်းအုတ်ကျောင်းကို ဒေသခံများက ဒုတိယ မယ်နုအုတ်ကျောင်းဟု
ဆိုကြသော်လည်း နန်းမတော် မယ်နုအုတ်ကျောင်းထက် သေးငယ်သည်။
ကျွန်တော်တို့သည် ထိုအုတ်ကျောင်းအောက်သို့ခေါင်းငုံ့၊ ခါးကုန်းကာ
ဝင်ကြည့်ကြရပါသည်။ ကျောင်း တိုက်အောက်တွင် လိုဏ်ဂူကဲ့သို့အခန်းများ ပြုလုပ်
ထားသည်ကိုတွေ့ကြ ရသည်။ ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည့် ဆရာတော်များ
တရားအားထုတ် ခဲ့သည့် နေရာများဖြစ်နိုင်ကြောင်း လိုက်ပို့သူများက
ရှင်းပြခဲ့သည်။ ယခုအခါတွင် ထိုကျောင်းတိုက်ကြီး၌ ရဟန်းတစ်ပါးသာ
သီတင်းသုံးနေထိုင်လျက်ရှိကြောင်း သိရှိရပြီး ထိုဆရာတော်ကိုလည်း
မတွေ့ခဲ့ရပါချေ။ ယင်းကျောင်းကို မည်သူတည်ဆောက်ခဲ့သည်ကိုလည်း တိကျစွာ
မသိရှိခဲ့ရပါချေ။
ညောင်ကန်ကျေးရွာသည် မြန်မာ့ကြေးခေတ် တူးဖော်မှု
အထောက်အထားများကြောင့် ရှေးဟောင်း သုတေသန ပညာရပ်နယ်ပယ်တွင် ထင်ရှားသောနေရာ
တစ်ခုဖြစ်သည်။ ထို့အတူပင် ဗုဒ္ဓသာသနာတော်တွင် နေအသွင် လအသွင်
ထွန်းတောက်ခဲ့သည့် ဗုဓ် သုံးဗုဓ်တွင် တစ်ပါးဖြစ်သည့် ဆရာတော် ဦးဗုဓ်၏
မွေးရာဇာတိမြေအဖြစ်လည်း ထင်ရှားလှပေသည်။ထေရဝါဒ ဗုဒ္ဓသာသနာတွင်
မြတ်စွာဘုရားရှင် ဗုဒ္ဓ၊ အဋ္ဌကထာကျမ်းပြု ဆရာတော် ရှင်မဟာဗုဒ္ဓဃောသ နှင့်
ညောင်ကန် ဦးဗုဓ်တို့အား ဗုဓ်သုံးဗုဓ်ဟု တင်စား ခေါ်ဝေါ်ကြသည်။
ညောင်ကန်ကျေးရွာသည် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့၏ အနောက်တောင်ဘက်
ငါးမိုင်အကွာ ချင်းတွင်းမြစ်၏ အရှေ့ဘက်ခြမ်းတွင်ရှိသည်။ဘုတလင်မြို့မှ
ကနီမြို့တစ်ဖက်ကမ်းအထိရောက် သည့် ကတ္တရာလမ်းဘေးတွင်
တည်ရှိသည်။ညောင်ကန်ကျေးရွာသို့ ရှေးဟောင်းသုတေသန လေ့လာခရီးစဉ်တစ်ခုအဖြစ်
ကျွန်တော်ရောက်ရှိခဲ့ သည်။ ရန်ကုန်မှ စီးလာသော အဝေးပြေးမော်တော်ယာဉ် သည်
မုံရွာသို့ နံနက်စောစောရောက်ရှိခဲ့ပြီး မုံရွာတွင် ခေတ္တနားပြီး နံနက် ၈
နာရီမှ ပြန်လည်ထွက်ခွာ လာခဲ့သဖြင့် ဘုတလင်သို့ နံနက် ၁ဝ နာရီတွင်
ရောက်ရှိသည်။ ဘုတလင် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးသို့ဝင်ပြီးမှ
ညောင်ကန်သို့ ဆက်လက်ထွက်ခွာခဲ့ရာ နေအတော်မြင့်မှ ညောင်ကန်သို့
ရောက်ရှိခဲ့သည်။
ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ပညာဌာနမှ
လက်ထောက်ကထိက ဦးစိုးမင်းအောင် ဦးဆောင်သည့်အဖွဲ့သည် ရန်ကုန်တက္ကသိုလ်
ရှေးဟောင်းသုတေသနပညာဌာနမှ ထူးချွန်ဒုတိယနှစ် ကျောင်းသား ကျောင်းသူများ၊
ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဝိဇ္ဇာ ပထမနှစ်သင်တန်းသားများ၏ ဘုတလင် မြို့နယ်၊
ညောင်ကန်ကျေးရွာ မြန်မာ့ကြေးခေတ် နယ်မြေသို့ ကွင်းဆင်းလေ့လာရေးခရီးအတွက်
လိုအပ် သည်များ စီစဉ်ဆောင်ရွက်နိုင်ရန် ညောင်ကန်သို့
ကြိုတင်ထွက်ခွာလာခဲ့ကြသည်။ ကျွန်တော်သည် ထိုအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ်
လိုက်ပါလာခဲ့သည်။
ကျွန်တော်တို့အား ညောင်ကန်ရွာမှ ဦးစိုးမြင့်
အောင်နှင့် ညောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးမှ
ကိုပြည့်ဖြိုးအောင်တို့က စောင့်ကြိုနေကြသည်။ညောင်ကန်ရောက်သည်နှင့်
ဆောင်ရွက်ရန်ရှိသည့် ကိစ္စများကို စီစဉ်ကြရသည်။ ကျောင်းသား ကျောင်း သူများ
တည်းခို ၊ နေထိုင်၊ စားသောက်၊ ကွင်းဆင်းရာ တွင် အစစ အဆင်ပြေစေရန်
ကြိုတင်ဆောင်ရွက်ကြ ရသည်။ လုံခြုံရေးအတွက် ဘုတလင်ရဲတပ်ဖွဲ့မှ
ဒုတိယရဲအုပ်တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးအား ကျောင်းသားများတည်းခိုမည့်
ညောင်ကန်ကျေးရွာ တွဲဖက် အထက်တန်းကျောင်းတွင် ခရီးစဉ်ပြီးဆုံး ချိန်အထိ
တာဝန်ချထားပေးသည်။
ကြိုတင် လုပ်ဆောင်ထားရမည့်ကိစ္စများ ဆောင်ရွက်ကြပြီး
နောက် တစ်ရက်တွင် ညောင်ကန်ရွာ အပြင်ရှိ အင်းဝနန်းမတော် အုတ်ကျောင်းနှင့်
ပုံစံတူ ဆောက်လုပ်ထားသည့် အုတ်ကျောင်းကြီးကို သွားရောက် လေ့လာကြပြီးနောက်
ဆရာတော်ဦးဗုဓ် ဖွားမြင်သန့်စင်ခဲ့ ရာ နေရာသို့သွားခဲ့ကြသည်။ ဆရာတော်
ဖွားမြင်ရာ မြေနေရာတွင် ''ဆရာတော် ဦးဗုဓ်ပြတိုက်'' ကို ဖွင့်လှစ် ထားသည်။
ညောင်ကန်ရွာအတွင်း ရွာလမ်းမပေါ်တွင် ရှိသည့် ပြတိုက် အဆောက်အအုံအတွင်း၌်
ဘုရားရှင်ရုပ်ပွား တော် တစ်ဆူသာ တွေ့ရသည်။
ဆရာတော် ဦးဗုဓ် ပြတိုက်သည်
ဆရာတော်ရှိစဉ်က အဆောက်အအုံ မဟုတ်ဘဲ ဆရာတော်ဖွားမြင်ခဲ့သည့် နေရာအား
အစဉ်အဆက် ထိန်းသိမ်းခဲ့ကာ အထိမ်းအမှတ် အဆောက်အအုံတစ်ခု ကို
ဆောက်လုပ်ထားခြင်းဖြစ် ကြောင်း၊ သာခေါင်ရပ်ဟု ခေါ်ဆိုကြောင်း
သိရှိခဲ့ရသည်။ဆရာတော်၏ အသုံးအဆောင်များသည် ဆရာတော် ငယ်စဉ်က
သီတင်းသုံးခဲ့သောကျောင်းတွင် အနည်း အပါးကျန်ရှိကြောင်း ဦးစိုးမြင့်အောင်က
ရှင်းပြသည်။
ညောင်ကန်ကျေးရွာသည် ရှေးအခါက ဗဒုံကျေးလက် တွင်
တည်ရှိခဲ့သောရွာကြီးတစ်ရွာဖြစ်ကာ ညောင်ကန်ရွာ ဇာတိ ဆရာတော်ဦးဗုဓ်က
မိမိကိုယ်တိုင်ပြုစုခဲ့သော ပါဠိသဒ္ဒါ ပဒရူပသိဒ္ဓိ နိဿယကျမ်းစာနိဂုံးတွင် ပါဠိ
ဘာသာဖြင့် မွေးရပ်မြေ ညောင်ကန် ရွာအကြောင်း ရေးသားခဲ့သည်။ မြန်မာပြန်မှာ
အောက်ပါအတိုင်းဖြစ်သည်။
''ဖားသည် မြွေကို၊ ကြွက်သည် ကြောင်ကို၊ သမင်သည်
ကျားကို အောင်မြင်ရာဖြစ်၍၊ ကပိလရှင်ရသေ့၏ ကျောင်း သင်္ခမ်းရာမြေနှင့်တူသော၊
ရန်သူတို့သည် မအောင်အပ်သော ဤမြေအရပ်၌ ညောင်ဗုဒ္ဓဟေပင် ပေါက်ရောက်ပြီ။
ဗောဓိအနီး မုစလိန္ဒအိုင်နှင့်တူ၍ ရေများစွာရှိသော ကန်ကြီးသည် ဖြစ်လတ်လေပြီ။
ထို ဗောဓိညောင်နှင့်ရေကန်တို့ကိုအမှီပြု၍ ခပ်သိမ်းသော ပြည်ကြီး အင်္ဂါနှင့်
ပြည့်စုံသော ပြည်ကြီးသည် ရှေးက ဖြစ်ခဲ့ဖူးပြီ။ ထိုပြည်ကြီးသူတို့၏
ကောင်းမှုကုန်ခြင်းကြောင့် ပျက်စီးလတ်သော် ထိုညောင်ကန် ဟူသော အမည်ဖြင့်
ထင်ရှားလှသော ရတနာမျိုးစုံနှင့်ပြည့်စုံသော နိဂုံး (ညောင်ကန်ရွာကြီး)သည်
ဖြစ်လတ်လေပြီ'' ဟူ၍ ဖြစ်သည်။
ဆရာတော် ဦးဗုဓ်လောင်းလျာ သားငယ်ကို အဘ
ဦးအိုနှင့်အမိ ဒေါ်မွှေးတို့က မြန်မာသက္ကရာဇ် ၁၁၄၉ ခုနှစ်၊ နယုန်လပြည့်ကျော် ၅
ရက် ၊ အင်္ဂါနေ့တွင် ရှေးအခါက ဗဒုံဟုခေါ်ခဲ့ သည့်
မြန်မာပြည်အထက်ပိုင်း၊ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာ သာခေါင်ရပ်၌
မွေးဖွားသန့်စင်ခဲ့သည်။မွေးဖွားချိန်တွင် လမင်းကို ရာဟု ငပုပ်
ဖမ်းချိန်ဖြစ်နေသောကြောင့် မိဘများက မောင်ပုပ်ဟု အမည်ပေးခဲ့သည်။ မောင်ပုပ်
အသက်ရှစ်နှစ် အရွယ်တွင် ညောင်ကန်ရွာ အနောက်တိုက်ခေါ် ရတနာမဉ္ဇူတိုက်
ဘုန်းတော်ကြီး ဦးပြေထံတွင် စတင်ပညာသင်ယူခဲ့သည်။မောင်ပုပ်သည် ကလေး သူငယ်
ကျောင်းသားအရွယ် ကပင် ဉာဏ်အလွန်ထက်မြက်ခဲ့သည်။
စာတစ်ပုဒ်၊ အကြောင်းအရာ
တစ်ခုကို သုံးကြိမ်ကြားရလျှင် အကုန် မှတ်မိသည်ဟု ဆိုသည်။ ကျောင်းမှ
အိမ်သို့ ပြန်လာတိုင်း သင်အံထားသော စာတစ်ပုဒ်ကို ရွတ်အံသွားမြဲဖြစ်ကာ
အိမ်ရှေ့ရောက်၍ စာကမပြီးဆုံးသေးလျှင် တံခါးတိုင်ကို မှီလျက်
စာဆုံးအောင်ရွတ်ဆိုပြီးမှ အိမ်အတွင်းသို့ ဝင်လေ့ ရှိသည်။ မောင်ပုပ်သည် အသက်
၁၃ နှစ် အရွယ်အထိ ဆရာတော်ဦးပြေထံတွင် ပညာသင်ယူခဲ့ပြီးနောက်
ဆရာတော်ဦးပြေက ကျောင်းနီးချင်းရဟန်း ဦးသာပုံထံ အပ်နှံပေးခဲ့သည်။
ဆရာတော်
ဦးသာပုံက ဥာဏ်ပညာ အလွန်ထက်မြက်သည့် မောင်ပုပ်သည် တစ်ချိန်ချိန်တွင်
လျှမ်းလျှမ်းတောက် ထင်ရှားလာမည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်ကို
ကြိုတင်တွက်ဆမိသည့်အတွက် မောင်ပုပ် ကို မောင်ဗုဓ်ဟု အမည်ပြောင်းပေးခဲ့သည်။
ဆရာတော် ဦးသာပုံကျောင်းမှာပင် မောင်ဗုဓ်သည် ရှင်သာမဏေ
အဖြစ်သို့ရောက်ရှိခဲ့ပြီး ဆရာတော် ဦးသာပုံက တပည့် ဖြစ်သူအား ဇမ္ဗူတစ်လွှား၊
တံခွန် အလား ထင်ရှားပေါ်လွင် မည့် နိမိတ်ကိုယူလျက် ''ရှင် ဇမ္ဗူ့ဓဇ'' ဟူသော
ဘွဲ့အမည် ကို ပေးခဲ့သည်။
ဆရာတော်လောင်းလျာသည် ငယ်စဉ်ကပင် စာပေ
လိုက်စားမှုကို အထူးဝါသနာ ထုံခဲ့ရာ အိပ်ချိန်၊ စားချိန်၊ ရေချိုးချိန်၊
ကုဋီဝင်ချိန်များမှလွဲ၍ စာနှင့်မျက်နှာခွာ သည်မရှိဟု ဆိုကြသည်။ စာဖတ်လျှင်
ဖတ်၊ မဖတ်လျှင် စာရေးနေလေ့ရှိသည်။ ရှင်ဇမ္ဗူ့ဓဇသည် ၁၁၆၉ ခုနှစ်တွင်
ရဟန်းအဖြစ်ခံယူခဲ့ပြီး ၁၁၈၂ ခုနှစ်တွင် ညောင်ကန် ဂိုဏ်းအုပ်ဖြစ်လာခဲ့ကာ
ညောင်ကန်ရွာ ရတနာမဉ္ဇူတိုက် တွင် စာသင်သား ၁ဝဝ ကျော်တို့ကို စာပေကျမ်းဂန်
အဖြာဖြာကို ပို့ချခဲ့သည်။
၁၁၉၂ ခုနှစ်တွင် အင်းဝမဟာအောင်မြေဘုံစံ
အုတ်ကျောင်း ပထမဆရာတော် ဦးပိုး ပျံလွန်ခဲ့ပြီး ဘကြီး တော်(စစ်ကိုင်းမင်း)
နှင့် မိဖုရား နန်းမတော်မယ်နုတို့က နေပြည်တော် အင်းဝရှိ မဟာအောင်မြေဘုံစံ
အုတ်ကျောင်း တော်ကြီးအား ကပ်လှူခဲ့သဖြင့် ဆရာတော် ဦးဗုဓ်သည် ဒုတိယ
အုတ်ကျောင်းဆရာတော်အဖြစ် အင်းဝသို့ ပြောင်းရွှေ့ကာ
နန်းမတော်မယ်နုအုတ်ကျောင်းတွင် သီတင်းသုံးခဲ့သည်။ ဆရာတော် ဦးဗုဓ်သည် စကား၌
လည်းကောင်း၊ တရား၌လည်းကောင်း အပြောအဟော နည်းပါးပြီး စာပေပရိယတ္တိကို
မပြတ်မလပ် ကြည့်ရှု ခြင်း၊ ပို့ချခြင်း၊ ကျမ်းပြုခြင်းဖြင့်သာ
အချိန်ကုန်လွန် လေ့ရှိသည်။ ပေတစ်ချပ်ကို သုံးကြိမ်ကြည့်လျှင် အာဂုံရ သည်ဟု
ဆိုကြသည်။
ရဟန်း နှစ်ဝါအရတွင် ဝိနည်း ငါးကျမ်းကို အာဂုံရခဲ့သည်။ သက်တော် ၅၅
နှစ်တွင် သာယာဝတီမင်းနှင့် နန်းမတော်မိဖုရားခေါင်တို့
ဆက်ကပ်လှူဒါန်းခဲ့သည့် အမရပူရမြို့၊ မင်္ဂလာဘုံကျော် ကျောင်းတွင်
ပျံလွန်ခဲ့သည်။ ဆရာတော် ဦးဗုဓ်သည် ရဟန်း ဝါ ၃၅ ဝါအတွင်း ပါဠိ
မြန်မာကျမ်းပေါင်း ၅၄ ကျမ်း ရေးသားစီရင်ခဲ့သဖြင့် သာသနာတော်နှင့်လောကအား
အလွန်ကျေးဇူးများသော ပုဂ္ဂိုလ်ထူးဖြစ်သည်ဟု မြန်မာ့ စွယ်စုံကျမ်းတွင်
ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာဝင်၌ ဗုဓ်အစ (ဗုဒ္ဓ
ဘုရားရှင်) ၊ ဗုဓ်အလယ် (ရှင်မဟာ ဗုဒ္ဓဃောသ) နှင့် ဗုဓ် အဆုံး (ဦးဗုဓ်) ဟု
ဆိုရိုး ရှိခဲ့သည်။ဆရာတော် ဦးဗုဓ်က နန်းမတော်မယ်နုအား သူမ၏
ဘဝနောက်ဆုံးအချိန်တွင် ပြောကြားဆုံးမခဲ့သည့် စကားတစ်ခွန်းသည်
မြန်မာ့သမိုင်းတွင် အလွန်ထင်ရှား ခဲ့သည်။
၁၂ဝ၂ ခုနှစ်(၁၈၄ဝပြည့်နှစ်
မေလ)တွင် နန်းမတော် မယ်နုကို ဘုရင့်နန်းကို ပုန်ကန်ရန် ကြံစည်မှုဖြင့်
သာယာဝတီမင်းက ရေချစီရင်ရန် အမိန့်ချခဲ့သည်။ မယ်နုအား စီရင်မည့်နေ့တွင်
နန်းမတော်မယ်နုသည် မြို့ဝန်နှင့် ပါးကွက်သားများထံ သူမသေမီ ဆရာတော်
ဦးဗုဓ်အား နောက်ဆုံး ဖူးမြော်ခွင့်ပေးရန် တောင်းခံခဲ့ သည်။ ဆရာတော်
ဦးဗုဓ်ကျောင်းသို့ ရောက်သောအခါ ဆရာတော်က စာကြည့်နေခိုက်ဖြစ်သည်။ မယ်နုက
ဆရာတော်ကို ဦးချကာ '' သူ၏ အာဏာစက်ဖြင့် အဆုံးစီရင်ခြင်းခံရပါတော့မည်၊
ဤနေ့ကား ဆရာတော် ဘုရားကို နောက်ဆုံး ဖူးမြော်ကန်တော့ခြင်း ဖြစ်ပါ ကြောင်း''
ဟု လျှောက်တင်ခဲ့သည်။
ဆရာတော်က စာကြည့်နေရာမှ နန်းမတော်မယ်နု
ရှိရာသို့ မျက်နှာမူလိုက်ပြီး ''မိနု၊ သူ့ြေ<ွကးရှိလျှင်ဆပ်ရ လိမ့်မည်''
ဟု အမိန့်ရှိပြီးသည်နှင့် ကျောင်းအမ မယ်နုသည် ဆရာတော်ဦးဗုဓ်ကို
ရှိခိုးဦးချကာ ကျောင်း ပေါ်မှ ဆင်းခဲ့ပြီး ပါးကွက်သားများ ခေါ်ဆောင်ရာ
နောက်သို့ ရဲရဲကြီးလိုက်ပါသွား ခဲ့တော့သည်ဟု စာရေး ဆရာ ညိုမြကသူ၏
ကုန်းဘောင်ရှာပုံတော်ဝယ် သံဝေဂ ရဖွယ် ရေးသားထားပေသည်။
ဆရာတော်ဦးဗုဓ်
ပြတိုက်မှအပြန်တွင် ညောင်ကန် ရွာတွင် ဆရာတော်ဦးဗုဓ်ငယ်စဉ်က
သီတင်းသုံးခဲ့သည့် ကျောင်းသို့ ကျွန်တော်တို့သွားခဲ့ကြသည်။ ဆရာတော် ဦးဗုဓ်
သီတင်းသုံးခဲ့သည့် ကျောင်းနေရာတွင် ခြေတံ ရှည်
နှစ်ထပ်သစ်သားကျောင်းကြီးတစ်ခုကို မြင်တွေ့ ကြရသည်။ ကျောင်းပေါ်သို့တက်၍
ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြပြီးနောက် ဆရာတော်က ကျောင်းအတွင်း
လိုက်လံပြသခဲ့သည်။ ယင်းသစ်သား ကျောင်းကြီးသည် ဆရာတော် ဦးဗုဓ်
သီတင်းသုံးခဲ့စဉ်က ကျောင်းဟောင်းမှ သစ်သားတိုင်များကို ပြန်လည် အသုံးပြုကာ
အသစ်ပြန်လည်တည်ဆောက်ထားသည့် ကျောင်းဖြစ်ကြောင်း ဆရာတော်က ရှင်းပြခဲ့သည်။
ကျောင်းပေါ်တွင် ဆရာတော်ဦးဗုဓ်၏ အသုံး အဆောင်အချို့ကို ဖူးတွေ့ရသည်။
ဆရာတော်၏ စာတိုက်၊ ဆရာတော်သုံးစွဲခဲ့သည့် မီးအိမ်တို့ကို တွေ့ရှိခဲ့ရသည်။
ဆရာတော်၏ စာတိုက်သည် သစ်သားကို အလွန်လက်ရာမြောက်စွာ ထွင်းထုထား သည့်
ရှေးခေတ်ဗီရို ဖြစ်ပြီး ပေစာများသိမ်းဆည်းရန် ဖြစ်ပေသည်။ ဆရာတော်၏
ကွမ်းအစ်၊ ဆင်စွယ်ကမ္မဝါ စာတို့ကို ထည့်ထားသော မှန်ဗီရိုအထဲတွင် ဗုဒ္ဓဆင်းတု
တော်တစ်ဆူကို တွေ့ကြရသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝ ဝန်းကျင်၊ ကုန်းဘောင် ခေတ်အတွင်း
စစ်ကိုင်းမင်းနှင့် သာယာဝတီမင်းတို့ ကိုးကွယ်ခဲ့သော သီလ၊သမာဓိ၊ ပညာဂုဏ်များ
အထူး ထင်ရှားခဲ့သည့် ဆရာတော် ဦးဗုဓ်ငယ်စဉ်က ပညာသင် ယူခဲ့သည့်
စာသင်တိုက်ကျောင်းရှိရာသို့ ရောက်ရှိခဲ့ရ သည့်အတွက် ကျွန်တော်များစွာ
ကျေနပ်နေမိပါသည်။နှစ်ထပ်ကျောင်းကြီးပေါ်ရှိ ဆရာတော်၏ ပုံတော်ကို
ရှိခိုးကန်တော့ပြီး ကျောင်းတိုက်မှ ပြန်ဆင်းလာခဲ့ချိန် တွင် ဆရာတော်
ဦးဗုဓ်၏ '' သူ့ကြွေးရှိလျှင်ဆပ်ရလိမ့် မည်'' ဟူသည့်
သံဝေဂတရားမိန့်မှာစကားကို ကြားနေရ သကဲ့သို့ ခံစားမိခဲ့ပါသည်။
မောင်သာ(ရှေးဟောင်းသုတေသန)
https://www.facebook.com/mwdmedia/posts/857911690992637