CCTV သတင်းဌာန CCTV News သည် ဘေဂျင်းမြို့တွင် အခြေစိုက်သည့် ၂၄ နာရီပတ်လုံး အင်္ဂလိပ် ဘာသာဖြင့် ထုတ်လွှင့်လျက် ရှိသော ရုပ်သံသတင်းဌာန တစ်ခုဖြစ်သည်။ ယခင်က CCTV-9 ဟု ခေါ်ဝေါ်ခဲ့ရာမှ အမည်ပြောင်းလဲ ခဲ့ခြင်းဖြစ်သည်။ ၎င်းရုပ်သံလိုင်းသည် ၂ဝဝဝ ပြည့်နှစ် စက်တင်ဘာ ၁၅ရက်က စတင် ထုတ်လွှင့်ခဲ့သော CCTV International ၏ လက်အောက်တွင် ပါဝင်သော ဆက်စပ် ရုပ်သံလိုင်းတစ်ခု ဖြစ်သည်။
CCTV International တွင် မင်ဒါရင် တရုတ်ဘာသာဖြင့် ထုတ်လွှင့်လျက်ရှိသော နိုင်ငံတကာ ရုပ်သံလိုင်းဖြစ်သည့် CCTV-4 ၊ စပိန်ဘာသာဖြင့် ထုတ်လွှင့်သည့် CCTV-E ၊ ပြင်သစ်ဘာသာဖြင့် ထုတ်လွှင့်သည့် CCTV-F၊ ရုရှားဘာသာဖြင့် ထုတ်လွှင့်သည့် CCTV International Russian ၊ အာရေဗျ ဘာသာဖြင့် ထုတ်လွှင့်သည့် CCTV International Arabic နှင့် ပေါ်တူဂီ ဘာသာဖြင့် ထုတ်လွှင့်သည့် CCTV-P ရုပ်သံလိုင်းတို့ ပါဝင်သည်။
အစီအစဉ်များ
CCTV News ရုပ်သံလိုင်းသည် ဂြိုဟ်တုမှ အခမဲ့ ထုတ်လွှင့်ပေးနေသော ရုပ်သံလိုင်းဖြစ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၁ဝဝ ကျော်ရှိ ပရိသတ်ပေါင်း ၈၅ သန်းကျော် အတွက် ထုတ်လွှင့်ပေးလျက် ရှိသည်။ ထုတ်လွှင့်လျက်ရှိသော အစီအစဉ်များတွင် အာရှစီးပွားရေး၊ ယနေ့အာရှ၊ တရုတ်နိုင်ငံအကြောင်း၊ ယဉ်ကျေးမှု၊ အပြန်အလှန် ဆွေးနွေးခန်း၊ သဘာဝနှင့် သိပ္ပံပညာ၊ ခရီးသွားလာရေး၊ တရုတ်ဘာသာ စကား သင်ကြားရေး၊ နောက်ဆုံးရ သတင်းများ၊ အာဖရိက သတင်းများနှင့် ဆွေးနွေးခန်းများ၊ အာရှ- အမေရိကန် စီးပွားရေးနှင့် အမေရိကန် အကြောင်းစသည့် အစီအစဉ်များ ပါဝင်လျက်ရှိသည်။
ဝန်ထမ်းများ
CCTV News
ရုပ်မြင်သံကြားဌာန၏ ဝန်ထမ်းများသည် အလုပ်သင် ဝန်ထမ်းများမှသည်
ရုပ်မြင်သံကြား နယ်ပယ်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော
ကျွမ်းကျင်သူများ အထိ ပါဝင် တာဝန် ထမ်းဆောင်လျက် ရှိကြသည်။ အမှုဆောင်
ထုတ်လုပ်ရေးမှူးများ၊ ရုပ်မြင်သံကြား အစီအစဉ် ထုတ်လုပ်သူများနှင့်
ဝါရင့်သတင်း အစီအစဉ် ကြေညာသူများသည် ပညာ အရည်အချင်း မြင့်မားသူများ
ဖြစ်ကြပြီး နိုင်ငံရပ်ခြား တက္ကသိုလ်များမှ ဘွဲ့ရများပင် ပါဝင်သည်။ ၂ဝဝ၇
ခုနှစ် အထိ အဆိုပါ ရုပ်သံလိုင်းတွင် ဝန်ထမ်း ၃ဝဝ ခန့်ရှိပြီး ၎င်းတို့ထဲမှ ၇ဝ
ဦးမှာ အချိန်ပြည့် ဝန်ထမ်းများဖြစ်ပြီး ၃ဝဦးခန့်မှာ စာချုပ်ဖြင့်
အလုပ်လုပ်နေကြသော နိုင်ငံခြားသားများ ဖြစ်ကြသည်။ ၂ဝ၁၁ ခုနှစ်မှစ၍ CCTV News
ရုပ်သံလိုင်းသည် တရုတ်နိုင်ငံတစ်ဝန်း ပြည်နယ်ဗျူရို ၃ဝ တွင် အခြေစိုက်သော
အင်္ဂလိပ် စကားပြော သတင်းထောက်များကို ငှားရမ်း လုပ်ကိုင်ခဲ့သည်။
၂၄နာရီရုပ်သံလိုင်း
CCTV သတင်းဌာနသည်
အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံတကာ သတင်းများ ထုတ်လွှင့်ရန် အတွက် တရုတ်နိုင်ငံ၏
ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းရေး လုပ်ငန်းစဉ် စတင်သော ၁၉၇၉ ခုနှစ်
ဇန်နဝါရီ ၁ ရက်က စတင် အကောင်အထည် ဖော်ခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် သတင်း
အစီအစဉ်များကို ၁၉၈၄ ခုနှစ်တွင် CCTV-2 အမည်ဖြင့် စတင်ခဲ့ပြီး ပြည်ပမှ ရုပ်သံကြည့်ရှုသူ များအတွက် ထုတ်လွှင့် ပေးနိုင်ခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ် ဧပြီလအထိ CCTV-9
အမည်ဖြင့် သတင်းများ၊ ခရီးသွားလာရေး အစီအစဉ်များနှင့် ဘာသာစကား
လေ့ကျင့်သင်ကြားရေး အစီအစဉ်များကို ပေါင်းစပ် ထုတ်လွှင့်ခဲ့သည်။ ၂ဝ၁ဝ
ပြည့်နှစ် ဧပြီလမှစ၍ CCTV News အမည်ဖြင့် ၂၄ နာရီပတ်လုံး ထုတ်လွှင့်နိုင်သည့် အင်္ဂလိပ် ဘာသာ ရုပ်သံလိုင်း ဖြစ်လာသည်။
ပြည်ပသတင်း တင်ဆက်သူများ
CCTV News
ရုပ်သံလိုင်းသည် အတွေ့အကြုံ ကြွယ်ဝသည့် နိုင်ငံခြား သတင်းစီစဉ်
တင်ဆက်သူများဖြင့် ထုတ်လွှင့်လျက်ရှိရာ ၎င်းတို့ထဲတွင် အက်ဒဝင်မဟာ ကဲ့သို့သော
သြစတေးလျ ရုပ်သံ ထုတ်လွှင့်ရေး ကော်ပိုရေးရှင်း (ABC) မှ သတင်း တင်ဆက်သူနှင့် မိုးလေဝသ ထုတ်လွှင့် တင်ဆက်သူများလည်း ပါဝင်သည်။ ပထမဆုံး နိုင်ငံခြားသား သတင်း တင်ဆက် သူမှာ ဟောင်ကောင်TVB
ရုပ်သံလိုင်းမှ ပြောင်းရွှေ့လာသော ခရစ္စဂျယ်ဂင် ဖြစ်သည်။ အခြား
နိုင်ငံရပ်ခြား စီစဉ် တင်ဆက်သူများမှာ ဂျိုးနက်စ် ဂီးလ်ဘက်၊ ထရေစီဟုမ်း၊
မာ့ခ်ရော့စ်ဝဲလ်နှင့် တိုနီပါကင်စ်တို့ဖြစ်ကြသည်။
နိုင်ငံရပ်ခြား ဌာနခွဲများ
CCTV News သည် တိုကျို၊
ဆိုးလ်၊ ကိုင်ရို၊ မော်စကို၊ လန်ဒန်၊ နယူးယောက်၊မက်ဒရစ၊် ၀ါရှင်တန်၊
ရီယိုဒီဂျနေရိုးနှင့် ဂျိုဟန်နက်စဘက်စသည့် ကမ္ဘာ တ၀န်းရှိ နေရာဒေသများ၌
သတင်းထောက်များ ထားရှိ၍ သတင်းများ ပေးပို့ရယူ ထုတ်လွှင့်ခြင်းကို
လုပ်ကိုင်လျက် ရှိသည်။ CCTV သတင်းဌာနသည် နိုင်ငံရပ်ခြား၌
ရုပ်သံထုတ်လွှင့်ရေး ဌာနများ ထားရှိ ဆောင်ရွက်လျက် ရှိရာ အာဖရိကတိုက်
ကင်ညာနိုင်ငံ၊ နိုင်ရိုဘီ ရုပ်သံ ထုတ်လွှင့်ရေး ဌာနနှင့် အမေရိကန်
ပြည်ထောင်စု ဝါရှင်တန်တို့တွင်လည်း ရုပ်သံထုတ်လွှင့်ရေး ဌာနများ ဖွင့်လှစ်
ဆောင်ရွက်လျက် ရှိသည်။
၂ဝ၁ဝ ပြည့်နှစ်တွင် CCTV News ရုပ်သံလိုင်းသည် ကွဲပြားခြားနားသော ရှုထောင့် အမြင်များဖြင့် သတင်းများကို စီစဉ်ထုတ်လွှင့် နိုင်ခြင်းကြောင့်Hot Bird TV Awards ဆုပေးပွဲတွင် National Window Prize ကို ရရှိခဲ့သည်။
http://www.myawady.com.mm/
No comments:
Post a Comment