Pages

ပထမဆုနှင့် လက်တစ်ကမ်း အလို




ဝမ်းထက်မိုး (ဇိန့်-အောင်လံ)

၂၀၁၃ ခုနှစ် ဇွန် ၃ ရက်မှ စတင်ကာ အခြေခံ ပညာကျောင်းများ ဖွင့်လှစ်ပြီ ဖြစ်၍ နေရာ အနှံ့တွင် အဖြူ၊ အစိမ်း ကျောင်းဝတ်စုံ များဖြင့် လှုပ်ရှားသွားလာ နေကြသော ကျောင်း သား၊ ကျောင်းသူလေး များကို မြင်တွေ့ နေရသည်။

ကျောင်းဖွင့်ပြီ ဆိုလျှင် ဆရာ၊ ဆရာမ များက အားပါးတရ စာသင် နေကြပုံ၊ ကျောင်းသား၊ ကျောင်းသူများ ကလည်း တက်တက်ကြွကြွ စာအော်ဆို နေကြပုံ၊ မိဘ အုပ်ထိန်းသူ များက ကျောင်းသွား၊ ကျောင်းပြန် လာရောက်ကြိုဆို နေပုံတို့သည် ဤအချိန် ရောက်လာတိုင်း မြင်နေကြ ပုံရိပ်များလည်း ဖြစ်ပါ၏။

ထိုပုံရိပ်များကို မြင်ရသော အခါ မိမိတို့ ငယ်စဉ် ကျောင်းသား ဘ၀က ကျောင်းတက်ခဲ့ပုံ၊ အတန်းထဲ၌ စာပြိုင် ခဲ့ကြပုံကို ပြန်လည် သတိရမိသည်။ သို့ဖြစ်၍ ပညာ သင်ကြား နေကြသော ကျောင်းသား၊ ကျောင်းသူတိုင်း အတွက် ပထမ ဆုနှင့် လက်တစ်ကမ်း အလိုကို ရောက်ရှိနေပြီ ဖြစ်ရာ ရိုးသားစွာ၊ သန့်ရှင်းစွာ ယှဉ်ပြိုင် ကြိုးစားကြရန် အားပေးတိုက်တွန်း ချင်ပါသည်။

စာမေးပွဲ အောင်ရုံ သက်သက်ဖြင့် မကျေနပ် နိုင်သေးဘဲ ထူးချွန်စွာ အောင်မြင်လိုသော ကျောင်းသား၊ ကျောင်းသူများလည်း ရှိ၏။ အတန်းထဲတွင် အဆင့်တစ်၊ နှစ်၊ သုံး ရအောင် ကြိုးစား နေသူများ၊ ဒသမ တန်းကို ဂုဏ်ထူး တစ်သီကြီးဖြင့် အောင်မြင်ရန် ကြိုးစားနေသူ များလည်းရှိ၏။ ထိုစိတ်ကူး အိပ်မက်ကို ကျောင်းသား၊ ကျောင်းသူတိုင်း မက်ခွင့် ရှိသကဲ့သို့ အမှန်တကယ် လက်တွေ့တွင်လည်း ရရှိအောင် ကြိုးစားခွင့် ရှိနေသည်ကို သတိပြုရမည်။

အချို့ ကျောင်းသားများက မကြိုးစားရ သေးမီ အားငယ်စိတ်များ ရှိတတ်ကြ၏။ ““ငါက သူ့လောက် ဥာဏ်မကောင်းဘူး၊ ငါက သူ့လောက် စာမတော်ဘူး”” ဟူ၍ သူတစ်ပါးအား အထင်ကြီးကာ မိမိ၏ အရည်အချင်း များကို မထုတ်ဖော်ဘဲ နေတတ်ကြသည်။ ဦးနှောက် ဥာဏ်ချင်း တူ၍သာ အတန်း ပညာကို အတူတူ သင်ခွင့်ရခြင်း ဖြစ်၍ အရည်အချင်း ကွာဟမှု မရှိသဖြင့် ကြိုးစား ယှဉ်ပြိုင်ပါက ဘာမဆို ဖြစ်လာနိုင်မည် ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကိုယ် မှတ်ဥာဏ် သိပ်မကောင်း ဘူးဟု ယူဆလျှင် စာတစ်ပုဒ်ကို အချိန်ဖြင့် ကျက်မှတ်၊ တွက်ချက် ကြည့်ပါ။ ဥပမာ-စာတစ်ပုဒ်ကို အချိန် ၁၅ မိနစ်ပေး၍ မရဘူး ဆိုပါက ကျေညက်စေရန် သုံးဆတိုးကာ ၄၅ မိနစ်အချိန် ယူလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ တဖြည်းဖြည်း ရလာ ပါလိမ့်မည်။

““ယနေ့ ကမ္ဘာပေါ်တွင် ကြီးပွားချမ်းသာ နေကြသော၊ အောင်မြင်ကျော်ကြား နေကြသော လူ၊ ပုဂ်္ဂိုလ်တိုင်းသည် အခြားသူများ အိပ်စက် အနားယူနေ ချိန်တွင် မနားမနေ ကြိုးစား ခဲ့ကြ၍သာ ဖြစ်ပါတယ်””ဟု အနောက်တိုင်း တွေးခေါ် ပညာရှင် တစ်ဦးက မိန့်ဆိုထားသည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကိုယ်လိုချင်သော ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရန်အတွက် ထိုက်တန်သော ကြိုးစား အားထုတ်မှု လိုအပ်ကြောင်း 
သဘောပေါက် နားလည် ထားရမည်။

ရိုးရိုး စာမေးပွဲ အောင်ရုံမျှနှင့် မတင်းတိမ်နိုင်ဘဲ အဆင့်တစ်၊ တစ်နည်းအားဖြင့် ပထမ ဆုကို ရယူလိုသူ ကျောင်းသား၊ ကျောင်းသူများ အနေနှင့်လည်း ဖြူစင် သန့်ရှင်းစွာ ယှဉ်ပြိုင်ပြီး ပထမ နေရာကို ယူရန် အလွန် အရေးကြီး ပါသည်။

ထို့ပြင် ပထမ နေရာနှင့် ထိုက်တန်သော အရည်အချင်း ရှိရန်လည်း လိုအပ်ပါသည်။ အခြားသော ကူညီ ပံ့ပိုးမှု များကို မယူဘဲ ဦးနှောက်ဥာဏ်ချင်း၊ ဇွဲ၊ လုံ့လ၊ ၀ီရိယချင်း ယှဉ်ပြိုင် ကြိုးစားရမှာ ဖြစ်ပါသည်။ ထိုအလေ့ အကျင့်သည် ကျောင်းသား ဘ၀၌ သာမက အရွယ်ရောက်၍ လူမှု ပတ်ဝန်းကျင် နယ်ပယ်အထိ အသုံးဝင်နေမည် ဖြစ်ပါသည်။

ပထမ ဦးစွာ မိမိ အတန်းထဲ၌ ပထမ ရအောင် ကြိုးစားရမည်။ ထိုရမှတ်များသည် အမြင့်ဆုံး ဖြစ်နေဖို့ လိုပါသည်။ သို့မှသာ အခြား အတန်းများမှ ပထမ များနှင့် ယှဉ်သည့် အခါတွင်လည်း ပထမ ရမည်ဖြစ်သည်။ စာတော်ရုံ၊ ပထမ ရရုံဖြင့် မပြီးသေးပါ။ ဆရာ၊ ဆရာမ များ၏ စကားကို နားထောင်ပြီး စိတ်ဓာတ်၊ စည်းကမ်းလည်း ကောင်းမွန်ရမည်။ ထို့ပြင် အတန်းဖော် သူငယ်ချင်း များနှင့်လည်း ချစ်ချစ်ခင်ခင် နေရမည်ဖြစ်ပြီး စာမတော်သော သူငယ်ချင်း များကို စာရှင်းပြ ခြင်းဖြင့် ပညာဒါန လှူတတ်ရမည်။ ထိုအခါမှသာ ပြီးပြည့်စုံသော ပထမ ဆုရှင် ဖြစ်လာနိုင် ပါသည်။

အတန်း တစ်တန်း၌ ပထမဆု ရဖူးသူသည် အတန်းတိုင်းတွင် ပထမ ဆက်တိုက် ရတတ်၏။ အချို့ကမူ ပဉ္စမတန်းတွင် ကောက်ကာငင်ကာ ပထမဆု ရရှိပြီး ဒသမတန်း အထိ ဆက်တိုက်ရရှိ သွားတတ်၏။ အချို့မှာ န၀မတန်း ရောက်မှသာ ပထမဆု ရလာပြီး ဒသမ တန်းကို ထူးချွန်စွာ အောင်မြင်သွားတတ် ကြ၏။ အတန်းတိုင်းတွင် ပထမဆု ရသော်လည်း စာကျေညက်ရန် အရေးကြီးသည်။ သို့မှသာ အခြေခံ ပညာ အထက်တန်း (တက္ကသိုလ်ဝင် စာမေးပွဲ)ကို နှစ်ချင်းပေါက် သို့မဟုတ် ဂုဏ်ထူး များစွာဖြင့် အောင်မြင်နိုင်မည် ဖြစ်သည်။

စာပေ၌ ပထမဆု ရနေရုံမျှဖြင့် ကျေနပ်နေ၍ မရပေ။ ဘက်စုံ ထူးချွန်ရန် ကြိုးစားရမည်။ အချို့က စာတော်ပြီး အားကစား မထူးချွန်ကြ၊ အချို့က အားကစား ထူးချွန်ပြီး စာမတော် ကြပေ။ ထိုကဲ့သို့ မဖြစ်စေရန် နှစ်မျိုးလုံးကို ညီမျှအောင် ကြိုးစား ရပါမည်။ စာသင်ချိန်တွင် စာလုပ်ပြီး အားကစား လုပ်ချိန်တွင် နှစ်သက်ရာ အားကစား တစ်ခုခုကို ကစား ပေးရမည်။ ကျောင်းသားနှင့် အားကစားမှာ ဒွန်တွဲလျက် ရှိနေသည် ဖြစ်ရာ စာတော်ပြီး အားကစား ထူးချွန်ပါက ဘက်စုံ ထူးချွန်ကျောင်းသား ဖြစ်ခွင့်ရမည် ဖြစ်သည်။

သို့ဖြစ်၍ သူငယ်တန်းမှ ဒသမတန်း အထိ ပညာ သင်ကြားလျက် ရှိသော ကျောင်းသား၊ ကျောင်းသူတိုင်းတွင် ပထမဆု အတွက် ကြိုးစားရန် တန်းတူ အခွင့်အရေး ရှိနေသလို လက်တစ်ကမ်း အလိုကို ရောက်နေပြီ ဖြစ်ပါသည်။ စူးစမ်း လေ့လာလိုစိတ်၊ ကြိုးစားလိုစိတ် များကို မှန်ကန်သော လမ်းကြောင်းအတိုင်း ရောက်ရှိရေးမှာ သင်ကြား ပြသသော ဆရာ၊ ဆရာမများ၊ အုပ်ထိန်းသူ မိဘများနှင့် နေထိုင်ရာ ပတ်ဝန်းကျင် တို့က ၀ိုင်းဝန်းတည့်မတ် ထိန်းကျောင်းပေးရန် အထူး လိုအပ်ပါသည်။ ထူးချွန် ထက်မြက်သော အနာဂတ် ပန်းရောင်စုံ လေးများ ဖူးပွင့် လန်းဆန်းမှသာ ကမ္ဘာလောက ကြီးသည်လည်း အဓိပ္ပာယ် ရှိရှိ လှပနိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့် ပထမ ဆုနှင့် လက်တစ်ကမ်း အလိုတွင် ရောက်ရှိ နေကြသော ကျောင်းသား၊ ကျောင်းသူ အားလုံးကလည်း ““ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ”” ဟူသော တပည့် ကျင့်ဝတ်ကို လိုက်နာ ကြသော တပည့် အလိမ္မာ လေးများအဖြစ် ပညာရေး ပန်းခင်းကြီး ထဲတွင် ပျော်ရွှင်စွာ သင်ယူနားခို နိုင်ကြပါစေ။ အနာဂတ် ပန်းတိုင်များ ဆီသို့ အောင်မြင်မှု များစွာဖြင့် အရောက်လှမ်းနိုင် ကြပါစေဟု ဆုမွန်ကောင်း တောင်းလျက် တိုက်တွန်း လိုက်ရပါသည်။

http://www.myawady.com.mm/library/stories/storiesforall/item/22616-2013-08-17-09-52-27

No comments:

Post a Comment