Pages

ရှုဖွယ်စုံလင် ရွှေသမင်တို့ ကျက်စားရာနယ်မြေဆီသို့



ရွှေဘိုမြို့ကို ရောက်နေသည်မှာ နှစ်ရက်ရှိပြီ။ အလုပ်တာဝန်များ ပြီးပြတ်အောင်ဆောင်ရွက်လိုက်ရာ ည ၁ဝ နာရီခန့်တွင် ပြီးစီးသွားသည်။ အလုပ်များပြီးပါက နာမည်ကျော် ရွှေသမင်များကျက်စားရာ ချပ်သင်းသဘာဝ ဘေးမဲ့တောသို့သွားရန် ကြိုတင်စိတ်ကူးထားသဖြင့် နောက်နေ့နံနက်စောစောကားဖြင့်သွားမည်ဟု ရွှေဘိုသားကိုဝင်းမြင့် ပြောစကားကြောင့် ဝမ်းသာသွားသည်။ ကမ္ဘာပေါ်၌် ရှားပါးနေပြီဖြစ်သော ရွှေသမင်များကို သဘာဝအတိုင်း လေ့လာမြင်တွေ့ခွင့် ရတော့မည့်စိတ်ကြောင့် တော်တော်နှင့်အိပ်မပျော်ခဲ့
ရွှေဘိုမြို့မှ နံနက် ၅ နာရီခန့် ကျွန်တော်တို့ မော်တော် ယာဉ်ဖြင့်ထွက်ခဲ့ရာ ကားအသွားအလာရှင်း သဖြင့် ခရီးတွင်သည်။


အအေးဓာတ်ဝင်စပြုသော ဆောင်းနံနက်ခင်း မို့လားမသိ ကားပြတင်းပေါက်မှ ဝင်ရောက်လာသည့် လေကအေးစိမ့်နေသည်။ ကား လမ်းဘေးဝဲယာတစ်လျှောက် လုပ်ငန်းခွင်ဝင်သူများ၊ စပါးပင်များဖြင့် ပြည့်နေသော လယ်ကွင်းများနှင့် ကျေးလက်နေအိမ်များကို မပြတ်တမ်း တွေ့မြင်လာ ရသည်။ နံနက် ၁ဝ နာရီခန့်တွင် ချပ်သင်းရွာ အနောက်ဘက် သုံးကီလိုမီတာအကွာတွင်ရှိသော ချပ်သင်းဘေးမဲ့တောသို့ ဆိုက်ရောက်လေသည်။


''ချပ်သင်းဘေးမဲ့တော'' ဟူသည့် အနီရောင် အောက်ခံပေါ်တွင် အဖြူရောင်ဖြင့် ရေးသားထားသော ဆိုင်းဘုတ်ကို တွေ့ရသည်။ သဘာဝကျစွာ လိုက်လျော ညီထွေမှုရှိစွာ ရေးသားထားသော ဆိုင်းဘုတ်က သစ်သားပြားပေါ်တွင် မပီဝိုးတဝါးဖြင့် နေရာယူ ထားသည်။ သစ်သားပြားအချို့ပေါ်၌ သတိပေးစာတန်း များကိုလည်း မြင်တွေ့ရသည်။ ချပ်သင်းဘေးမဲ့တောသို့ ကျွန်တော် ပထမဆုံး ခြေချခွင့်ရခဲ့ပြီဖြစ်သည်။ သွားလိုသည့် ဆန္ဒပြည့်ဝခဲ့ ၍လားမသိ တစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးလျက်ရှိသည်။


ချပ်သင်းဘေးမဲ့တောသည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း တည်ရှိသည်။ ရန်ကုန်မှလာ လျှင် မန္တလေးသို့ မီးရထားဖြင့်လာရောက်ကာ မန္တလေးမြို့မှ ရွှေဘိုမြို့သို့ ကားဖြင့် လာရောက်ပြီး ရွှေဘိုမှ ချပ်သင်း ဘေးမဲ့တောသို့ ကားဖြင့် သွားရောက်လေ့လာနိုင်မည် ဖြစ်သည်။ ရန်ကုန်မှ ရွှေဘို-ချပ်သင်းအထိ မိုင်ပေါင်း ၅၇၇ မိုင်ရှိပြီး ရွှေဘိုမြို့မှ ချပ်သင်းဘေးမဲ့တောသို့ မိုင် ၈ဝ ခန့်ကားမောင်းလျှင် ရောက်ရှိလေသည်။ ကျွန်တော်တို့ ချပ်သင်းဘေးမဲ့တောသို့ ရောက်ချိန်သည် နေအတန် မြင့်နေပြီဖြစ်သော်လည်း တောရိပ်၊ တောင်ရိပ်တို့ကြောင့် အပူချိန်မပြင်းထန်ချေ။


ရွှေဘိုသားကိုဝင်းမြင့်က ချပ်သင်းဘေးမဲ့တောသို့ မကြာခဏရောက်ရှိသူဖြစ်ရာ အဆင်ပြေလေသည်။ အချို့ နေရာများတွင် လမ်းဟုပင် ပီပီပြင်ပြင်မရှိသည့်နေရာ များစွာ တွေ့မြင်ရသည်။ အောက်ခြေရှင်းသော သစ်ပင် များကိုလည်း မြင်တွေ့ရသလို မိုးထိလွင့်ပျံနေသော အပင်များက နေပြောက်မထိုးအောင် ရှိနေတော့သည်။


ချပ်သင်းဘေးမဲ့တောကို ၁၉၄၁ ခုနှစ်မှ စတင်တည်ထောင်ခဲ့ ခြင်းဖြစ်ပြီး အကျယ်အဝန်းမှာ ၁ဝ၃ ဒသမ ၅၅ စတုရန်း မိုင် ကျယ်ဝန်းသည်ဟု သိရသည်။ ခရီးဝေးသော်လည်း ရှားပါးသမင်မျိုးဖြစ်သော ရွှေသမင်မျိုးတို့က ခရီးသွား ဧည့်သည်များကို ဆွဲဆောင်မှုတစ်ရပ်ဖြစ်ပြီး ခရီးသွား များအတွက် တန်ဖိုးရှိသောမြင်ကွင်းများကို တိုက်ရိုက် မြင်တွေ့လေ့လာနိုင်မည်ဖြစ်သည်။ ကျွန်တော်တို့ ချပ်သင်း ဘေးမဲ့တောသို့ရောက် ချိန်တွင် ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်အချို့ကို မြင်တွေ့ရသည်။ ကင်မရာတချိန်ချိန် နှင့် ဓာတ်ပုံမှတ်တမ်းရိုက်ယူနေ သည့် နိုင်ငံခြားသားခရီးသွား များမှာ နံနက်စောစောကပင် ရောက်ရှိလာကြောင်း၊ တောရိုင်းတိရစ္ဆာန်တို့၏ နံနက်ခင်းလှုပ်ရှားမှုမျာကို မြင်တွေ့လေ့လာလို၍ဖြစ်ကြောင်း သိရသည်။


''ရွှေသမင်တွေရှိတဲ့ နေရာဘက်သွားရအောင်'' ဟု ကိုဝင်းမြင့်က ပြောသဖြင့် လိုက်ပါသွားခဲ့သည်။ မြေကြီး လမ်းအတိုင်း လျှောက်လာခဲ့ရာ သစ်ပင်ထိပ်ဖျားပေါ်မှ ကျေးငှက်တို့အသံကိုကြားရသည်။ မော့ကြည့်လိုက်ရာ တစ်ပင်နှင့်တစ်ပင်ပျံသန်းကာ သဘာဝအတိုင်းလွတ်လပ်စွာ နေထိုင်ကြသည့် ငှက်အချို့ကိုတွေ့ရသည်။ ဗျိုင်းနှင့်တူ သော်လည်း အမွေးနှင့်အတောင်က အနက်နှင့်အဖြူရောစပ် ထားပြီး နှုတ်သီးကတိုတုတ်သဖြင့် ငှက်အမျိုးစားကိုခွဲခြား ၍မရ။ ချပ်သင်းဘေးမဲ့တောအတွင်း ငှက်မျိုးစိတ်ပေါင်း ၁၅၈ မျိုးခန့်ရှိကြောင်း သိရသည်။


လူသံမကြားရသော်လည်း ခပ်လှမ်းလှမ်းသစ်ပင် အုပ်စီမှ လွင့်ပျံလာသော ဥသြသံကိုသဲ့သဲ့ကြားရသည်။ မိုးအကုန်ဆောင်းအကူးကာလမှာပင် ဥသြသံကကြား နေရပြီ။ တိတ်ဆိတ်အေးချမ်းသော ချပ်သင်းတော အတွင်း ဥသြသံကြောင့် အလွမ်းစိတ်ဝင်ချင်သလိုပင်။ အပူပိုင်း သစ်တောများပေါက်ရောက်ရာ နေရာများတွင် ဥသြငှက်တို့ရှိတတ်စမြဲ။


''ဟိုမှာ... ဟိုမှာ .. ရွှေသမင်''ဟု လေသံဖြင့် ပြောသော ကိုဝင်းမြင့်အသံကြောင့် အတွေးရပ်သွား သည်။ သူညွှန်ပြရာသို့ကြည့်လိုက်ရာ ဦးချိုကားကားဖြင့် ရွှေသမင်တစ်ကောင်ကို မြင်တွေ့လိုက်ရသည်။ သစ်ပင်များကြားမှ ထိုးဆင်းလာသော နေရောင် အစက်အပြောက်များနှင့်အတူ ပေ ၁ဝဝ ခန့်အကွာတွင် မတ်တတ်ရပ်ကာ ဟိုသည်ကြည့်နေသော ရွှေသမင်ကို အံ့သြစွာမြင်တွေ့ရသည်။
ခန္ခာကိုယ်အမွေးအရောင်က ရွှေရောင်စစ်စစ် မဟုတ်သော်လည်း ကြည့်လိုက်သည် နှင့် ရွှေသမင်မှန်း သိသာနေသည်။ ဦးခေါင်းထက်တွင် ချိုဆိုင်နှစ်ခုက အချိုးအစားကျစွာ တည်ရှိနေပြီး မြင်တွေ့ရသည်မှာ မျက်စိမှမခွာနိုင်အောင် ဆွဲဆောင် နိုင်စွမ်းရှိသည်။ သစ်ပင်များကို အကာကွယ်ယူပြီး မြေပြင်၌ ဆောင့်ကြောင့်ထိုင်ကာ ရွှေသမင်၏ လှုပ်ရှားမှုကို အသံမထွက်စေဘဲ အသာအယာ စောင့်ကြည့် လေ့လာနေမိသည်။


ကမ္ဘာတွင် ရှားပါးနေပြီဖြစ်သော ရွှေသမင်မျိုးက မြန်မာနိုင်ငံတစ်ခုတည်း၌သာ အများဆုံးရှိနေသည်။ မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေ ရသည့် ရွှေသမင်များကို ချပ်သင်းဘေးမဲ့တောအတွင်း ထိန်းသိမ်း စောင့်ရှောက်ထားသည်မှာ အလွန်ကောင်း မွန်သော ဆောင်ရွက်မှုပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များဖြစ်သော ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် အိန္ဒိယတို့တွင် ရွှေသမင်အကောင်ရေ အနည်းငယ်သာရှိတော့သည်။


ချပ်သင်းဘေးမဲ့တော၌ ၁၉၉၅ ခုနှစ်က ရေဒီယို အချက်ပြစနစ်အပြင် အခြားခေတ်မီနည်းစနစ်များဖြင့် လေ့လာမှတ်တမ်းတင်မှုအရ ရွှေသမင်ကောင်ရေ ၃ဝဝဝ ကျော်ခန့်ရှိခဲ့သော်လည်း ယခုအခါ အကောင် ရေ ၁၅ဝဝ ကျော်သာရှိတော့ကြောင်း သိရသည်။ ဒေသခံများ၏ သတ်ဖြတ်မှု၊ တရားမဝင် အမဲလိုက် မုဆိုးများ၏ လက်ချက်ဖြင့် ရွှေသမင်အကောင်ရေ များစွာ လျော့နည်းကျဆင်းခဲ့ရသည်။ လွန်ခဲ့သည့် လေးလခန့် ကပင် ရွှေသမင်တစ်ကောင် ကားတိုက်ခံရပြီး သေဆုံး ခဲ့ကြောင်း သတင်းတစ်ပုဒ် ဖတ်ရှုခဲ့ရသည်ကို သတိရ မိသည်။


ချပ်သင်းဘေးမဲ့တောဝန်းကျင်တွင် ကျေးရွာပေါင်း ၂၅ ရွာခန့်ရှိနေရာ အချို့ဒေသခံများလက်ချက်ကြောင့် ရွှေသမင်များ ဘေးအန္တရာယ်ကြုံတွေ့နေရမှုကို လျော့နည်းစေရန် အသိပညာဗဟုသုတဖြန့်ဝေခြင်း၊ ဟောပြောခြင်း တို့ကို ကျေးရွာများအရောက် ဆောင်ရွက်နေသော်လည်း လိုက်နာမှုအားနည်းနေဆဲ ဖြစ်သည်။ လိုက်နာမှုအားနည်းရသည့် အဓိကအချက် မှာ စားဝတ်နေရေးပင်ဖြစ်ပြီး နေ့စဉ်ဝင်ငွေနည်းပါး မှုပင်ဖြစ်သည်။


ရွှေသမင်နောက်တစ်ကောင် ထပ်ရောက်လာ သဖြင့် ရှေ့သို့တိုးကြည့်လိုက်ရာ နှစ်ဦးသားထိခိုက်မိပြီး ယိုင်လဲသွားသည့်အသံကြောင့် ရွှေသမင်များ ရုတ်ခနဲ ထွက်ပြေးသွားတော့သည်။
လျှပ်တစ်ပြက်အတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် ရွှေသမင်များကို ဟိုဟိုသည်သည် လိုက်ရှာကြည့်ရှုသော်လည်း မတွေ့ တော့။


ကြီးမားသော ဦးချိုများရှိသော်လည်း သမင်များက တောအုပ်အတွင်း လျင်မြန်စွာပြေးလွှားနိုင်အောင် သဘာဝ အသိÓဏ်က ဖြည့်ဆည်းပေးထားသလားမသိ။ သစ်ပင်ချုံနွယ်များဖြင့် ငြိပြီးသေဆုံးသော သမင်များက ရှားလေ သည်။ ရွှေသမင်များမှာ အမြင့် ၁ ဒသမ ၅ မီတာရှိပြီး အချို့သက်တမ်း နှစ် ၂ဝ ခန့်ရှည်ကြောင်း သိရသည်။


ကျွန်တော်တို့ ရွှေသမင်ကြည့်သည့်နေရာမှ ပြန်ထွက်ခဲ့သည်။ ချပ်သင်းဘေးမဲ့တောအတွင်း စမ်းချောင်းလည်း စီးဆင်းလျက်ရှိရာ အချို့ခရီးသွားများက လှေငယ်ဖြင့် တောအတွင်း လိုက်လံကြည့်ရှုလေ့လာကြသည်။


တဖြည်းဖြည်း လျှောက်လာခဲ့ရာ အောက်ခြေရှင်းပြီး မြင့်မားစွာပေါက်ရောက်နေသော သစ်ပင်အချို့တွေ့မြင်ရသလို မြေပြင်၌် ဆေးဖက်ဝင်အပင်များစွာ ရှင်သန်နေသည်ကိုလည်း တွေ့ရသည်။
ချပ်သင်းဘေးမဲ့တောအတွင်း ဆေးဖက်ဝင် အပင်မျိုးစိတ်ပေါင်း ၇ဝ ကျော်ရှိပြီး အချို့ ဂမုန်းမျိုးစိတ်ဝင်အပင်များကိုလည်း မြင်တွေ့ရသည်။


အပင်များကို စိတ်ဝင်စားစွာ ကြည့်ရှုနေစဉ်မှာပင် မလှမ်းမကမ်းရှိ သစ်ပင်တစ်ပင်ပေါ်သို့ ဖျတ်ခနဲ ပြေးတက် သွားသော တောကောင်ငယ်တစ်ကောင်ကို ရိပ်ခနဲတွေ့လိုက်ရသဖြင့် ရှာဖွေကြည့်လိုက်ရာ တောကြောင် တစ်ကောင် ဖြစ်နေသည်။ သစ်ကိုင်းတစ်ကိုင်းမှတစ်ကိုင်းသို့ လျင်မြန်သွက်လက်စွာ ခုန်ကူးသွားသည်မှာ စက္ကန့် ပိုင်းအတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ချပ်သင်းတောအတွင်း ကျားသစ်၊ တောဝက်၊ မြေခွေး၊ တောခွေး စသည့် မျိုးစိတ်များ၊ ကုန်းရေနှစ်မျိုးနေသတ္တဝါမျိုးစိတ်များစွာ နေထိုင်ကျက်စားကြောင်း သိရသည်။ 


တိရစ္ဆာန် မျိုးစိတ်များကို ကာကွယ်စောင့်ရှောက်ရန်လိုအပ်နေပြီး သစ်ခွပန်းများ၊ အပင်မျိုးစိတ်များစွာအပြင် ငှက်မျိုးစိတ် များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လျက်ရှိရာ ဒေသခံများ ဝိုင်းဝန်းပူးပေါင်းမှသာ ရရှိမည်ဖြစ်သည်။

နေက တဖြည်းဖြည်းမြင့်လာသည်။ ရွှေဘိုမှ မန္တလေးအထိ ပြန်ရမည့်အချိန်ကိုတွက်ပြီး ချပ်သင်းဘေးမဲ့ တောအတွင်းမှ ပြန်ထွက်လာခဲ့သည်။ ကမ္ဘာပေါ်တွင် ရှားပါးနေပြီဖြစ်သော ရွှေသမင်များရှိရာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ ဝမ်းသာစရာကောင်းနေသည်။
ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည်မှာလည်း ဒေသခံများအပါအဝင် အားလုံး၌ အသိရှိရမည်ဖြစ်သည်။ ရွှေသမင်တို့ ကျက်စားရာ ချပ်သင်းဘေးမဲ့တောက တဖြည်းဖြည်းဝေး၍ ကျန်ခဲ့ပြီ။ ။
သတင်းဆောင်းပါး-မောင်မောင်မြင့်ဆွေ
ဓာတ်ပုံ-မောင်ချစ်ကြည်


https://www.facebook.com/mwdmedia/photos/a.280237205426758.63709.246194712164341/857910834326056/?type=3&theater 

No comments:

Post a Comment