Pages

“မှားယွင်းသော အယူရှိသူနား မကပ်သင့်ပုံ”




အမြင်တစ်ခုဟာ စောင်းသွားပြီဆိုလို့ရှိရင်
“အာဓာနဂ္ဂါဟီ” - စွဲစွဲလမ်းလမ်းယူတာ ဖြစ်သောကြောင့်
“ဒုပ္ပဋိနိဿဂ္ဂီ” တဲ့၊ စွန့်လွှတ်ဖို့ဆိုတာ အလွန်ခက်တယ်။

အယူဝါဒတစ်ခုဟာ လွယ်လွယ်နဲ့ စွန့်လွှတ်နိုင်မှာ မဟုတ်ဘူးတဲ့။
မှားယွင်းတဲ့ အယူအဆတစ်ရပ်ကို အမြင်မှန်ရအောင် ချေဖျက်ပစ်ဖို့ဆိုတာ အလွန်တရာမှ ခဲယဉ်းတယ်တဲ့။

ဒါကြောင့်မို့ အဋ္ဌကထာ ဆရာကြီးတွေက တိုင်တွန်းနှိုးဆော်ထားတာ ရှိတယ်-

အသက်ရှည်လိုတဲ့ပုဂ္ဂိုလ်ဟာ ပြင်းထန်တဲ့အဆိပ်အတောက်ရှိတဲ့ မြွေဆိုးတွေနား မကပ်သင့်ဘူးတဲ့။
မြွေဆိုးတွေနားမှာ ကပ်လို့ မြွေကိုက်ခံရလို့ရှိရင် သေဆုံးသွားနိုင်တယ်။

ဒါကြောင့်မို့ “မှားယွင်းတဲ့ အယူရှိတဲ့ ပုဂ္ဂိုလ်နားမှာ
သူပြောမယ့် မှားယွင်းတဲ့စကားတွေ မကြားမိအောင်
သူ့စကားကို နားမထောင်မိဖို့ သူ့ကို ဝေးဝေးက ရှောင်ရမယ်။
”မှားယွင်းတဲ့ အယူအဆရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သူကယုတ္တိဆင်ပြီးတော့ပြောလို့ ကိုယ်ကနည်းနည်းသဘောကျသွားမိမယ်၊
မှားယွင်းတဲ့အယူအဆတစ်ရပ်ကို ကိုယ့်သန္တာန်မှာ လက်ခံသွားမိမယ်ဆိုရင် အလွန်အန္တရာယ်များတယ်ပေါ့။

ဒါကြောင့်မို့ ဒီလိုပုဂ္ဂိုလ်မျိုးရဲ့ စကားကိုလည်း နားမထောင်မိစေနဲ့လို့ ပြောတာ။
နားထောင်မိရင် အယူအဆတစ်ရပ်ဟာ မှားယွင်းသွားနိုင်တယ်။
ဒါမျိုးက ဖြစ်နိုင်တယ်..။
ဒါကြောင့်မို့ အဋ္ဌကထာဆရာကြီးတွေက ဒီဂါထာလေးနဲ့ သတိပေးထားတာ ရှိတယ် . . .

“တသ္မာ အကလျာဏဇနံ၊ အာသီဝိသ မိဝေါရဂံ၊ အာရကာ ပရိဝဇ္ဇေယျ၊ ဘူတိကာမော ဝိစက္ခဏော” တဲ့။

အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ (Ph.D) ဆရာတော်ကြီး
ပဋိစ္စသမုပ္ပါဒ် ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း (နှာ- ၁၇၁) မှကောက်နုတ်ပူဇော်ပါသည်။
ထေရဝါဒ ရနံ့ မှ ကူးယူဖော်ပြပါသည်။
 

No comments:

Post a Comment