Pages

“အနှိုင်းမဲ့ကုသိုလ်”

          
လောကမှာ ရှိရှိသမျှကုသိုလ်တရားအားလုံးထဲမှာ အပ္ပမာဒတရားဟာ အနှိုင်းမဲ့ကုသိုလ်တရား ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ အပ္ပမာတရားထက် ပိုပြီး ကုသိုလ်ရှင်ရဲ့စိတ်ကို ဖြူစင်စေပါတယ်၊ ကုသိုလ်ရှင်ကို ကောင်းကျိုးပြုပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊
ထပ်တူပြုစရာ တခြားကုသိုလ်တရား မရှိတော့လို့ပဲ။

အပ္ပမာဒတရားနဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့ တခြားကုသိုလ်တရား လောကမှာမရှိတော့တဲ့အတွက်
အပ္ပမာဒတရားဟာ “အနှိုင်းမဲ့ကုသိုလ်တရား”ဖြစ်ရပါတယ်။စိတ်ကို ဖြူစင်စေတတ်တဲ့သဘောကို
ကုသိုလ်လို့ ခေါ်ပါတယ်။ စိတ်ဓာတ်တစ်ခု၊ လုပ်ရပ်တစ်ခုကြောင့် မိမိရဲ့စိတ် ဖြူစင်သန့်ရှင်းသွားတယ်
ဆိုရင် အဲဒီစိတ်ဓာတ်၊အဲဒီလုပ်ရပါဟာ ကုသိုလ်ပါပဲ။

ငါ့စိတ်ဓာတ် ဘယ်လောက်ကောင်းပါတယ်၊ ငါ့လုပ်ရပ် ဘယ်လောက်မြတ်ပါတယ်လို့ ဘယ်လိုပဲ
ပြောပြော၊ အဲဒီစိတ်ဓာတ် ရှိနေခိုက်၊ အဲဒီလုပ်ရပ် လုပ်နေခိုက် စိတ်ဓာတ်ပိုင်ရှင်၊ လုပ်ရပ်ရှင်ရဲ့
သန္တာန်မှာ စိတ်ဖြူစင်သန့်ရှင်းမှု မရှိဘူးဆိုရင် အဲဒီစိတ်ဓာတ်၊ အဲဒီလုပ်ရပ်ကို ကုသိုလ်လို့ မခေါ်နိုင်ပါဘူး။
ဘယ်စိတ်ဓာတ်၊ ဘယ်လုပ်ရပ်မဆို စိတ်ကိုဖြူစင်သန့်ရှင်းစေမှ ကုသိုလ်လို့ ခေါ်နိုင်ပါတယ်။

ကုသိုလ်မှန်သမျှ ကုသိုလ်ရှင်ရဲ့ စိတ်ကို ဖြူစင် သန့်ရှင်းစေတဲ့အပြင် ကုသိုလ်ရှင်အတွက်
ကောင်းကျိုးချမ်းသာ အဖြာဖြာကိုလည်း ဆောင်ကြဉ်းပေးနိုင်စွမ်းရှိပါတယ်။ ကုသိုလ်ကြောင့်
ဆိုးကျိုးကြုံရတယ်၊ ဆင်းရဲခံရတယ်လို့ မရှိပါဘူး။ ကောင်းကျိုးကြုံရတယ်၊ ချမ်းသာစံရတယ်လို့ပဲရှိပါတယ်။

ကုသိုလ်ရှင်ကို စိတ်ဖြူစင်စေတတ်တဲ့၊ ကောင်းကျိုးပေးတတ်တဲ့ ကုသိုလ်တရားတွေ အားလုံးထဲမှာ
အပ္ပမာဒတရားဟာ အမြတ်ဆုံးပါပဲ။ ဘာလို့လဲဆိုတော့အပ္ပမာဒတရားကြောင့်သာ တခြားကုသိုလ်တရားတွေဖြစ်ပွားခွင့်ရလို့၊ အပ္ပမာဒတရားဟာ ကုသိုလ်တရား
အားလုံး ဖြစ်ပွားခြင်းရဲ့ အကြောင်းရင်း အခြေခံရေသောက်မြစ် ဖြစ်လို့ပါပဲ။

အပ္ပမာဒတရား မရှိဘဲနဲ့ ဘယ်ကုသိုလ်ကောင်းမှုမှ ဖြစ်ပွားခွင့် မရှိပါဘူး။ ဒါနကုသိုလ်လည်း အပ္ပမာဒတရား
ကြောင့်ပဲ ဖြစ်ရပါတယ်။ သီလကုသိုလ်လည်း အပ္ပမာဒတရားကြောင့်ပဲ ဖြစ်ရပါတယ်။ သမထကုသိုလ်လည်း အပ္ပမာဒတရားကြောင့်ပဲ ဖြစ်ရပါတယ်။
ဝိပဿနာကုသိုလ်လည်း အပ္ပမာဒတရားကြောင့်ပဲ ဖြစ်ရပါတယ်။ ကုသိုလ်ကောင်းမှုအားလုံး
အပ္ပမာဒတရားဟာ ကုသိုလ်ကောင်းမှုအားလုံးရဲ့ အဓိကရေသောက်မြစ် ဖြစ်ပါတယ်။

အပ္ပမာဒတရားကို ကုသိုလ်အားလုံးရဲ့ အကြောင်းရင်းလို့ ပြောလိုက်ရင် ကောင်းကျိုးချမ်းသာ အားလုံးရဲ့
အကြာင်းရင်းဆိုတဲ့ အဓိပ္ပာယ်လည်း အလိုလို သက်ရောက်သွားပါတယ်။ ဘာလို့လဲဆိုတော့
ကောင်းကျိုးချမ်းသာဆိုတဲ့ နာမည်ဟာ ကောင်းမှုကုသိုလ်ရဲ့ နာမည်ဖြစ်လို့ အသီးအပွင့် ဖြစ်လို့ပါပဲ။

ကုသိုလ်စိတ်တစ်ခု တစ်စက္ကန့်ဖြစ်တိုင်း စေတနာ အရှိန် ခုနှစ်ခု ဖြစ်ပါတယ်။ ပထမစေတနာအရှိန်က
ဒီမျက်မှောက်ဘဝ၊ ပထမဘဝမှာ ချက်ချင်းအကျိုးပေးပြီး သတ္တမစေတနာအရှိန်ကတော့ ဒီဘဝပြီးရင် ရောက်မယ့်နောက်ဘဝ၊ ဒုတိယဘဝမှာ အကျိုးပေးပါတယ်။
အလယ်က စေတနာအရှိန်ငါးခုကတော့ တတိယဘဝကနေ စပြီး နိဗ္ဗာန်မရောက်မချင်း အလျဉ်းသင့်သလို
အကျိုးပေးပါတယ်။
(အကုသိုလ်စိတ်တွေရဲ့ အကျိုးပေးလည်း နည်းတူပါပဲ။)

ပထမစေတနာအရှိန် (ပထမဇော) ကြောင့်ပေးတဲ့ ပစ္စုပ္ပန်ကောင်းကျိုးတွေရော၊ နောက်နောင်စေတနာ
အရှိန် (နောက်နောက်ဇော) တွေကြောင့်ပေးတဲ့ တမလွန် ကောင်းကျိုးတွေရော၊ ကောင်းကျိုးအားလုံးဟာ
ကုသိုလ်ရဲ့ အကျိုးဆက်တွေချည်းဖြစ်လို့ ကုသိုလ်အားလုံးရဲ့ အကြောင်းရင်း အပ္ပမာဒတရားဟာ
ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုးအားလုံးရဲ့ အကြောင်းရင်းလည်း ဖြစ်ရပြန်ပါတယ်။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက မြတ်စွာဘုရားကို ကောသလမင်းကြီးက မေးခွန်းတစ်ခု မေးခဲ့ဖူးပါတယ်။

“မြတ်စွာဘုရား...၊ ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး၊ ကောင်းကျိုးနှစ်မျိုးလုံးကိ
သယ်ပိုးရွက်ဆောင်ပေးနိုင်တဲ့ တစ်ခုတည်းသော အကြောင်းတရား ရှိပါသလားဘုရား”

“ရှိပါတယ် ဒကာတော်မင်းကြီး”

“ဘယ်တရားပါလဲ ဘုရား”
“အပ္ပမာဒတရားပါပဲ ဒကာတော်မင်းကြီး၊
ဥပမာ ဆင်ခြေရာလိုပဲပေါ့၊ ကုန်းနေသတ္တဝါအားလုံးရဲ့ ခြေရာတွေထဲမှာ ဆင်ခြေရာဟာ အကြီးဆုံးပဲ
မဟုတ်လား၊ ခြေရာမှန်သမျှ ဆင်ခြေရာထဲမှာအကျုံးဝင်ကြတယ်လေ၊ ဘယ်ခြေရာကိုမဆို
ဆင်ခြေရာထဲထည့်လို့ ရတာချည်းပဲ၊ အဲဒီလိုပါပဲ။ငါဘုရားဟောကြားထားသမျှ တရားအားလုံး
အပ္ပမာဒတရားထဲမှာ အကျုံးဝင်ကြပါတယ်။အပ္ပမာဒတရားဟာ လိုရင်းအနှစ်ချုပ်တရားပါပဲ။
ဒီအပ္ပမာဒတရား တစ်ပါးတည်းကပဲ ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး၊ ကောင်းကျိုးနှစ်မျိုးလုံးကိ
သယ်ပိုးရွက်ဆောင်ပေးနိုင်ပါတယ်။”

မြတ်စွာဘုရားရှင်ရဲ့ ဖြေကြားချက်ဟာ သိပ်အားရကျေနပ်စရာကောင်းပါတယ်။ သူတော်ကောင်းဓာတ်ခံ
အားကောင်းသူတိုင်း “အပ္ပမာဒ” ဆိုတဲ့ စကားလုံးလေး လေးလုံးကြားလိုက်တာနဲ့ သဒ္ဓါဓာတ်တွေ ကွန့်မြူးပြီး
ကုသိုလ်ဆန္ဒတွေ အရှိန်အဟုန်ကြီးကြီး နိုးကြားထက်သန်လာပါတယ်။ “အပ္ပမာဒ” ဆိုတဲ့
စကားလုံးဟာ သူတော်ကောင်းတွေရဲ့ နှလုံးသားကို ထူးထူးခြားခြား သိမ်းကျုံးဆွဲဆောင်နိုင်စွမ်းရှိပါတယ်။

“အပ္ပမာဒ” ဆိုတဲ့ စကားလုံးက ဘာလို့များ ဒီလောက်တောင် ထူးထူးခြားခြား ဆွဲဆောင်နိုင်စွမ်း
ရှိနေရတာလဲဆိုတော့ အပ္ပမာဒရဲ့ အဓိပ္ပာယ်ထဲမှာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ အစရှိတဲ့
သူတော်ကောင်းဓာတ်တွေ အားလုံးပါဝင်နေလို့ပါပဲ။

“အပ္ပမာဒ” ဆိုတာ “မမေ့ခြင်း” ကို ပြောတာပါ။ “အပ္ပမာဒတရား” ဆိုတော့ “မမေ့တရား” ပေါ့။
“မမေ့” ဆိုတဲ့ စကားလုံးနှစ်လုံးဟာ “အပ္ပမာဒ” ဆိုတဲ့ စကားလုံးလေးလုံးရဲ့ လိုရင်းအနက်အဓိပ္ပာယ်ပါပဲ။
“အ” ကိုဖြုတ်လိုက်ရင် “ပမာဒ = မေ့” လို့ ဖြစ်သွားပါတယ်။ မမေ့တဲ့သူဟာ အပ္ပမာဒဖြစ်နေတဲ့သူ၊
မေ့တဲ့သူဟာ ပမာဒဖြစ်နေတဲ့သူပေါ့။ မမေ့တဲ့သူက အပ္ပမာဒသမား၊ မေ့တဲ့သူက ပမာဒသမားပေါ့။

အပ္ပမာဒသမားရဲ့သန္တာန်မှာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ အစရှိတဲ့ သူတော်ကောင်းတရားတွေ အခြေအနေအားလျော်စွာ အများကြီး ဖြစ်နေကြပေမယ့် အထင်ရှားဆုံး
သိသာနေတာကတော့ “သတိ” ပါပဲ။ ဒါကြောင့်လည်း “အပ္ပမာဒ” ကို အဘိဓမ္မာတရားကိုယ်ကောင်းရင်
“သတိ” ကိုပဲ ကောက်ကြပါတယ်။ အပ္ပမာဒရှိတယ်ဆိုတာ သတိရှိတာကို ဆိုလိုပြီး မမေ့ဘူးဆိုတာ အမှတ်ရနေတာ
လို့ အဓိပ္ပာယ်ရပါတယ်။

တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုံတစ်ခုကို မမေ့ဘူးဆိုတာ အဲဒီတစ်စုံတစ်ယောက်၊ သို့မဟုတ်
တစ်စုံတစ်ခုကို အမှတ်ရနေတာပဲပေါ့။ အဲဒီတစ်စုံတစ်ယောက်၊
သို့မဟုတ် တစ်စုံတစ်ခုဆီမှာ မိမိရဲ့ စိတ်ကလေး အမြဲစွဲကပ်နေတာပဲပေါ့။ အာရုံနဲ့စိတ် မခွဲစတမ်း
စွဲကပ်ပူးဝင်နေတဲ့သဘော၊ အာရုံနဲ့စိတ် တစ်သားတည်းဖြစ်နေတဲ့သဘောကို “အပ္ပမာဒ” လို့ ခေါ်ပါတယ်။

လူတစ်ယောက်ကို ဘယ်တော့မှ မမေ့ဘဲ အမြဲ အမှတ်ရနေတဲ့သူရဲ့ သန္တာန်မှာ အဲဒီလူကို အမှတ်ရတိုင်း
အမှတ်ရတိုင်း အဲဒီလူနဲ့ ပတ်သက်တဲ့ ခံစားချက်တွေ တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်ပေါ်နေတတ်သလို
အပ္ပမာဒသမားတစ်ယောက်ရဲ့ သန္တာန်မှာလည်း အပ္ပမာဒရဲ့ အာရုံတွေကို အမှတ်ရတိုင်း အမှတ်ရတိုင်း
အမှတ်ရရာအာရုံနဲ့ သက်ဆိုင်တဲ့ ကုသိုလ်တရားတွေဖြစ်ပွားလာပါတယ်။

အပ္ပမာဒသမားတစ်ယောက် အမှတ်ရလေ့ရှိတဲ့ အာရုံတွေက ဆယ်မျိုးရှိပါတယ်။ အာရုံတစ်မျိုးကို
ကုသိုလ်တစ်မျိုးနှုန်းနဲ့ တွက်လိုက်ရင် အပ္ပမာဒသမားတစ်ယောက် ရပိုင်ခွင့်ရှိတဲ့ ကုသိုလ်တွေက
ဆယ်မျိုးကြီးများတောင်ပါပဲ။ သူ့အာရုံနဲ့ သူ့ကုသိုလ်တော့ ရှိတာပေါ့။

(၁)။ပထမဆုံး အပ္ပမာအာရုံကတော့ “ဒါန” ပါပဲ။ ဒါနဆိုတာ“ပေးခြင်း” ပါ။ အနှစ်သာရကတော့ စွန့်လွှတ်ခြင်းပါပဲ။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းကို ကိုယ်ပိုင်အဖြစ်က စွန့်လွှတ်ပြီး
သူတစ်ပါးပစ္စည်းအဖြစ် ပြုလုပ်ပေးလိုက်တာကို ဒါန လို့ခေါ်ပါတယ်။ ပစ္စည်းစွန့်လွှတ်လိုက်တာနဲ့ တစ်ပြိုင်နက် ပစ္စည်းအပေါ် တွယ်တာတဲ့ တဏှာကိုလည်း အာလယပြတ် (စိတ်စွဲပြတ်) စွန့်လွှတ်လိုက်ရပါတယ်။ “ငါပိုင်” “ငါဆိုင်” ဆိုတဲ့ သတ်မှတ်ချက်ကို ရိုက်ချိုးပစ်နိုင်မှ ဒါနတစ်ခု
အထမြောက်ပါတယ်။

“ကိုယ်နဲ့မဆိုင် ကိုယ်မပိုင်တော့” ဆိုတဲ့ စိတ်နဲ့ လွတ်လွတ်ကျွတ်ကျွတ် စွန့်လွှတ်နိုင်မှ ဒါနမြောက်တယ်
ဆိုတာကို အပ္ပမာဒသမားတစ်ယောက်က ဘယ်တော့မှ မမေ့ပါဘူး။ အဲဒီလို စွန့်လွှတ်လိုက်ရတဲ့အတွက် စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးပြီး အေးချမ်းသွားတယ်ဆိုတာကိုလည်း ကိုယ်ကိုယ်တိုင် ခံစားရပါတယ်။ ကိုယ်စွန့်လွှတ်လိုက်တဲ့ ပစ္စည်းကြောင့် သူတစ်ပါးကောင်းကျိုးရသွားတာကို
ကြည့်ပြီးတော့လည်း ကျေနပ်ဝမ်းမြောက်စွာ ပီတိဖြစ်နိုင်ပါတယ်။

အစွဲကင်းစွာ စွန့်လွှတ်နိုင်ခြင်းရဲ့ လွတ်လပ်အေးချမ်းမှုကို လက်တွေ့ခံစားရတဲ့ အပ္ပမာဒသမား တစ်ယောက်ဟာ ဒါနအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဒါနအာရုံကို
သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “ဒါနသတိ” မပျောက်မချင်း ဒါနကုသိုလ်တွေ တရိပ်ရိပ်
တိုးပွားလာပါတယ်။

(၂)။ဒုတိယမြောက် အပ္ပမာဒအာရုံကတော့ “သီလ” ပါပဲ။ သီလ ဆိုတာ “အလေ့” ပါ။ သူတော်ကောင်းတွေရဲ့ အလေ့၊ လူယဉ်ကျေးတွေရဲ့ အလေ့ကို သီလကို ခေါ်ပါတယ်။ ရှောင်သင့်ရှောင်ထိုက်တဲ့ ကိုယ်အမူအရာဆိုး၊နှုတ်အမူအရာဆိုးတွေကို ရှောင်တဲ့အလေ့ ရှိရသလို ဆောင်သင့် ဆောင်ထိုက်တဲ့ ကိုယ်အမူအရာကောင်း၊ နှုတ်အမူအရာကောင်းတွေကိုလည်း ဆောင်တဲ့အလေ့ ရှိရပါတယ်။

တားမြစ်ချက် မလွန်ကျူးခြင်းဆိုတဲ့ “ရှောင်သီလ” နဲ့ တာဝန်ဝတ္တရား ကျေပွန်ခြင်းဆိုတဲ့ “ဆောင်သီလ”၊
သီလနှစ်မျိုးလုံး ပြည့်စုံမှ သူတော်ကောင်းပီသတယ်။လူယဉ်ကျေးတန်းဝင်တယ်လို့ လက်ခံယုံကြည်တဲ့
အပ္ပမာဒသမားတစ်ယောက်ဟာ သီလအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ သီလအာရုံကို
သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “သီလသတိ” မပျောက်မချင်း သီလကုသိုလ်တွေ တရိပ်ရိပ်
တိုးပွားလာပါတယ်။

(၃)။တတိယမြောက် အပ္ပမာဒအာရုံကတော့ “ဘာဝနာ” ပါပဲ။ ဘာဝနာဆိုတာ “တိုးပွားခြင်း” ပါ။ စိတ်ကောင်းစိတ်မြတ်တွေ၊ စိတ်ကြည်စိတ်သန့်တွေ၊ စိတ်အေးစိတ်လင်းတွေ
တိုးပွားလာအောင် အားထုတ်တာကို ဘာဝနာလို့ ခေါ်ပါတယ်။

အာရုံတစ်ခုတည်းမှာ “စိတ်ငြိမ်” အောင် ကျင့်ရတဲ့ သမထဘာဝနာရော၊ အာရုံအားလုံးမှာ “စိတ်ငြိမ်း”
အောင်ကျင့်ရတဲ့ ဝိပဿနာဘာဝနာရော၊ ဘာဝနာနှစ်မျိုးလုံး ပြည့်စုံမှ စိတ်ရဲ့ အဆင့်အတန်း
ဘက်စုံမြင့်မားနိုင်တယ်ဆိုတာကို နားလည်နေတဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ဘာဝနာအာရုံကို
ဘယ်တော့မှ မမေ့တော့ပါဘူး။ ဘာဝနာအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နဲ့ “ဘာဝနာသတိ”
မပျောက်မချင်း ဘာဝနာကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။

(၄)။စတုတ္ထမြောက် အပ္ပမာဒအာရုံကတော့ “အပစာယန” ပါပဲ။ အပစာယန ဆိုတာ
“ရိုသေလေးစားခြင်း” ပါ။ ကိုယ့်ထက် အသက်၊သိက္ခာ၊ဂုဏ်ဝါကြီးတဲ့ လေးစားထိုက်သူတွေအပေါ် မာန်မာန
ကင်းရှင်းစွာ တရိုတသေ တလေးတစား ပြောဆိုပြုမူတာကို အပစာယန လို့ ခေါ်ပါတယ်။

“ဘဝင်မြင့်”ပြီး ထောင်လွှားမောက်မာတတ်တဲ့သူတစ်ယောက်အတွက် “ဘဝင်မြင့်”ဖို့ အခွင့်အလမ်းတွေ
ပိတ်ဆို့နေတယ် ဆိုတာကို သဘောပေါက်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ အပစာယနအာရုံကို
ဘယ်တော့မှ မမေ့တော့ပါဘူး။ အပစာယနအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “အပစာယနသတိ”
မပျောက်မချင်း အပစာယန ကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။

(၅)။ပဉ္စမမြောက် အပ္ပမာဒအာရုံကတော့ “ဝေယျာဝစ္စ” ပါပဲ။ ဝေယျာဝစ္စဆိုတာ “ကြောင့်ကြစိုက်ခြင်း” ပါ။
သူတစ်ပါးရဲ့ အပြစ်ကင်းတဲ့အလုပ်၊ ကောင်းမှုကုသိုလ် အလုပ်တွေမှာ စိတ်စေတနာ အပြည့်အဝနဲ့ ကိုယ်ကျိုးမဖက် ဆောင်ရွက်ကူညီပေးတာကို ဝေယျာဝစ္စလို့ ခေါ်ပါတယ်။

သူတစ်ပါးရဲ့ လိုအပ်ချက်ကို ဖြည့်စွက်ပေးရင် ကိုယ့်ရဲ့ လိုအပ်ချက်တွေ ဆုမတောင်းဘဲ ပြည့်စုံနိုင်တယ်ဆိုတာကိုယုံကြည်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ဝေယျာဝစ္စ
အာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဝေယျဝစ္စအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက်
“ဝေယျာဝစ္စသတိ” မပျောက်မချင်း ဝေယျာဝစ္စကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။

(၆)။ဆဋ္ဌမမြောက် အပ္ပမာဒအာရုံကတော့ “ပတ္တိဒါန” ပါပဲ။ ပတ္တိဒါန ဆိုတာ “ဝေစုပေးခြင်း” ပါ။ ကိုယ်ရထားတဲ့ ကောင်းမှုကုသိုလ်မျိုး သူတစ်ပါးလည်း ထပ်တူထပ်မျှ ရပါစေဆိုတဲ့ မေတ္တာစိတ်နဲ့ ကုသိုလ်အမျှပေးဝေတာကို ပတ္တိဒါန လို့ ခေါ်ပါတယ်။

ကိုယ့်ကုသိုလ် သူတစ်ပါး ဖြန့်ဝေပေးခြင်းကြောင့် ကိုယ့်စိတ်အစဉ်မှာ ဝန်တိုမှု မစ္ဆရိယ အညစ်အကြေး
ကင်းစင်သွားတဲ့အပြင် ကိုယ့်ပတ်ဝန်းကျင်လည်း ကိုယ့်ကြောင့် အဆင့်အတန်း မြင့်မားသွားရတယ်
ဆိုတာကို ယုံကြည်ကျေနပ်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ပတ္တိဒါနအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ပတ္တိဒါနအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက်
“ပတ္တိဒါနသတိ” မပျောက်မချင်း ပတ္တိဒါနကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။

(၇)။သတ္တမမြောက် အပ္ပမာဒအာရုံကတော့ “ပတ္တာနုမောဒန” ပါပဲ။ ပတ္တာနုမောဒန ဆိုတာ
“ဝေစုကို ဝမ်းမြောက်ခြင်း” ပါ။ သူတစ်ပါးပေးဝေတဲ့ ကုသိုလ်အမျှကို ကိုယ်ကိုယ်တိုင်ပြုရတဲ့ ကုသိုလ်ကောင်းမှုလိုပဲ ဝမ်းမြောက် ဝမ်းသာနဲ့ သာဓုခေါ်ဆိုတာကို
ပတ္တာနုမောဒန လို့ခေါ်ပါတယ်။

သူ့ကုသိုလ် ကိုယ်ဝမ်းမြောက်ခြင်းကြောင့် ကိုယ့်စိတ်အစဉ်မှာ မနာလိုမှု ဣဿာအညစ်အကြေး ကင်းစင်သွားတဲ့အပြင် သူတစ်ပါးကြောင့် ကိုယ့်ဘဝအဆင့်အတန်း မြင့်မား
သွားရတယ်ဆိုတာကို နားလည်သဘောပေါက်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ပတ္တာနုမောဒနာအာရုံ
ကို ဘယ်တော့မှ မမေ့ပါဘူး။ ပတ္တာနုမောဒနအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “ပတ္တာနုမောဒနသတိ” မပျောက်မချင်း ပတ္တာနုမောဒနကုသိုလ်တွေ
တရိပ်ရိပ် တိုးပွားလာပါတယ်။

(၈)။အဋ္ဌမမြောက် အပ္ပမာဒအာရုံကတော့ “ဓမ္မဿဝန” ပါပဲ။ ဓမ္မဿဝန ဆိုတာ “တရားကြားနာခြင်း” ပါ။
စိတ်ငြိမ်းအေးကြောင်း၊ ဘဝတိုးတက်ကြောင်း သူတော်ကောင်းတရားတွေကို စိတ်ဝင်တစား
နာယူမှတ်သားတာ၊ လေ့လာဖတ်ရှုတာကို ဓမ္မဿဝနလို့ ခေါ်ပါတယ်။

သူတော်ကောင်းတရားတွေကို နားနဲ့လည်း”ကြား”တတ်၊ စိတ်နဲ့လည်း“နာ” တတ်တယ်ဆိုရင်၊ တစ်နည်းအားဖြင့် ကံနားနဲ့လည်း “ကြား” တတ်၊ ဉာဏ်နားနဲ့လည်း “နာ” တတ်တယ်ဆိုရင် အဲဒီ “ကြား” ပြီး “နာ” တဲ့ “ကြားနာ“ခြင်းဟာ ကိုယ့်စိတ်၊ ကိုယ့်ဘဝကို လုံးဝ အသစ်စက်စက် ပြောင်းလဲသွားအောင် စွမ်းဆောင်နိုင်တယ်ဆိုတာကို သဘောပေါက်သိမြင်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ဓမ္မဿဝနအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဓမ္မဿဝနအာရုံကို သတိရလိုက်တာနဲ့တစ်ပြိုင်နက် “ဓမ္မဿဝနသတိ” မပျောက်မချင်း ဓမ္မဿဝနကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။

(၉)။နဝမမြောက် အပ္ပမာဒအာရုံကတော့ “ဓမ္မဒေသနာ”ပါပဲ။ ဓမ္မဒေသနာဆိုတော့ “တရားဟောပြောခြင်း” ပါ။ စိတ်ငြိမ်းအေးကြောင်း၊ ဘဝတိုးတက်ကြောင်း... သူတော်ကောင်းတရားတွေကို မေတ္တာတရား
အပြည့်အဝနဲ့ ကိုယ်ကျိုးမဖက် ဟောပြောပို့ချ သင်ကြားညွှန်ပြပေးတာကို ဓမ္မဒေသနာလို့ ခေါ်ပါတယ်။

ကိုယ်ဟောပြောတဲ့တရားက ကိုယ့်ကို ပြန်ဆုံးမပြီး ကိုယ်ညွှန်ပြတဲ့စကားက ပြန်သွန်သင်နေတာမို့ ကိုယ်နဲ့
သူတော်ကောင်းတရား တစ်သားတည်း ဖြစ်သွားနိုင်သလို ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်လည်း သူတော်ကောင်းပတ်ဝန်းကျင် ဖြစ်သွားနိုင်တယ်ဆိုတာကို သဘောပေါက်
သိမြင်တဲ့ အပ္ပမာဒသမား တစ်ယောက်ဟာ ဓမ္မဒေသနာအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။
ဓမ္မဒေသနာအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “ဓမ္မဒေသနာသတိ” မပျောက်မချင်း ဓမ္မဒေသနာ
ကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။

(၁၀)။နောက်ဆုံး ဒသမမြောက် အပ္ပမာဒအာရုံကတော့ “ဒိဋ္ဌိဇုကမ္မ”ပါပဲ။ ဒိဋ္ဌိဇုကမ္မဆိုတာ“အယူဖြောင့်အောင်ပြုခြင်း”ပါ။ ကောင်းမှုကံ၊ မကောင်းမှုကံ ဆိုတာရှိတယ်၊ ကောင်းမှုကံက
ကောင်းကျိုးပေးပြီး မကောင်းမှုကံက မကောင်းကျိုးပေးတယ်။ရှေးဘဝ၊နောက်ဘဝ၊ အတိတ်ဘဝ၊တမလွန်ဘဝ ဆိုတာလည်း ရှိတယ်လို့ ကံ,ကံရဲ့ အကျိုးနဲ့ ဘဝသံသရာကို
သံသယကင်းစွာ ယုံကြည်တာကို ဒိဋ္ဌိဇုကမ္မလို့ ခေါ်ပါတယ်။

အယူအမြင်မှန်မှ စိတ်ဓာတ်လုပ်ရပ် မှန်မယ်။စိတ်ဓာတ်လုပ်ရပ်မှန်မှ ပစ္စုပ္ပန်ဘဝခရီးရော၊
သံသရာဘဝခရီးပါ သာယာချောမွေ့ ဖြောင့်ဖြူးမယ်ဆိုတာကို သဘောပေါက်သိမြင်တဲ့ အပ္ပမာဒသမား
တစ်ယောက်ဟာ ဒိဋ္ဌိဇုကမ္မအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဒိဋ္ဌိဇုကမ္မအာရုံကို သတိရလိုက်တာနဲ့
တစ်ပြိုင်နက် “ဒိဋ္ဌိဇုကမ္မသတိ” မပျောက်မချင်း ဒိဋ္ဌိဇုကမ္မကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။

အဲဒီလိုအားဖြင့် အပ္ပမာဒအာရုံဆယ်မျိုးကို အမြဲမပြတ် သတိရနေတဲ့ အပ္ပမာဒသမားတစ်ယောက်ရဲ့ သန္တာန်မှာ ကုသိုလ်ဆယ်မျိုး တစ်မျိုးမဟုတ်တစ်မျိုး အချိန်တိုင်း
တိုးနေပါတယ်။ မမေ့တဲ့သူတွေမှ ရနိုင်တဲ့ အဲဒီ ကုသိုလ်ဆယ်မျိုးကို “ပုညကြိယဝတ္ထုဆယ်ပါး”
လို့ခေါ်ပါတယ်။ “ကောင်းကျိုးလိုလားသူတိုင်း မလုပ်မဖြစ်လုပ်ရမယ့် ကောင်းမှုဆယ်မျိုး”
လို့ အဓိပ္ပာယ်ရပါတယ်။

အပ္ပမာဒတရား လက်ကိုင်ထားသူတစ်ယောက်အတွက် ကောင်းမှုဆယ်မျိုး ဝင်ရောက်ဖို့ တံခါးအမြဲပွင့်နေပါတယ်။ဝင်လာသမျှ ကောင်းမှုတွေကလည်း ကောင်းမှုရှင်ကို
သူ့အစွမ်းနဲ့သူ ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး၊ ကောင်းကျိုးအမျိုးမျိုး သယ်ပိုးရွက်ဆောင်ပေးပါတယ်။ သူတို့ပေးတဲ့ အထွတ်အထိပ်ကောင်းကျိုးကတော့
ဆင်းရဲဟူသမျှ မြူမျှမရှိတဲ့ နိဗ္ဗာန်ချမ်းသာပါပဲ။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက သာဝတ္ထိမြို့၊ အနာထပိဏ်သူဌေးကြီးရဲ့ အိမ်မှာ နေ့စဉ်နေ့တိုင်း
ရဟန်းတော်အပါးနှစ်ထောင် ဆွမ်းဘုဉ်းပေးတော်မူကြပါတယ်

ရဟန်းနှစ်ထောင်ရဲ့ နေ့စဉ်ဆွမ်းကိစ္စကို ပထမပိုင်းမှာ သမီးအကြီး မဟာသုဘဒ္ဒါက တာဝန်ယူဆောင်ရွက်
ပေးပါတယ်။ အပ္ပမာဒတရား လက်ကိုင်ထားတဲ့သမီးဆိုတော့ ဒါနကောင်းမှု၊ဝေယျာဝစ္စကောင်းမှုတွေလောက်နဲ့ ကျေနပ်မနေဘဲ၊တရားနာတဲ့ ဓမ္မဿဝနကောင်းမှု၊ တရားအားထုတ်တဲ့ ဘာဝနာကောင်းမှုတွေကိုလည်း မမေ့မလျော့ ပြုလုပ်ပါတယ်။ ကောင်းမှုဆယ်မျိုးလုံး
အခွင့်သင့်သလို ပြုလုပ်အားထုတ်တဲ့အတွက် မကြာခင်မှာပဲ သောတာပန်အရိယာ ဖြစ်သွားပါတယ်။

မဟာသုဘဒ္ဒါ အိမ်ထောင်ကျလို့ ခင်ပွန်းသည်အိမ် လိုက်သွားတဲ့အခါမှာတော့ သမီးအလတ် စူဠသုဘဒ္ဒါက
အစ်မကြီးအမွေ ဆက်ခံပြီး ရဟန်းနှစ်ထောင်ရဲ့ ဆွမ်းဝေယျာဝစ္စကို ဆက်လက်ဆောင်ရွက်ပါတယ်။
သူမကလည်း အပ္ပမာဒသမားပီပီ အစ်မကြီးခြေရာ တစ်ထပ်တည်း နင်းနိုင်ခဲ့ပါတယ်။ သောတာပန်လည်းဖြစ်၊သျှောင်နောက်လည်း ဆံထုံးပါပေါ့။

စူဠသုဘဒ္ဒါ အိမ်ပေါ်က ဆင်းသွားတဲ့အခါမှာ ရဟန်းနှစ်ထောင်ရဲ့ ဆွမ်းတာဝန်ဟာ သမီးအငယ်ဆုံး
သုမနဒေဝီရဲ့ လက်ထဲ ရောက်လာပါတယ်။ သူမလည်း အပ္ပမာဒတရားနဲ့ မွေ့လျော်လိုက်တာ
အစ်မနှစ်ယောက်ရဲ့စံချိန်ကို ချိုးပြီး သကဒါဂါမ်အရိယာဖြစ်သွားပါတယ်။ ဒါပေမဲ့ သူမကတော့ အပျိုစင်လေးပါ။

သကဒါဂါမ်အပျိုစင်လေး သုမနဒေဝီဟာ တစ်နေ့တော့ အပျိုစင်ရောဂါတစ်ခုနဲ့ မကျန်းမမာ ဖြစ်ပါတယ်။
ဖခင်အနာထပိဏ်သူဌေးကြီးက သမီးထွေးလေးကို အကြင်နာ တနင့်တပိုးနဲ့ တယုတယ မေးရှာပါရဲ့။

“သမီးလေး သုမန...၊ ဘယ်လိုနေလဲကွယ်၊ သက်သာရဲ့လား”“မောင်လေး...၊ ဘာပြောတာလဲဟင်”
“အဖေပါ သမီးရဲ့၊ သမီးလေး ယောင်နေတာလား”“မမ မယောင်ပါဘူး မောင်လေးရယ်”
“ဒါဆို ကြောက်နေတာလား သမီးရယ်”
“မောင်လေးရယ်...၊ မမ လုံးဝ မကြောက်ပါဘူးကွယ်”

ဒီလောက်ပဲ ပြောပြီး သုမနဒေဝီ ကွယ်လွန်အနိစ္စရောက်သွားပါတယ်။ ကိုယ့်သမီးအရင်းခေါက်ခေါက်က
ကိုယ့်ကို “မ, ရဲ့ မောင်လေး” လို့ နောက်ဆုံးနှုတ်ဆက်သွားတဲ့အတွက် အနာထပိဏ်သူဋ္ဌေးကြီးခမျာ
သောတာပန် သိက္ခာတောင် မဆည်နိုင်ရှာတော့ဘဲ မျက်ရည်လည်ရွဲနဲ့ သောကတွေ ပွေ့ပိုက်ပြီး
ဘုရားရှင်ထံမှောက် ဆိုက်ရောက်လာပါတယ်။

ဖြစ်ကြောင်းကုန်စင် လျှောက်ထားလိုက်တဲ့အခါ
မြတ်စွာဘုရားက...
“သူဌေးကြီး...၊ တကယ်တော့ သင့်သမီး ကယောင်ကတမ်းနဲ့ ယောင်ပြီး လျှောက်ပြောနေတာ မဟုတ်ပါဘူး”

“ဒါဆို ဘာဖြစ်လို့ တပည့်တော်ကို မောင်လေးလို့ ခေါ်ရတာလဲ ဘုရား”

“မောင်လေးမို့လို့ မောင်လေးလို့ ခေါ်တာပေါ့။ သင်က သင့်သမီးထက် ငယ်လို့ကို သင့်သမီးက
သင့်ကို မောင်လေးလို့ ခေါ်တာပဲ၊ သင်က သောတာပန်၊ သင့်သမီးက သကဒါဂါမ်၊ သင့်ထက် သင့်သမီးက
မဂ်ဖိုလ်ဂုဏ်၊ လောကုတ္တရာဂုဏ်အားဖြင့် ကြီးတယ်လေ”

“လောကီနယ်မှာ သင်က အဖေအဆင့်ရှိပေမယ့် လောကုတ္တရာနယ်မှာတော့ မောင်းလေးအဆင့်ပဲ
ရှိပါသေးတယ်၊ ဒါကြောင့် သင့်သမီးက သင့်ကို မောင်လေးလို့ ခေါ်လိုက်တာပါ”

“တကယ်ပြောတာလား ဘုရား”

“တကယ်ပြောတာပေါ့ သူဌေးကြီးရဲ့”

“အခု သူ ဘယ်ဘုံရောက်နေပါသလဲ ဘုရား”

“တုသိတာဘုံ ရောက်နေပါတယ်”

“မြတ်စွာဘုရား...၊ တပည့်တော်ရဲ့ သမီးဟာ အသက်ရှင်စဉ်မှာလည်း မိဘဆွေမျိုးတွေရဲ့အလယ်
တင့်တယ်ထည်ဝါစွာ စိတ်ချမ်းသာပျော်ရွှင်မှုအပြည့်နဲ့ နေသွားခဲ့ရပါတယ်။ အခု သေသွားတော့လည်း
တင့်တယ်ထည်ဝါတဲ့ဘုံမှာ စိတ်ချမ်းသာပျော်ရွှင်စွာနဲ့ နေနေရပါတယ်ဘုရား”

“သိပ်မှန်တာပေါ့ ဒကာကြီးရယ်၊ မမေ့တဲ့သူ၊ အပ္ပမာဒတရား လက်ကိုင်ထားတဲ့သူမှန်သမျှ လူပဲဖြစ်ဖြစ်၊ ရှင်ပဲဖြစ်ဖြစ် ဒီပစ္စုပ္ပန်ဘဝမှာလည်း စိတ်ချမ်းသာ ပျော်ရွှင်ရပါတယ်။နောင်တမလွန်ဘဝမှာလည်း စိတ်ချမ်းသာ ပျော်ရွှင်ရပါတယ်။ ဒီဘဝမှာ “ငါကောင်းမှုပြုထားပြီးပြီ” ဆိုတဲ့ အတွေးနဲ့ ဝမ်းသာရသလို နောင်ဘဝမှာ ကောင်းရာသုဂတိ ရောက်ရတဲ့အတွက် ပိုပြီး ဝမ်းသာရပါတယ်”

ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုးတွေကို ကောင်းမှုကုသိုလ်တွေနဲ့ပဲ ရယူနိုင်ပါတယ်။
ကောင်းမှုကုသိုလ်တွေကိုလည်း “မမေ့တရား” လို့ခေါ်တဲ့ “အပ္ပမာဒတရား” နဲ့ပဲ ရယူနိုင်ပါတယ်။
အပ္ပမာဒရှိမှ ကောင်းမှုကုသိုလ်ရှိ၊ ကောင်းမှုကုသိုလ်ရှိမှ ကောင်းကျိုးချမ်းသာ ရှိမှာမို့ ပစ္စုပ္ပန်၊ တမလွန်ရဲ့
ကောင်းကျိုးချမ်းသာလိုလားသူတိုင်း ကောင်းမှုဆယ်မျိုးမှာ မမေ့တတ်တဲ့ အပ္ပမာဒတရားကို
စွဲစွဲမြဲမြဲ လက်ကိုင်ထားဖို့ လိုအပ်လှပါတယ်...။
 
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
အပ္ပမာဒေန သမ္ပာဒေထ။
Posted by►
www.facebook.com/youngbuddhistassociation.mm
[ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏အနှိုင်းမဲ့ကုသိုလ်(ပထမပိုင်း)အပ္ပမာဒမဂ္ဂဇင်း၊
ဒီဇင်ဘာ၊၂၀၀၁-မှ ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။]


https://web.facebook.com/youngbuddhistassociation.mm/photos/a.185052928171394.52369.129054333771254/1106659542677390/?type=3

အလေးမလေ့ကျင့်ခန်း ပြုလုပ်သော အမျိုးသမီးများ စိတ်ဓာတ်ပိုမိုကြံ့ခိုင်


သီတင်းတစ်ပတ်လျှင် နှစ်ကြိမ် အလေးမလေ့ကျင့်ခန်းလုပ်ခြင်းမှာ ဦးနှောက်၏ ကျန်းမာရေးကျဆင်းမှုကို တိုက်ဖျက်နိုင်ကြောင်း၊ အထူးသဖြင့် အမျိုးသမီးများတွင် ပို၍သိသာကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ဦးနှောက်အတွင်းပိုင်း ဗဟိုနာ့ဗ်ကြောစနစ်၏ တစ်သျှူးတစ်မျိုး ဖြစ်သော White Matter အပေါ် မည်သည့်အားကစားနည်းကအကျိုး ပြုသနည်းဆိုသည်ကို ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှ အိုမင်းရင့်ရော် ခြင်း၊ လှုပ်ရှားမှုနှင့် အာရုံကြောသိပ္ပံဓာတ်ခွဲခန်းမှ ဒါရိုက်တာထရီဆာ လျူအမ်ဘရော့စ်နှင့်အဖွဲ့က လေ့လာခဲ့ကြသည်။

ယခင်က ဦးနှောက်နှင့် အာရုံကြောလေ့လာမှုများ၌ White Matter များတွင် ပွန်းပဲ့မှုများ (အပေါက်များ) ဖြစ်ပေါ်လာခဲ့ပါက မှတ်ဉာဏ်ဆိုင်ရာ ပြဿာနာများဖြစ်လာသည်ကို တွေ့ရှိထားပြီးဖြစ် သည်။ ယင်းအတွက် ခန္ဓာကိုယ်ကြွက်သားများကို ကြံ့ခိုင်တောင့်တင်းစေသော အလေးမခြင်းမှာ အသက်အရွယ်ကြောင့် ဦးနှောက်စွမ်းရည်ကျဆင်းမှုအပေါ် အပြုသဘော သက်ရောက်သလားဆိုသည်ကို အမ်ဘရော့စ်တို့အဖွဲ့က လေ့လာခဲ့ကြသည်။

လေ့လာမှုတွင် အသက် (၆၅) နှစ်မှ (၇၅) နှစ်ကြား အမျိုးသမီး ၁၅၅ ဦးပါဝင်ပြီး တစ်နှစ်ခန့်ကြာမြင့်ခဲ့သည်။
၎င်းတို့၏ လမ်းလျှောက်နှုန်းနှင့် တည်ငြိမ်မှုကို စမ်းသပ်ပြီး နောက်  အဖွဲ့သုံးဖွဲ့ခွဲလိုက်သည်။ တစ်ဖွဲ့မှာ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်းအတွက် ပေါ့ပါးသော အလေးမလေ့ကျင့်မှုတစ်ပတ် တစ်ကြိမ်လုပ်ကြသည်။ ဒုတိယအဖွဲ့မှာ တစ်ပတ်လျှင် နှစ်ကြိမ် အလားတူလေ့ကျင့်ကြသည်။ တတိယအဖွဲ့မှာ ပုံမှန်လေ့ကျင့်ခန်း များသာ လုပ်ဆောင်ကြသည်။

တစ်နှစ်ကြာမြင့်ပြီးနောက်တွင် ပထမအဖွဲ့နှင့် တတိယအဖွဲ့ တွင် ပါဝင်သူများ၏ ဦးနှောက်ထဲမှ White Matter များတွင် ပွန်း ပဲ့မှု(အပေါက်များ) များပြားလာသည်ကို တွေ့ရပြီး သီတင်းပတ်တစ် ပတ်လျှင် နှစ်ကြိမ် အလေးမလေ့ကျင့်ခန်းလုပ်သူများတွင် White Matter ပွန်းပဲ့မှုနည်းပါးသည်ကို သုတေသီများက တွေ့ရှိခဲ့ကြ သည်။

ယင်းအတွက် အလေးမခြင်းမှာ ဦးနှောက်၏ ဖွဲ့စည်းပုံကို အကျိုးပြုသော သက်ရောက်မှုရှိပြီး ယင်းသို့ဖြစ်စေရန် အနည်းဆုံး လိုအပ်သော လေ့ကျင့်မှုကိုမူ လုပ်ဆောင်ရန်လိုအပ်သည်ဟု လေ့လာမှုက ဖော်ပြနေသည်။                               
—Ref: AFP

http://www.7daydaily.com/story/49681

ဆီးမထိန်းနိုင်ဖြစ်ရသော အကြောင်းရင်းများ

                                 

မတော်တဆဆီးထွက်ကျလေ့ရှိခြင်းကို ဆီးမထိန်းနိုင်ဖြစ်ခြင်းဟုခေါ် ပြီး အမျိုးသမီးအများစုပါဝင်သည့် အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာ ကြုံနေရသည့် ကျန်းမာရေးပြဿနာတစ်မျိုးဖြစ်သည်။

ဆီးမထိန်းနိုင်ဖြစ်ရသည့် အကြောင်းရင်းများစွာရှိပြီး ကုသနည်းမှာလည်း အမျိုးမျိုးရှိသည်။ ဆီးခုံတစ်ဝိုက်ကြွက်သားများနှင့်တစ် သျှူးများအားနည်းသောကြောင့် ဆီးမထိန်းနိုင်ဖြစ်တတ်သည်။ ယင်း အခြေအနေမျိုးကို လေ့ကျင့်ခန်းလုပ်ချိန်၊ ရယ်မောချိန်၊ နှာချေချိန် (သို့မဟုတ်) ချောင်းဆိုးချိန်တို့ကဲ့သို့ ဆီးအိမ်ပေါ်သို့ ဖိအားပိုများလာစေသော အချိန်မျိုး၌ ကြုံတွေ့နိုင်သည်။

ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမီးဖွားခြင်းတို့ကြောင့် အမျိုး သမီးများ၏ ဆီးခုံမျက်နှာပြင် ကြွက်သားများအားနည်းပြီး ပြန့်ကား သွားနိုင်သည်။ အခြားသောအကြောင်းရင်းများမှာ ကိုယ်အလေးချိန် ပိုများနေခြင်း (သို့မဟုတ်) အဝလွန်နေခြင်း၊ ဆေးဝါးအချို့ မှီဝဲနေရ ခြင်း(သို့မဟုတ်)အမျိုးသားများတွင် သုက်လွှတ်ဂလင်းခွဲစိတ်ခံထား ရခြင်းတို့ဖြစ်သည်။
ဆီးအိမ်၏လုပ်ဆောင်ချက် လွန်ကဲနေခြင်းကြောင့်လည်း ဆီးမ ထိန်းနိုင်ဖြစ်တတ်ပြီး အိမ်သာသို့ အရေးတကြီးပြေးရလေ့ရှိသည်။ ဆီးအိမ်၏ အာရုံကြောများ ပျက်စီးသွားခြင်း၊ အာရုံကြောစနစ်၏ အခြားအစိတ်အပိုင်းများ ပျက်စီးသွားခြင်းနှင့် ကြွက်သားများ ပျက် စီးသွားခြင်းတို့ကြောင့် ယင်းအခြေအနေကြုံတွေ့နိုင်သည်။
ရောဂါပိုးဝင်ရောက်ခြင်း၊ ဆီးအိမ်တွင် ကျောက်တည်ခြင်းနှင့် အချို့သောဆေးဝါးများကြောင့်လည်း ယင်းအခြေအနေကြုံတွေ့နိုင် သည်။

အကယ်၍ သင်၏ဆီးအိမ်ထဲတွင် ဆီးမကျန်အောင် မလုပ်နိုင် ပါက ဆီးအနည်းငယ်သာသွားပြီး ဖြည်းဖြည်းချင်းဆီးသွားနိုင်သည်။ယင်းမှာ ဆီးအိမ်ကြွက်သားအားနည်းခြင်း၊ အာရုံကြောပျက်စီးခြင်း၊ ဆီးလမ်းကြောင်းပိတ်ဆို့မှုဖြစ်ပေါ်ခြင်း (သို့မဟုတ်) သုက်လွှတ်ဂ လင်းကြီးနေခြင်း(သို့မဟုတ်)အကျိတ်ရှိခြင်း၊ ဝမ်းချုပ်ခြင်းနှင့်ဆေး ဝါးအချို့ သုံးစွဲနေရခြင်းတို့ကြောင့် ယင်းအခြေအနေကြုံတွေ့နိုင် သည်။ ယင်းအခြေအနေမျိုးကို ပျောက်ကင်းအောင်ကုသမှုခံယူရန် လိုအပ်သည်။ ဆီးအိမ်တွင် ဆီးမကျန်အောင် မပြုလုပ်နိုင်ပါက ရော ဂါပိုးဝင်ရောက်ခြင်းနှင့် အခြားကျန်းမာရေးပြဿနာများကြုံတွေ့နိုင်သည်။

မှတ်ဉာဏ်ဆုံးရှုံးမှု(သို့မဟုတ်)အဆစ်အမြစ်ရောင်ရမ်းမှုတို့ကဲ့ သို့ စိတ်ပိုင်း(သို့မဟုတ်)ရုပ်ပိုင်းပြဿနာများကြောင့် ဆီးမထိန်းနိုင် ဖြစ်နိုင်သည်။ လူနေမှုဘဝပုံစံပြောင်းလဲခြင်း၊ ဆေးဝါးကုသမှု ခံယူခြင်းဖြင့် ဆီးမထိန်းနိုင်ဖြစ်မှုကို ကုသနိုင်သည်။ ထို့ပြင် ဆီးခုံကြွက်သား သန်မာအောင် လေ့ကျင့်ခန်းလုပ်၍ ကုသပေးနိုင်သည်။
—Ref: WebMed
http://www.7daydaily.com/story/50050

သွေးကင်ဆာစတင်ဖြစ်ပွားပုံနှင့် ရောဂါလက္ခဏာများ

ခန္ဓာကိုယ်၏ အရိုးအများစုထဲတွင်ရှိသော နူးညံ့သည့် တစ်သျှူး တစ်မျိုးဖြစ်သည့် ရိုးတွင်းခြင်ဆီမှစတင်၍ သွေးများကင်ဆာဖြစ်ပွား ခြင်းကို သွေးကင်ဆာရောဂါဟုခေါ်သည်။
သွေးကို ရိုးတွင်းခြင်ဆီမှ ထုတ်လုပ်ခြင်းဖြစ်သည်။ သွေးဖြူဥ များသည် ခန္ဓာကိုယ်မှ ရောဂါပိုးမွှားများ မ၀င်ရောက်စေရန် တိုက်ဖျက်ကာကွယ်ရာတွင် ကူညီပေးသည်။ သွေးနီဥများက ခန္ဓာကိုယ်၏အစိတ်အပိုင်းအားလုံးသို့ အောက်ဆီဂျင်သယ်ဆောင်ပေးသည်။သွေးတိတ်စေသော ပန်းကန်ပြားပုံကလာပ်စည်းဆဲလ်များက သွေး ထွက်သောအခါ သွေးခဲ၊ သွေးတိတ်စေရန် ကူညီပေးသည်။

သွေးကင်ဆာရောဂါခံစားနေရချိန်တွင် ရိုးတွင်းခြင်ဆီက ပုံမှန် မဟုတ်သော သွေးဖြူဥအများအပြား စတင်ထုတ်လုပ်ပြီး ယင်းကို သွေးကင်ဆာဆဲလ်များဟု ခေါ်သည်။ ယင်းသွေးဖြူဥများသည် သာ မန်သွေးဖြူဥများ၏ လုပ်ဆောင်ချက်များကို မပြုလုပ်ကြပေ။ သာမန်သွေးဥများထက် လျင်မြန်စွာကြီးထွားပြီး ကြီးထွားမှုရပ်သင့်သော အချိန်တွင် မရပ်တန့်ကြပေ။

အချိန်ကြာလာလျှင် သွေးကင်ဆာဆဲလ်များက အရေအတွက် အများအပြားနေရာယူကာ သာမန်သွေးဖြူဥများကို တိုက်ထုတ်ပစ်နိုင်သည်။ ယင်းအခြေအနေကြောင့် သွေးအားနည်းခြင်း၊ သွေးထွက် ခြင်းနှင့် ရောဂါပိုးမွှားများ ၀င်ရောက်ခြင်းတို့ကဲ့သို့ ပြင်းထန်သော ကျန်းမာရေးပြဿနာများသို့ ဦးတည်သွားနိုင်သည်။ သွေးကင်ဆာ ဆဲလ်များသည် အခြားသော အင်္ဂါအစိတ်အပိုင်းများသို့လည်း ပျံ့နှံ့ ဖြစ်ပွားနိုင်ပြီး ရောင်ရမ်းခြင်း (သို့မဟုတ်) နာကျင်ခြင်း ကြုံရတတ်  သည်။

မတူညီသော သွေးကင်ဆာအမျိုးအစားများစွာရှိပြီး ယေဘုယျ အားဖြင့် ရောဂါလျင်မြန်စွာ ပြင်းထန်မှုအပေါ် အခြေခံ၍ အုပ်စုခွဲ ခြားသတ်မှတ်လေ့ရှိသည်။

သွေးကင်ဆာဖြစ်ရသည့်အကြောင်းရင်းကို ပညာရှင်များ မသိ ရသေးပေ။ သို့သော် ရေဒီယိုသတ္တိကြွမှုပမာဏ အများအပြားနှင့် ထိ တွေ့ခြင်း၊ အလုပ်နေရာတွင် အချို့သော ဓာတုပစ္စည်းများနှင့် ထိ တွေ့မိခြင်းတို့မှာ ကင်ဆာဖြစ်နိုင်သော အန္တရာယ်များဖြစ်သည်။

သွေးကင်ဆာအမျိုးအစားပေါ် မူတည်၍ ရောဂါလက္ခဏာများ လည်း ကွဲပြားနိုင်သည်။ ကြုံတွေ့ရမှု အများဆုံးရောဂါလက္ခဏာ များမှာ လည်ပင်း၊ လက်မောင်းအောက်(သို့မဟုတ်) ပေါင်ခြံတွင် အကျိတ်ရောင်ရမ်းခြင်း၊ မကြာခဏနှာခေါင်းသွေးလျှံခြင်း၊ အူမကြီး (သို့မဟုတ်) သွားဖုံးများမှ သွေးယိုခြင်း၊ မကြာခဏပွန်းပဲ့ဒဏ်ရာရ ခြင်း (သို့မဟုတ်) ဓမ္မတာလာချိန် သွေးအလွန်အကျွံဆင်းခြင်းတို့ ဖြစ်သည်။
ထို့အပြင် မကြာခဏအဖျားတက်ပြီး ညအချိန်ဇောချွေးပြန် ကာ အရိုးထဲမှ နာကျင်လေ့ရှိသည်။ အကြောင်းရင်းမသိဘဲ အစာ စားချင်စိတ်မရှိခြင်း (သို့မဟုတ်) ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းခြင်းတို့ ကြုံနိုင်သည်။ အကြောင်းရင်းမသိရဘဲ အလွန်အ မင်းမောပန်းလေ့ရှိကာ ၀မ်းဗိုက်ဘယ်ဘက်နေရာတွင် ရောင်ရမ်းပြီး နာကျင်မှု ခံစားရတတ်သည်။

သွေးကင်ဆာအများစုကို ဓာတုကုထုံးဖြင့် အဓိကကုသလေ့ရှိ ပြီး ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ပင်မဆဲလ်အစားထိုးကုသခြင်း နှင့် ကင်ဆာပြန့်ပွားမှုကို တားဆီးသော ဆဲလ်ဖြင့် ကုသခြင်း နည်း လမ်းများဖြင့် ကုသနိုင်သည်။
—Ref: WebMed
http://www.7daydaily.com/story/49851

အလုပ်မှာ လူငယ်တွေကို နေရာပေးပါ



လူငယ်တွေဟာ နောင်တစ်ချိန် လူကြီး ဖြစ်လာမှာ အသေအချာပါ။ လူငယ်တွေ အလုပ်ခွင်ထဲမှာ များများ ရှိနေပါစေ။ လူငယ်တွေ လမ်းမပေါ်မှာ လေလွှင့်နေတာ နည်းပါစေ။ ဒါကြောင့် မိမိဟာ လုပ်ငန်း ပိုင်ရှင် တစ်ယောက်ဆိုရင် မိမိ အတွက် သော်လည်းကောင်း နိုင်ငံ့ အတွက် သော်လည်းကောင်း ပတ်ဝန်းကျင် အတွက် သော်လည်းကောင်း လူငယ်တွေကို အလုပ်မှာ နေရာတွေ ပေးပေးပါ။

၁။ ရှေ့ကို မျှော်တွေးပါ
လူငယ်တွေကို မြေတောင်မြှေက်ပေးလိုက်လို့ မိမိ လုပ်ငန်းခွင်မှာ ထိခိုက် ဆုံးရူံးမူတွေ ရှိချင် ရှိနေလိမ့်မယ် သို့သော် နောင်တစ်ချိန် သူတို့တွေရဲ့ မိမိ လုပ်ငန်း အပါ် ဘယ်လောက် တိုးတက်အောင် လုပ်နိုင်သလဲ ဆိုတာကို မျှော်တွေးပါ။

၂။ အမှား လုပ်မိတိုင်း အမှန်ကို ပြောပြပါ
လူငယ်တွေဟာ လုပ်ငန်း အတွေ့အကြုံ နည်းလို့ အမှားတွေ ခဏခဏ လုပ်မိချင် လုပ်မိလိမ့်မယ်။ သို့သော် အလုပ်ထုတ်တာထက် အမှန်ကို ပြောပြပေးပြီး သူ့ကို ပြောင်းလဲပေးပါ။

၃။ လူငယ်တွေ စိတ်ကူးလေးတွေကို မေးပြီး အကောင်အထည် ဖော်ပေးပါ
မိမိ အလုပ်မှာ ရှိတဲ့ လူငယ်လေးတွေရဲ့ စိတ်ကူးတည်းမှာ လုပ်ချင်တဲ့ အလုပ်လေးတွေကို မေးပါ။ ထိုအလုပ်တွေဟာ ကောင်းမွန်တယ်ဆိုရင် အကောင်အထည် ဖော်ပေးပါ။

၎။ ဝန်ထမ်း စိတ်ဓာတ်ကနေ အလုပ်ရှင် စိတ်ဓာတ် မွေးဖို့ တိုက်တွန်းပါ
လူငယ်တွေ ဝန်ထမ်း အဖြစ် လုပ်နေတဲ့ အခါမှာ ဝန်ထမ်း စိတ်ဓာတ် မဟုတ်ဘဲ အလုပ်ရှင် စိတ်ဓာတ် မွေးအောင် တိုက်တွန်းလိုက်ပါ။ ခိုင်းမှ လုပ်တာတတ်မျိုး မဟုတ်ဘဲ မိမိ အလုပ်လို သဘောထား လာအောင် ရှင်းပြပါ။

Photo Ref : - i.dailymail
ကျော်လင်းနိုင် (ရိုးရာလေး)

https://web.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817/977431075633478/?type=3&theater 

နေကြာဆီရဲ့ ကောင်းကျိုး

ဗီတာမင် အေ၊ ဒီ၊ အီးနဲ့ အိုမီဂါ ၆၊ အိုမီဂါ ၉ ဖက်တီးအက်စစ် ကြွယ်ဝတဲ့ နေကြာဆီကို အစားအစာချက်ပြုတ်ရာမှာသာမက အလှကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြပါပြီ။ ဒါကြောင့်မို့ နေကြာဆီနဲ့ပတ်သက်ပြီး သိထားသင့်တာ လေးတွေရှိတာမို့ ဗဟုသုတအဖြစ် ဖော်ပြပေးချင်ပါတယ်။

ဟင်းချက်တဲ့အခါ နေကြာဆီသုံးမယ်ဆိုရင် နှလုံးသွေးကြော ဆိုင်ရာ ရောဂါဖြစ်ပွားမှုတွေကို သိသိသာသာလျော့ကျစေပြီး အထူးသဖြင့် ရုတ်တရက် နှလုံးရောဂါဖောက်တာတွေကို လျော့ပါးစေပါ တယ်။
ခန္ဓာကိုယ်အတွက် သဘာဝ အတိုင်း အားဖြည့်ပေးနိုင်ဖို့ ဟင်း သီးဟင်းရွက်သုပ်စားတဲ့အခါမှာ နေကြာဆီဆမ်းပြီး စားပေးနိုင်ပါ တယ်။ နောက်ပြီး နေကြာဆီမှာ Lecithin ဆိုတဲ့ သဘာဝဒြပ်ပေါင်း ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် မကောင်းတဲ့၊ မလိုအပ်တဲ့ ကိုလက်စထရောတွေကို လျော့ပါးစေနိုင်ပါတယ်။

မွေးကင်းစကလေးတွေကို နေကြာဆီ (ဒါမှမဟုတ်) နေကြာဆီပါတဲ့ လိုးရှင်း၊ ခရင်မ်တို့လိမ်းပေးရင် ပြင်ပရောဂါတွေ မကပ်ငြိနိုင်အောင် ကာကွယ်နိုင်သလို အရေပြားကျန်းမာရေးအတွက်ပါ ထောက်ကူပေးပါတယ်။

နေကြာဆီဟာ အသားအရေကို နူးညံ့ချောမွေ့စေပြီး အရွယ်တင်နုပျိုစေတဲ့ အစွမ်းသတ္တိတွေ ရှိတာကြောင့် အလှကုန်တွေထုတ်လုပ်ရာမှာလည်း ထည့်သွင်းသုံးစွဲ နေပြီဖြစ်ပါတယ်။ နောက်ပြီး နေကြာကနေ ဘိုင်အိုဒီဇယ်ထုတ် လုပ်နိုင်ဖို့အတွက်လည်း စမ်းသပ် လေ့လာမှုတွေ ပြုလုပ်နေကြပြီလို့ ဆိုပါတယ်။
ကမ္ဘာပေါ်က နေကြာဆီစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၁၀ကနေ ရပ်တည်နေတာကြောင့် ကိုယ့်နိုင်ငံမှာ ပေါပေါများများရနိုင်တဲ့ နေကြာဆီကို ပြောင်းလဲသုံးစွဲ ကြည့်ရအောင်ပါ။                                 —Ref: wellnessbin

http://www.7daydaily.com/story/50352

အမျိုးသားတွေ ဆံပင်သန်ဖို့ စားသင့်တဲ့ ဗီတာမင်များ

အမျိုးသမီးတွေလို ဆံပင်အလှအ ပအတွက် သီးသန့်မဟုတ်ပေမယ့် ဆံပင်ညှပ်တာ အဆင်မပြေလို့ပဲ ဖြစ်ဖြစ်၊ ဆံပင်နည်းလို့၊ ပါးလို့ပဲ ဖြစ်ဖြစ် ဆံပင်မကောင်းသူတွေ အတွက် ဓာတုဆေးဝါးတွေ မသုံး ဘဲ ဘေးထွက်ဆိုးကျိုးကင်းကင်း နဲ့ ဆံပင်သန်စွမ်းစေဖို့ လုပ်သင့်    တာလေးတွေကို မျှဝေပေးချင်ပါတယ်။ 

 ဆံပင်နည်းတဲ့   ပြဿနာကို   သဘာဝ အာဟာရ ဓာတ်တွေ၊ ဗီတာမင်၊ သတ္တုဓာတ်တွေ စားပေး ခြင်းက အကောင်းဆုံးဖြေရှင်းနည်းပဲ ဖြစ်ပါတယ်။
ဗီတာမင်ဘီ ၇ -ဘိုင်အို တင်လို့လည်း လူသိများတဲ့ ဗီတာ မင်ဘီ ၇ ဟာ ဆံပင်နဲ့ ဦးရေပြား ကျန်းမာရေးအတွက် ထောက်ကူ ပေးပါတယ်။ ဆံပင်တင်မကဘူး။ အရေပြားနဲ့ လက်သည်း၊ ခြေ သည်းတွေ ကျန်းမာဖို့အတွက်ပါ အကျိုးပြုပါတယ်။ ဗီတာမင် ဘီ ၇ ကို ဖြည့်စွက်စားပေးမယ်ဆိုရင် ဆံပင်ရှည်နှုန်းမြန်စေသလို ထူထဲ သန်စွမ်းစေပါတယ်။

ဗီတာမင်အေ - ဆံသားတွေ သန်စွမ်းတောက်ပြောင်အောင်  ထောက်ကူးပေးသလို ဦးရေပြား ခြောက်သွေ့ခြင်း ကင်းစေပါ တယ်။

ဗီတာမင်ဘီ- ဗီတာမင်ဘီ ၁၊ ၂၊ ၃၊ ၅၊ ၆ နဲ့ ၁၂ ဟာ ဆံပင်ကျွတ် သူ၊ ဆံပင်ပါးသူနဲ့ ထိပ်ပြောင်သူ တွေ စားပေးသင့်ပါတယ်။

ဗီတာမင်စီ-ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ဗီတာမင်စီဟာ ဆံပင်၊ အရေပြား၊ လက်သည်း၊ ခြေသည်းတွေသာမက ကိုယ်ခံ စွမ်းအားအတွက်ပါ အကျိုးပြုပါ တယ်။

ဗီတာမင်အီး -  ဆံပင်မွေးညင်း ပေါက်နဲ့ ဦးရေပြားတစ်ဝိုက်သွေး လည်ပတ်မှု ကောင်းစေပြီး ဆံသားကျန်းမာစေပါတယ်။ ဒါ့အပြင် ဇင့်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ အမိုင်နိုအက်စစ်၊ သံဓာတ်၊ အိုင် အိုဒင်းစတဲ့အား ဖြည့်ဓာတ်စာ တွေလည်း စားပေးနိုင်ပါတယ်။ ဗီတာမင်    ဆေးဝါးတွေသာမက နေ့စဉ် စားသောက်ရာမှာလည်း ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ဥအမျိုးမျိုး၊ သစ်စေ့များ၊ ခရမ်း ချဉ်သီး၊ စတော်ဘယ်ရီ၊ ထော ပတ်သီးစတာတွေ မျှတအောင် စားပေးနိုင်ပါတယ်။
Ref: wellnessbin
http://www.7daydaily.com/story/49791

ပုဂ္ဂိုလ်စောင့်၊ သိုက်စောင့်ဟူသည်



ဓမ္မ မိတ်ဆွေ တစ်ဦး မေးလာသည့် မေးခွန်း တစ်ခုမှာ အချို့သောသူသည် သိုက်ဆက် နီးလွန်းအားကြီး သဖြင့် အိမ်ထောင်ပြု၍ မရသော အဖြစ်များ ကြုံဖူး ကြားဖူးသည်ဟု ဆိုသည်။ မှန်မမှန်နှင့် ဘုရားဟော မည်သို့ ရှိသည်နှင့် ဖြေရှင်းပေးရမည့် မေးခွန်း ဖြစ်ချေသည်။

သိုက် ဟူသည် အဖိုးတန် ပစ္စည်းများ ထာပနာ သိမ်းဆည်းများ ထားသိုရာ နေရာ တစ်ခုဟု စာရေးသူ သိထားပါသည်။ သို့သော် သိုက်ဟု ဆိုလိုက်လျှင် အဖိုးတန် ပစ္စည်းများသာမက လျှို့ဝှက် ဆန်းကျယ်သော မှော်ဆန်ဆန် ဒြပ်ဝတ္ထုနှင့် သတ္တဝါများ စုဖွဲ့ တည်ရှိရာ ဟုလည်း အများအသိဖြင့် သိရှိထားပါသေးသည်။ သိုက်စောင့်သော နတ်၊ သိုက်စောင့်သော မြွေ၊ နဂါး၊ ခြင်္သေ၊ ကျား၊ ဘီလူး၊ စသည်ဖြင့် အမျိုးမျိုး အထွေထွေ ရှိကုန်သည်။ မည်ကဲ့သို့ပင် ထူးထွေများပြားစေကာမှု အားလုံးမှာ ၃၁ ဘုံသားချည်း ဖြစ်ချေသည်။

အချို့က သိုက်ဖွားဟု ဆိုပြီး လျှို့ဝှက် ဆန်းကျယ်မှုနှင့် ကြုံသည်။ ကူညီ စောင့်ရှောက်သူများ နှင့် ကြုံသည်ဟု ဆိုသည်။ ယင်းတွင် မည်သူက ကူညီ စောင့်ရှောက်သနည်း။ ကြားဖူးသည့် ဖြစ်ရပ် တစ်ခုအရ သိုက် အတူတူ စောင့်ခဲ့သူ တစ်ဦး သေပြီး လူဖြစ်သော် ထိုဘဝထိ လိုက်လံ စောင့်ရှောက်သည်ဟု ဆိုသည်။ ဖြစ်နိုင်ပါသည်။

ဤတွင် ၃၁ ဘုံကို အကျဉ်း ရှင်းပြန်ရန် လိုအပ်ပေသည်။ ငရဲကြီး ၈ ထပ်၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကယ်ဘုံ၊ လူ့ပြည် ၁ထပ်၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာ အထပ် ၂၀ စုစုပေါင်း ၃၁ ဘုံရှိသည်။ သိုက်၊ နန်းဟူသည် ဗြဟ္မာတို့နှင့် ဆက်စပ်မှု မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဗြဟ္မာတို့က ရုပ်သာရှိ (သို့) နာမ်သာရှိ (သို့) ရုပ်နှင့် နာမ် ရှိကြကုန်သောကြောင့် ဖြစ်ပြီး သူ့ဘုံတွင် အမြဲ တည်ရှိသည်။

သို့သော် နတ်ပြည် ခြောက်ထပ်ဖြစ်သည့် စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသ ဝတ္တိ ဟူ၍ အောက်မှ အထပ်အထိ ရှိသည်။ စတုမဟာရာဇ် နတ်ဘုံသည် နတ်များတွင် အနိမ့်ဆုံးဘုံဖြစ်ပြီး နတ်သေးနတ်မွားများ ကျရောက်သောဘုံ ဖြစ်သည်။ လူ့ဘုံတွင် ရှိသော ရုပ်က္ခဆိုးနတ်၊ အိမ်စောင့်နတ်၊ ရွာစောင့်နတ်၊ ညောင်ပင်စောင့်နတ်၊ တောစောင့်နတ် စသည်များမှာ စတုမဟာရာဇ် ဘုံသားများ ဖြစ်ကြချေသည်။ သူတို့သည် တာဝတိံသာ နတ်ပြည်မှ နတ်သားများကဲ့သို့ အရောင်အသွေး မစုံ၊ ဘုန်းကံ မမြင့်ချေ။

ထိုနည်းတူစွာ ငရဲကြီး ရှစ်ထပ်၌ ငရဲသားများ အဖြစ်နေကာ ငရဲဘုံကျသူများကို နှိပ်စက်ရာတွင်လည်း ထို စတုမဟာရာဇ်နတ်ဘုံမှ အာလာဝက နတ်ဘီလူးများက အလည့်ကျ သွားရောက်ခြင်း ဖြစ်သည်ဟု ဘုရားဟော အဘိဓမ္မာတွင် ဖွင့်ဆို ရှင်းလင်းထားသည်။ နတ်မင်းကြီး လေးပါးတို့ကို ဆည်းကပ် ခစားရသော လက်အောက်ခံ နတ်တို့၏ နေရာ ဘုံဌာန ဖြစ်သဖြင့် စတုမဟာရာဇ်နတ်ဘုံဟု ခေါ်ပြီး နတ်နှစ် ၅၀၀ ဖြစ်ချေသည်။

(ဤတွင် စာဖတ်သူတို့၏ အတွင်းစိတ်၌ “ဟာကွာ များလိုက်တဲ့ ဘုံနဲ့နတ်တွေ” ဟု တစ်လွဲ ထင်နေကောင်း ထင်တတ် ပါသည်။ စာရေးသူ တင်ပြသော ၃၁ ဘုံမှာ အမှန်တကယ် တည်ရှိသော ဌာနများ ဖြစ်သည်ဟု မြတ်စွာဘုရားမှ ဟောကြားခဲ့ချေသည်။ ထို ဘုံအလိုက်အထိုက်တွင်လည်း ပွင့်ဖူးခဲ့သော ဘုရား အဆူဆူတို့မှ ကျင်လည်ကာ တရားများ ဟောပြ ဆုံးမခဲ့သည်ဟုလည်း သိရသည်။ အနီးစပ်ဆုံ သာဓက အဖြစ် ဂေါတမ မြတ်စွာဘုရားသည် မယ်တော် အဖြစ် တော်စပ်ခဲ့သူ သန္တုဿီတနတ်သားကို အမှူးပြုကာ တာဝတိံတာ နတ်ပြည် တွင် ကျေးဇူးဆပ်ခဲ့သည်။

ကျေးဇူးဆပ်ပုံမှာ အဘိဓမ္မာ တရား အကျယ် ဟောကြားခဲ့ခြင်း ဖြစ်သည်။ ယင်း အဘိဓမ္မာ တရားကို အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောပြောတော်မူခဲ့သည်။ ထိုမှတစ်ဆင့် တပည့်ရဟန်း ငါးရာတို့အား နေ့ချင်းပင် မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မှုခဲ့ရာ ယနေ့တိုင် တည်ရှိရာ အခြေပြုလာခဲ့ခြင်း ဖြစ်ချေသည်။ ထိုအချက်ဖြင့် ၃၁ ဘုံ အမှန်တကယ် ရှိသည်ဟုလည်း ထောက်ပြနိုင်သည်။)

သိုက် အကြောင်း ကိစ္စ ပြန်ဆက်မည်။ စာဖတ်သူတို့ စတုမဟာရာဇ်ဘုံ သဘောကို သိရှိပြီဆိုလျှင် သိုက်တွင် စောင့်ကြပ်သော နတ်များကို သိရှိပြီဟု စာရေးသူ ယုံကြည်သည်။ သိုက်စောင့်နတ် အမျိုးမျိုး အထွေထွေ အားလုံးသည် ဘုရား ထာပနာ ဖြစ်ပါကလည်း တာဝန်ရှိသဖြင့် လာရောက် စောင့်ကြပ်ပေးရခြင်း ရှိ၏။ နတ်တို့နှင့် မပြီးသေးချေ။ ဘုရား ထာပနာ စောင့်ကြပ်ရသော မြွေ၊ နဂါး စသည်ဖြင့် အမျိုးမျိုး ရှိချေသေးသည်။

တိရစ္ဆာန်၊ ဗြိတ္တာ နှင့် အသူရကာယ်တို့လည်း ပါဝင်ချေသေးသည်။ ထို ဘုံသားတို့သည် လူဖြစ်စဉ်က (သေခါနီး အချိန်) လောဘဇော တက်ကာ ပိုင်ဆိုင်သော (ဝါ) ပိုင်ဆိုင်လိုသော ပစ္စည်း ဥစ္စာကို အစွဲပြုပြီး သေမည်ဆိုလျှင် ထိုပစ္စည်း ဥစ္စာ တည်နေရာ နှင့် ဒြပ်ဝတ္ထုတို့တွင် မကြွတ် မလွတ်နိုင်ပဲ တိရစ္ဆာန်သော် လည်းကောင်း၊ ဗြိတ္တာသော် လည်းကောင်း၊ အသူရကာယ် သော်လည်းကောင်း ဖြစ်ကြရသည်။ ဥစ္စာတို့ကို စောင့်ကြပ်ရသည်။

လှပသော မိန်းကလေးတို့ကို တောထဲတွင် တွေ့လျှင် ဥစ္စာစောင့်ဟု ဆိုကြသည်။ အမှန်စင်စစ် သူတို့သည် ထို ပစ္စည်း ဥစ္စာကို အစွဲပြုပြီး သေလွန်ကြသဖြင့် မကျွတ် မလွတ်နိုင်သော ဗြိတ္တာနှင့် အသူရကယ် (သို့) စတုမဟာရာဇ် ဘုံသားများ ဖြစ်ရချေသည်။ သူတို့ စောင့်ကြပ်သော ပစ္စည်း ဥစ္စာအပေါ် နှောက်ယှက်လိုသူတို့နှင့် ကြုံတွေ့ရသော် နည်းလမ်း အမျိုးမျိုးဖြင့် ခြောက်လှန့် မောင်းထုတ်ရချေသည်။

အထက်ပါ ရှင်းလင်းချက်သည် ဒြပ်ဝတ္ထုသာ ရှိသေးသည်။ သက်ရှိ သတ္တဝါတို့အား စွဲလမ်းမှု၊ စောင့်ကြပ်မှု ရှိသေးချေသည်။ သာဓက တစ်ခု အရ အမျိုးသား တစ်ဦးသည် သူချစ်သော အမျိုးသမီးကို စွဲလမ်းစိတ်ဖြင့် သေလွန်သည်ရှိသော် ကောင်းရာ ဘုံဘဝသို့ မရောက်နိုင်ပဲ လောဘစိတ် အခြေခံ ပဋိသန္ဓေကြောင့် အသူရကာယ်၊ ဗြိတ္တာကဲ့သို့သော ဘုံဘဝသို့ ရောက်ရသည်။ ထိုကဲ့သို့သော အခြေအနေတွင် သူချစ်ရသော မိန်းကလေးကို အများသူကာ အန္တာရယ်မှ လွတ်ကင်းအောင် ကူညီခြင်း၊ သို့တည်းမဟုတ် အခြားသူ တစ်ဦးနှင့် ချစ်ကြိုက်သွားမည်ကို စိုးရိမ်သဖြင့် လိုက်လံ နှောင့်ယှက်ခြင်းများ ပြုတတ်ချေသည်။

ဤတွင် အကြောင်းမဲ့ ခံရသည် မဆိုလို။ ထိုကဲ့သို့ နှောက်ယှက်မှုကို ခံရရန် ကံပါမှလည်း လိုက်လိုက် နှောင့်ယှက် (သို့မဟုတ်) ကူညီ ဖေးမမှုကို ခံရသည်။ (ဥပမာ နောက်တစ်ခု အရ။ ။ သေသောကလေး (ကလေးခြောက်) က ဘုံဘဝ စွဲလမ်းသဖြင့် အမေ့ကို အိပ်မက်ပေးခြင်း၊ အတိတ်စိမ်း ပေးပြီး ကူညီခြင်းမျိုး)

ထိုအချက်နှင့်လည်း မလုံလောက်သေးချေ။ တစ်ခါတစ်ရံ ဝဋ်ကြွေးကြောင့် လည်း မိမိ လုပ်ဆောင်ချက်များကို တားဆီး ပိတ်ပင်မှု ခံရသည်။ ဥပမာ တစ်ခု အရ ဘုရားဟော ဇာတ်တော် တစ်ခုတွင် အမျိုးသမီး တစ်ဦးသည် အရိယာ တစ်ဦးကို နှုတ်ရေးဖြင့် ဆဲရေး တိုင်းထွာ ပြုမိသောကြောင့် သူ ဆဲခဲ့ဖူးသည် ပြည့်တန်ဆာမ ဟူသော စကားလုံး အတိုင်း ဘဝပေါင်းများစွာ ပြည့်တန်ဆာ အမျိုးသမီး၊ ယုတ်ညံ့သော တိရစ္ဆာန် ဖြစ်ရသည်။

ဘုရင် သမီးတော် ဖြစ်သည့် ဘဝတွင်ပင် ရုပ်ရည် ချောမောသဖြင့် နိုင်ငံပေါင်း များစွာက လိုလားကာ စစ်မက် ဖြစ်မည်ကို ဘုရင်က ကြောက်လှန့်သဖြင့် မည်သူကိုမှ မပေးစားနိုင်ပဲ ထိုနိုင်ငံ ဘုရင်၊ အိမ်ရှေ့မင်းသားများ အတွက် ပြည့်တန်ဆာ သဘောမျိုးသာ ပျော်တော်ဆက် ဖြစ်စေခဲ့သည်။ (နောက်ဆုံး ဘဝ တစ်ခုတွင် ထို အမျိုးသမီးလည်း မဂ်ဖိုလ် နိဗ္ဗာန် ရောက်ရချေသည်။) (ဘုရားဟော ဇာတ်တော်ဖြစ် သည်။ အတိအကျ သိလိုသော် မေးနိုင်ပါသည်။)

ဆိုလိုသည်မှာ ဘဝ တစ်ခုတွင် ပြုခဲ့မိသော အကုသိုလ်ထူး တစ်ခုကြောင့် ဘဝဆက်တိုင်းတွင် မပြတ်နိုင်ပဲ တူညီစွာပင် ဝဋ်ကြွေး ဆပ်ရခြင်းမျိုး ဖြစ်သည်။ ကုသိုလ်ထူးကြောင့်လည်း ဘဝ ဆက်တိုင်း အကျိုး ပေးကောင်းရခြင်း မျိုးလည်းရှိသည်။ အိမ်ထောင်ရေး အမြဲ အဆင်မပြေ ဖျက်လိုဖျက်ဆီး ခံရသည်ဆိုခြင်းမှာ သိုက်စောင့်ကြောင့် သော်လည်းကောင်း၊ မိမိ ရှေးဘဝက ကြီးမားသော အိမ်ထောင်ရေးရာ နှောင့်ယှက် ကျူးလွန် သည့် အကုသိုလ်ကံ တစ်ခုခုကြောင့် ဖြစ်ကြောင်း သိနိုင်သည်။ (ဥပမာ- သူတော်ကောင်းတို့ မဂ်လာ ကိစ္စ ခမ်းနားကို ဖျက်လိုဖျက်ဆီး ပြုလုပ်ခြင်းမျိုး)

အိမ်ထောင်ရေး တစ်ခုတွင် သာမဟုတ် သက်ဆိုင်ရာ သက်ဆိုင်ရာ အကြောင်းအရာ ကိစ္စရပ်တိုင်းတွင် ရှေးဘဝ အကြောင်းကိစ္စ (ကံ) ကြောင့် ဝဋ်တစ်ခု သဖွယ် ဆက်တိုက် ခံရခြင်းဖြစ်သည်။ ဥပမာ- ချမ်းသာရန် အခွင့် အမြဲ ကြုံသော်လည်း အမြဲလိုလို ဆင်းရဲရခြင်း၊ ဆင်းရဲရန် အကြောင်း အမြဲကြုံသော်လည်း ကူညီဖေးမမှု (ဝါ) ကံထောက်ပံ့မှုကြောင့် အမြဲ ချမ်းသာရခြင်း စသည်ခြင်းမျိုး ဖြစ်သည်။

အနှစ်ချုပ်ဆိုရသော် မည်ကဲ့သို့သော် ပုဂ္ဂိုလ် သိုက်စောင့်စောင့်၊ ကံဝဋ်ကြွေး မည်မျှပင် ကျန်ကျန် မိမိ လုပ်ဆောင်ရမည် ဖြစ်သော ကုသိုလ်ကောင်းမှုနှင့် ကျင့်ကြံ အားထုတ်ရမည် ဖြစ်သော မဂ်ဖိုလ် တရားများကို အစဉ်တစ်ဆိုက် ပွားများ ကျင့်ကြံ အားထုတ်ရချေမည်။

ဘဝများ ရှည်လျားလှသည်။ ဝဋ်ကြွေးများ ပေါလှချေသည်။ ကောင်းမှု ရှိသလို၊ မကောင်းမှု ရှိသဖြင့် ဘုံအထွေထွေတွင် ကြင်လည်ပြီး ဝဋ်ခံကြရသည်။ ထို ဘုံ၊ ဝဋ် များမှ ကြွတ်လွတ်အောင်၊ အကုသိုလ်ကံ အကျိုးများ အဟောသိကံဖြစ်အောင် နိဗ္ဗာန် ဝင်နိုင်ရန် ပွားများ ကြင့်ကြံရချေမည် ဖြစ်သည်။ ဝဋ်ကြွေးသည် နိဗ္ဗာန် ဝင်ခါနီး အထိတွင်ပင် ဆပ်ရမည် ဖြစ်ကြောင်းကို ဂေါတမ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် သာဓကအဖြစ် ပရိနိဗ္ဗာန်စံသဖြင့် သိမြင်ရသည်။

သို့သော် နိဗ္ဗာန်သို့ ရောက်လျှင် ထိုကြောင်းကျိုးများ လွတ်ကင်းရချေသည်။ သင်ကြား လေ့လာခဲ့သော အဘိဓမ္မာကျမ်းမှ ကိုးကား၍ ကုသိုလ်ဖြစ် ဆောင်းပါးရေးသား ကုသိုလ်ပြုအပ်ပါသည်။
စာဖတ်သူ ဓမ္မမိတ်ဆွေတို့ ကြောင်းကျိုး လွတ်ကင်း၊ ဆင်းရဲဝဋ် ကင်းမဲ့သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

https://web.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817/976351135741472/?type=3&theater 

ရွေးကောက်ပွဲအပေါ် သူတို့မျှော်လင့်ချက်


ဖြူဖြူကျော်သိန်း
ရွေးကောက်ပွဲက ဒုတိယ အကြိမ် မဲပေးဖြစ်တာ။ ၂၀၁၀ တုန်းက တစ်ကြိမ်၊ ၂၀၁၂ မှာတုန်းကတော့ အစ်မတို့ရပ်ကွက်မှာ ရွေးကောက်ပွဲမရှိဘူး။ ဒီတစ်ခေါက် က အရမ်းပျော်စရာကောင်း တယ်။ စိတ်လှုပ်ရှားစရာလည်း ကောင်းတယ်။ လူတွေအကုန် လာတန်းစီပြီး ဟိုတစ်ခေါက်နဲ့ မတူဘူး။ အစ်မက စမ်းချောင်း (တောင်)မှာ သွားပြီးမဲပေးရတာ။ အစ်မရောက်တဲ့အချိန် မနက် ၇ နာရီခွဲလောက်မှာ လူတွေရာနဲ့ချီ ပြီး တန်းစီနေကြပြီ။ တချို့ဆို ပေးပြီးလို့တောင် ပြန်လာကြပြီ။ မနက် ၄ နာရီလောက်ကတည်းက တန်းစီတဲ့သူတွေလည်း အများ ကြီးပဲ။ အားလုံးက စည်းကမ်း တကျလည်း ရှိတယ်။ တစ် ယောက်ကို တစ်ယောက် ဖေးဖေး မမ ရှိကြတယ်။ အားလုံးလည်း အဆင်ပြေတယ်။ မဲပေးရတာ လည်း အဆင်ပြေတယ်။ စိတ် ချမ်းသာတယ်။ မျှော်လင့်ချက်က တော့ တကယ် ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ အမှန်အတိုင်း Result ထွက်တဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။

ကိုယ်ရည်ရွယ် တဲ့ အစိုးရဆိုရင်လည်း အရင် ပြောဖူးတဲ့အတိုင်းပါပဲ။ လူတစ်စု ကောင်းစားတာမျိုးထက် တစ် တိုင်းပြည်လုံး လူထုလူတန်းစား မရွေး အတူတူကြီးပွားတိုးတက် ချမ်းသာတဲ့ ဒီမိုကရေစီနိုင်ငံဆီကို ခေါ်ဆောင်သွားနိုင်တဲ့ အစိုးရမျိုး ကို လိုချင်တယ်။ ပြည်သူတွေ အားလုံးရဲ့ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး၊ လူမှုရေး အဘက် ဘက်ကနေ တစ်ပြေးညီ တိုးတက် ပြောင်းလဲတဲ့ဘဝကို ခေါ်ဆောင် သွားနိုင်တဲ့ အစိုးရဖြစ်စေချင် တယ်။

ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)
၉၀ ရွေးကောက်ပွဲတုန်းက မဲပေးဖူးတယ်။ ၂၀၁၀ တုန်းက တော့ စင်ကာပူမှာ ရောက်နေလို့ မပေးဖြစ်ဘူး။ ဒါက ဒုတိယအ ကြိမ် ပေးဖြစ်တာပါ။ မဲပေးတာက နောက်ကျရင် လူများမှာစိုးတယ်။ နေပူမှာ စိုးတယ်။ နောက်တစ်ခု က စိတ်လှုပ်ရှားတယ်။ အဲဒါ ကြောင့် ရုပ်ရှင်ထိုင်ကြည့်ကြ တယ်။ နောက်ပြီးး အဲဒီမတိုင်ခင် ဦးမျိုးကားဆက်ခန်းကနေ ည ၁၀ နာရီလောက်ကမှ ပြန်လာတာ။ အဲဒီအချိန် မဲစာရင်းကို ကြည့်တဲ့ အချိန်မှာ ဦးမျိုးရဲ့ အမေနာမည် မှားနေတယ်။ မှတ်ပုံတင်နံပါတ် လည်း မှားနေတယ်။ ဦးမျိုးဇနီးရဲ့ အမေနာမည်လည်း မှားနေတယ်။ ထူးနွယ်အိမ်ရဲ့ မှတ်ပုံတင်နံပါတ် လည်း မှားနေတယ်။

အိမ်မှာ ငါး ယောက်ရှိတာ သုံးယောက်မှားနေ တာကြောင့် ညတွင်းချင်း ကောင် စီရုံးကို ပြေးတယ်။ သူတို့က မဲ စာရင်းအတိုင်း ထည့်တာဆိုတော့ မဲစာရင်းပြုစုသူတွေရဲ့ အမှား။ အဲဒါကို Complain တက်နေရင် အကုန်လုံးရှုပ်ပြီး မဲပေးခွင့်ရတော့ မှာမဟုတ်ဘူး။ မဲပေးခွင့်ရဖို့က အရေးကြီးတော့ အဲဒါတွေကို မပြင်တော့ဘဲ ည ၁၂ နာရီ လောက် အိမ်ပြန်ရောက်တယ်။ မနက်အစောကြီးပြန်သွားရမှာဆို တော့ အိပ်ချိန်မရှိတော့ဘူးဆိုပြီး ရုပ်ရှင်တစ်ကားထိုင်ကြည့် ဖြစ် တယ်။ ဇာတ်ကားပြီးတော့ အကုန်လုံး ရေချိုး၊ မျက်နှာသစ်ပြီးသွား တာ မဲရုံမဖွင့်ခင်ရောက်သွား တယ်။ မဲပေးပြီးတဲ့အချိန်မှာတော့ စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးသွား သလို ခံစားရတယ်။ အဲဒီက ပြန် မှ အိပ်ရတာ။ တော်တော်နဲ့ မအိပ်နိုင်ဘူး။ စိတ်ထဲမှာ ပီတိဖြစ်သလို ခံစားရတယ်။ မျှော်လင့်ချက်က တော့ ရှင်းပါတယ်။ လောလော ဆယ်မှာ အကောင်းဆုံးဖြစ်မလာ သေးဘူးဆိုတော့ အကောင်းဆုံး ဖြစ်လာဖို့ မျှော်လင့်ကြတယ်။ ပိုဆိုးတာကတော့ တရားဥပဒေ မျှတမှု၊ ဥပဒေလွှမ်းမိုးမှု အဲဒါကို မျှော်လင့်တယ်။

လုံခြုံစိတ်ချစွာ နေချင်တယ်။ နိုင်ငံသားတစ် ယောက်ရဲ့ ရပိုင်ခွင့် နိုင်ငံသား တစ်ယောက်ရဲ့ လုံခြုံမှုအပြည့်ရ ချင်တယ်။ အနုပညာသမားဆို တော့ လွတ်လပ်တာကို ခုံမင် တယ်။ အနုပညာက လွတ်လပ်တဲ့ နေရာမှာ ရှင်သန်တာဆိုတော့ လွတ်လပ်မှုကို ပိုပြီးမျှော်လင့် တယ်။ ဘာမှမလုပ်ရင် ဘာမှ မဖြစ်ဘူး။ အပြောင်းအလဲဖြစ်စေ ချင်တယ်။ ဒီအတိုင်းနေရတာ ကြာပြီ။

ပြေတီဦး
ရွေးကောက်ပွဲမှာ ကိုယ် ကိုယ်တိုင် မဲပေးခဲ့ရတဲ့အတွက် ဝမ်းသာတယ်။ အရမ်းလည်း ပီတိ ဖြစ်တယ်။ ဒီရွေးကောက်ပွဲက ပထမဆုံးအကြိမ် မဲပေးဖူးတာ။ အကောင်းဆုံးဖြစ်မယ့်ရလဒ်ကို အေးအေးချမ်းချမ်းဖြစ်ဖို့ပဲ မျှော် လင့်ပါတယ်။

အမရာငြိမ်း
လမ်းမတော် ဗဟိုစည်အိမ် ရာဝင်းထဲမှာ မဲထည့်ရတာပါ။ အမရာတို့ဆီမှာက လူနည်းတော့ တစ်နာရီလောက်ပဲ စောင့်ရ တယ်။ မဲပေးရတာကတော့ အ ဆင်ပြေပြေ ချောချောမွေ့မွေ့ပါ ပဲ။ မဲပေးတာက အမရာ့အတွက် ပထမဆုံးအကြိမ်ပါ။ ရွေးကောက် ပွဲအပေါ် မျှော်လင့်ချက်ကတော့ အားလုံးက ပြည်သူ့ပါတီကိုပဲ နိုင် စေချင်တာ။ သူများတွေက ကိုယ် ယုံကြည်တဲ့ပါတီက ဘယ်လောက်လုပ်ပေးနိုင်မယ်ထင်လဲလို့ ပြော ကြတယ်။ ဘယ်လောက်လုပ်ပေး နိုင်မလဲဆိုတာကတော့ အမရာတို့ တိုင်းပြည်မှာ ဒီထက်ဆိုးရွားတဲ့ အခြေအနေတော့ မရှိတော့ဘူးလို့ ထင်ပါတယ်။

အနည်းဆုံးတော့ ဘယ်လိုအခြေအနေပဲဖြစ်လာ ဖြစ်လာ ကိုယ်ရွေးချယ်လိုက်တဲ့ ပါတီက ကိုယ့်ရဲ့ဦးဆောင်သူအ ဖြစ်ဆိုရင်ပဲ အဲဒီတစ်ခုတည်းနဲ့ တင် ပြည်သူတွေအတွက် ကျေ နပ်စရာဖြစ်မယ် ထင်ပါတယ်။ အမရာတို့က ကိုယ်ရွေးချယ်ထား ခြင်းမရှိတဲ့ အစိုးရကို နှစ်ပေါင်း များစွာ လက်ခံထားခဲ့ရတဲ့ တိုင်း ပြည်တစ်ခုဆိုတော့ ကိုယ်ရွေး ချယ်လိုက်တဲ့အစိုးရ၊ ကိုယ်လိုလား တဲ့ခေါင်းဆောင်တက်လာတယ် ဆိုတာနဲ့တင် ပြောင်းလဲမှုမဖြစ်ဘူး ဆိုရင်တောင် ကျေနပ်မယ်ထင်ပါ တယ်။

http://www.7daydaily.com/story/50638

ဖုန်းဖြင့် ပြုလုပ်တဲ့ကား



ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့ မြို့တော်ခန်းမ အနီးမှာ ဖုန်းဖြင့် ပြုလုပ်ထားတဲ့ ကားကို ယခုလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အမှန်တကယ်ကတော့ ကားက သစ်သားဖြင့် ပြုလုပ်ထားပြီး ယင်းအပေါ်မှာ ဖုန်းများကို ပြန်လည် ကပ်ထားခြင်း ဖြစ်ပါတယ်။

Roadster ကား အမျိုးအစားပုံစံတည်ဆောက်ထားတဲ့ ဖရိန်ပေါ်မှာ အသုံးပြုပြီးသား ပျက်စီးပြီးသား စမတ်ဖုန်းနဲ့ ကီးပတ်ဖုန်းများကို ကောဖြင့် ကပ်ထားခြင်း၊ တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ စုစုပေါင်း ဖုန်းပေါင်း အလုံးရေ ၂၅၀၀၀ ကို အသုံးပြုပြီးတော့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ 

ရည်ရွယ်ချက်ကတော့ နည်းပညာ ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ များပြားလာမှုကို သိသသာစေရန် ပြုလုပ်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ စမတ်ဖုန်းကဲ့သို့ နည်းပညာ ပစ္စည်း စွန့်ပစ် ပစ္စည်းများကို တစ်နည်းတစ်ဖုံဖြင့် ပြန်လည် အသုံးချစေရန် နိုးဆော်တဲ့ လုပ်ဆောင်ချက် တစ်ခု ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: CCTV
အောင်ခမ်း (ရိုးရာလေး)
 https://web.facebook.com/YoYarLay/posts/978852448824674

အူကျရောဂါဆိုင်ရာအချက်အလက်များ

                              
ဆက်စပ်တစ်သျှူး (သို့မဟုတ်) ၀န်းရံထားသည့် ကြွက်သားများ ရှိ အားပျော့သောနေရာကို ကိုယ်တွင်းအင်္ဂါတစ်ခု (သို့မဟုတ်) အဆီတစ်သျှူးတစ်ခုက ညှစ်ထွက်သည့်အခြေအနေကို အူကျသည်ဟု ခေါ်သည်။

အဖြစ်အများဆုံးအူကျရောဂါအမျိုးအစားမှာ ပေါင်ခြံအတွင်း ပိုင်းအူကျရောဂါ၊ ချက်ကြောဆိုင်ရာအူကျွံခြင်း၊ ခွဲစိတ်ကုသမှုနှင့် ဆိုင်သော အူကျရောဂါ၊ ပေါင်ခြံအပြင်ဘက်တွင် အူကျခြင်းနှင့် ၀မ်းဗိုက်အပေါ်ပိုင်းတွင် အူကျွံခြင်းတို့ဖြစ်သည်။

အူသိမ်(သို့မဟုတ်) ဆီးအိမ်က ၀မ်းဗိုက်နံရံ (သို့မဟုတ်) ပေါင်ခြံအပေါ်ပိုင်းနေရာကို ထိုးထွက်သောအခါ ပေါင်ခြံအတွင်းပိုင်း အူ ကျခြင်းဖြစ်ပေါ်သည်။ ပေါင်ခြံတွင်းအူကျခြင်းအားလုံး၏ ၉၆ ရာခိုင်နှုန်းမှာ ပေါင်ခြံအတွင်းပိုင်းအူကျခြင်းဖြစ်ပြီး ယင်းနေရာတွင် သဘာဝအလျောက်အားနည်းခြင်းကြောင့် အမျိုးသားများ၌ အဖြစ်များ သည်။

ခွဲစိတ်ကုသမှုနှင့်ဆိုင်သော အူကျရောဂါမှာ ယခင်ခွဲစိတ်ကုသ ထားသော နေရာ၌ ၀မ်းဗိုက်ပိုင်းနံရံကို အူသိမ်က တွန်းထွက်ခြင်း ဖြစ်သည်။ ယင်းအူကျရောဂါအမျိုးအစားကို ၀မ်းဗိုက်ပိုင်းခွဲစိတ်ကု သမှု ခံယူပြီးနောက် ကိုယ်လက်လှုပ်ရှားမှုမရှိသည့် သက်ကြီးရွယ်အို များ (သို့မဟုတ်) ကိုယ်အလေးချိန် ပိုများလာသူများတွင် အဖြစ်များ သည်။

ပေါင်ခြံအပြင်ဘက် အူကျရောဂါမှာ အူသိမ်က ပေါင်ခြံသွေး ကြောမ ပေါင်အပေါ်ပိုင်း ၀င်ရောက်ရာနေရာသို့ ထိုးဖောက်ဝင် ရောက်ခြင်းဖြစ်သည်။ ယင်းအူကျရောဂါအမျိုးအစားကို အ၀လွန် (သို့မဟုတ်) ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကြုံတွေ့ရမှုများသည်။
ချက်အနီး ၀မ်းဗိုက်ပိုင်းနံရံကို အူသိမ်အူမွှားက ထိုးထွက်ခြင်း အခြေအနေကို ချက်ကြောဆိုင်ရာ အူကျရောဂါဟု ခေါ်သည်။ ယင်း အခြေအနေမျိုးကို မွေးကင်းစကလေးငယ်များနှင့် ကလေးအများကြီးမွေးထားသော အမျိုးသမီးများ (သို့မဟုတ်) အ၀လွန်သော အမျိုး သမီးများ ကြုံတွေ့ရတတ်သည်။

အစာအိမ်အပေါ်ပိုင်းနေရာက အစာပြွန်ဖြတ်သန်းရာ ကြွက် သားရှိ ပွင့်နေသော နေရာကို ဖြတ်၍ ထိုးထွက်ခြင်းကို ၀မ်းဗိုက် အပေါ်ပိုင်း အူကျွံခြင်းဟု ခေါ်သည်။             —Ref: Web Med

http://www.searchmyanmar.com/link/frame/sid/2771/domain/7daydaily.com