Pages

ပုဂ္ဂိုလ်စောင့်၊ သိုက်စောင့်ဟူသည်



ဓမ္မ မိတ်ဆွေ တစ်ဦး မေးလာသည့် မေးခွန်း တစ်ခုမှာ အချို့သောသူသည် သိုက်ဆက် နီးလွန်းအားကြီး သဖြင့် အိမ်ထောင်ပြု၍ မရသော အဖြစ်များ ကြုံဖူး ကြားဖူးသည်ဟု ဆိုသည်။ မှန်မမှန်နှင့် ဘုရားဟော မည်သို့ ရှိသည်နှင့် ဖြေရှင်းပေးရမည့် မေးခွန်း ဖြစ်ချေသည်။

သိုက် ဟူသည် အဖိုးတန် ပစ္စည်းများ ထာပနာ သိမ်းဆည်းများ ထားသိုရာ နေရာ တစ်ခုဟု စာရေးသူ သိထားပါသည်။ သို့သော် သိုက်ဟု ဆိုလိုက်လျှင် အဖိုးတန် ပစ္စည်းများသာမက လျှို့ဝှက် ဆန်းကျယ်သော မှော်ဆန်ဆန် ဒြပ်ဝတ္ထုနှင့် သတ္တဝါများ စုဖွဲ့ တည်ရှိရာ ဟုလည်း အများအသိဖြင့် သိရှိထားပါသေးသည်။ သိုက်စောင့်သော နတ်၊ သိုက်စောင့်သော မြွေ၊ နဂါး၊ ခြင်္သေ၊ ကျား၊ ဘီလူး၊ စသည်ဖြင့် အမျိုးမျိုး အထွေထွေ ရှိကုန်သည်။ မည်ကဲ့သို့ပင် ထူးထွေများပြားစေကာမှု အားလုံးမှာ ၃၁ ဘုံသားချည်း ဖြစ်ချေသည်။

အချို့က သိုက်ဖွားဟု ဆိုပြီး လျှို့ဝှက် ဆန်းကျယ်မှုနှင့် ကြုံသည်။ ကူညီ စောင့်ရှောက်သူများ နှင့် ကြုံသည်ဟု ဆိုသည်။ ယင်းတွင် မည်သူက ကူညီ စောင့်ရှောက်သနည်း။ ကြားဖူးသည့် ဖြစ်ရပ် တစ်ခုအရ သိုက် အတူတူ စောင့်ခဲ့သူ တစ်ဦး သေပြီး လူဖြစ်သော် ထိုဘဝထိ လိုက်လံ စောင့်ရှောက်သည်ဟု ဆိုသည်။ ဖြစ်နိုင်ပါသည်။

ဤတွင် ၃၁ ဘုံကို အကျဉ်း ရှင်းပြန်ရန် လိုအပ်ပေသည်။ ငရဲကြီး ၈ ထပ်၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကယ်ဘုံ၊ လူ့ပြည် ၁ထပ်၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာ အထပ် ၂၀ စုစုပေါင်း ၃၁ ဘုံရှိသည်။ သိုက်၊ နန်းဟူသည် ဗြဟ္မာတို့နှင့် ဆက်စပ်မှု မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဗြဟ္မာတို့က ရုပ်သာရှိ (သို့) နာမ်သာရှိ (သို့) ရုပ်နှင့် နာမ် ရှိကြကုန်သောကြောင့် ဖြစ်ပြီး သူ့ဘုံတွင် အမြဲ တည်ရှိသည်။

သို့သော် နတ်ပြည် ခြောက်ထပ်ဖြစ်သည့် စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသ ဝတ္တိ ဟူ၍ အောက်မှ အထပ်အထိ ရှိသည်။ စတုမဟာရာဇ် နတ်ဘုံသည် နတ်များတွင် အနိမ့်ဆုံးဘုံဖြစ်ပြီး နတ်သေးနတ်မွားများ ကျရောက်သောဘုံ ဖြစ်သည်။ လူ့ဘုံတွင် ရှိသော ရုပ်က္ခဆိုးနတ်၊ အိမ်စောင့်နတ်၊ ရွာစောင့်နတ်၊ ညောင်ပင်စောင့်နတ်၊ တောစောင့်နတ် စသည်များမှာ စတုမဟာရာဇ် ဘုံသားများ ဖြစ်ကြချေသည်။ သူတို့သည် တာဝတိံသာ နတ်ပြည်မှ နတ်သားများကဲ့သို့ အရောင်အသွေး မစုံ၊ ဘုန်းကံ မမြင့်ချေ။

ထိုနည်းတူစွာ ငရဲကြီး ရှစ်ထပ်၌ ငရဲသားများ အဖြစ်နေကာ ငရဲဘုံကျသူများကို နှိပ်စက်ရာတွင်လည်း ထို စတုမဟာရာဇ်နတ်ဘုံမှ အာလာဝက နတ်ဘီလူးများက အလည့်ကျ သွားရောက်ခြင်း ဖြစ်သည်ဟု ဘုရားဟော အဘိဓမ္မာတွင် ဖွင့်ဆို ရှင်းလင်းထားသည်။ နတ်မင်းကြီး လေးပါးတို့ကို ဆည်းကပ် ခစားရသော လက်အောက်ခံ နတ်တို့၏ နေရာ ဘုံဌာန ဖြစ်သဖြင့် စတုမဟာရာဇ်နတ်ဘုံဟု ခေါ်ပြီး နတ်နှစ် ၅၀၀ ဖြစ်ချေသည်။

(ဤတွင် စာဖတ်သူတို့၏ အတွင်းစိတ်၌ “ဟာကွာ များလိုက်တဲ့ ဘုံနဲ့နတ်တွေ” ဟု တစ်လွဲ ထင်နေကောင်း ထင်တတ် ပါသည်။ စာရေးသူ တင်ပြသော ၃၁ ဘုံမှာ အမှန်တကယ် တည်ရှိသော ဌာနများ ဖြစ်သည်ဟု မြတ်စွာဘုရားမှ ဟောကြားခဲ့ချေသည်။ ထို ဘုံအလိုက်အထိုက်တွင်လည်း ပွင့်ဖူးခဲ့သော ဘုရား အဆူဆူတို့မှ ကျင်လည်ကာ တရားများ ဟောပြ ဆုံးမခဲ့သည်ဟုလည်း သိရသည်။ အနီးစပ်ဆုံ သာဓက အဖြစ် ဂေါတမ မြတ်စွာဘုရားသည် မယ်တော် အဖြစ် တော်စပ်ခဲ့သူ သန္တုဿီတနတ်သားကို အမှူးပြုကာ တာဝတိံတာ နတ်ပြည် တွင် ကျေးဇူးဆပ်ခဲ့သည်။

ကျေးဇူးဆပ်ပုံမှာ အဘိဓမ္မာ တရား အကျယ် ဟောကြားခဲ့ခြင်း ဖြစ်သည်။ ယင်း အဘိဓမ္မာ တရားကို အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောပြောတော်မူခဲ့သည်။ ထိုမှတစ်ဆင့် တပည့်ရဟန်း ငါးရာတို့အား နေ့ချင်းပင် မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မှုခဲ့ရာ ယနေ့တိုင် တည်ရှိရာ အခြေပြုလာခဲ့ခြင်း ဖြစ်ချေသည်။ ထိုအချက်ဖြင့် ၃၁ ဘုံ အမှန်တကယ် ရှိသည်ဟုလည်း ထောက်ပြနိုင်သည်။)

သိုက် အကြောင်း ကိစ္စ ပြန်ဆက်မည်။ စာဖတ်သူတို့ စတုမဟာရာဇ်ဘုံ သဘောကို သိရှိပြီဆိုလျှင် သိုက်တွင် စောင့်ကြပ်သော နတ်များကို သိရှိပြီဟု စာရေးသူ ယုံကြည်သည်။ သိုက်စောင့်နတ် အမျိုးမျိုး အထွေထွေ အားလုံးသည် ဘုရား ထာပနာ ဖြစ်ပါကလည်း တာဝန်ရှိသဖြင့် လာရောက် စောင့်ကြပ်ပေးရခြင်း ရှိ၏။ နတ်တို့နှင့် မပြီးသေးချေ။ ဘုရား ထာပနာ စောင့်ကြပ်ရသော မြွေ၊ နဂါး စသည်ဖြင့် အမျိုးမျိုး ရှိချေသေးသည်။

တိရစ္ဆာန်၊ ဗြိတ္တာ နှင့် အသူရကာယ်တို့လည်း ပါဝင်ချေသေးသည်။ ထို ဘုံသားတို့သည် လူဖြစ်စဉ်က (သေခါနီး အချိန်) လောဘဇော တက်ကာ ပိုင်ဆိုင်သော (ဝါ) ပိုင်ဆိုင်လိုသော ပစ္စည်း ဥစ္စာကို အစွဲပြုပြီး သေမည်ဆိုလျှင် ထိုပစ္စည်း ဥစ္စာ တည်နေရာ နှင့် ဒြပ်ဝတ္ထုတို့တွင် မကြွတ် မလွတ်နိုင်ပဲ တိရစ္ဆာန်သော် လည်းကောင်း၊ ဗြိတ္တာသော် လည်းကောင်း၊ အသူရကာယ် သော်လည်းကောင်း ဖြစ်ကြရသည်။ ဥစ္စာတို့ကို စောင့်ကြပ်ရသည်။

လှပသော မိန်းကလေးတို့ကို တောထဲတွင် တွေ့လျှင် ဥစ္စာစောင့်ဟု ဆိုကြသည်။ အမှန်စင်စစ် သူတို့သည် ထို ပစ္စည်း ဥစ္စာကို အစွဲပြုပြီး သေလွန်ကြသဖြင့် မကျွတ် မလွတ်နိုင်သော ဗြိတ္တာနှင့် အသူရကယ် (သို့) စတုမဟာရာဇ် ဘုံသားများ ဖြစ်ရချေသည်။ သူတို့ စောင့်ကြပ်သော ပစ္စည်း ဥစ္စာအပေါ် နှောက်ယှက်လိုသူတို့နှင့် ကြုံတွေ့ရသော် နည်းလမ်း အမျိုးမျိုးဖြင့် ခြောက်လှန့် မောင်းထုတ်ရချေသည်။

အထက်ပါ ရှင်းလင်းချက်သည် ဒြပ်ဝတ္ထုသာ ရှိသေးသည်။ သက်ရှိ သတ္တဝါတို့အား စွဲလမ်းမှု၊ စောင့်ကြပ်မှု ရှိသေးချေသည်။ သာဓက တစ်ခု အရ အမျိုးသား တစ်ဦးသည် သူချစ်သော အမျိုးသမီးကို စွဲလမ်းစိတ်ဖြင့် သေလွန်သည်ရှိသော် ကောင်းရာ ဘုံဘဝသို့ မရောက်နိုင်ပဲ လောဘစိတ် အခြေခံ ပဋိသန္ဓေကြောင့် အသူရကာယ်၊ ဗြိတ္တာကဲ့သို့သော ဘုံဘဝသို့ ရောက်ရသည်။ ထိုကဲ့သို့သော အခြေအနေတွင် သူချစ်ရသော မိန်းကလေးကို အများသူကာ အန္တာရယ်မှ လွတ်ကင်းအောင် ကူညီခြင်း၊ သို့တည်းမဟုတ် အခြားသူ တစ်ဦးနှင့် ချစ်ကြိုက်သွားမည်ကို စိုးရိမ်သဖြင့် လိုက်လံ နှောင့်ယှက်ခြင်းများ ပြုတတ်ချေသည်။

ဤတွင် အကြောင်းမဲ့ ခံရသည် မဆိုလို။ ထိုကဲ့သို့ နှောက်ယှက်မှုကို ခံရရန် ကံပါမှလည်း လိုက်လိုက် နှောင့်ယှက် (သို့မဟုတ်) ကူညီ ဖေးမမှုကို ခံရသည်။ (ဥပမာ နောက်တစ်ခု အရ။ ။ သေသောကလေး (ကလေးခြောက်) က ဘုံဘဝ စွဲလမ်းသဖြင့် အမေ့ကို အိပ်မက်ပေးခြင်း၊ အတိတ်စိမ်း ပေးပြီး ကူညီခြင်းမျိုး)

ထိုအချက်နှင့်လည်း မလုံလောက်သေးချေ။ တစ်ခါတစ်ရံ ဝဋ်ကြွေးကြောင့် လည်း မိမိ လုပ်ဆောင်ချက်များကို တားဆီး ပိတ်ပင်မှု ခံရသည်။ ဥပမာ တစ်ခု အရ ဘုရားဟော ဇာတ်တော် တစ်ခုတွင် အမျိုးသမီး တစ်ဦးသည် အရိယာ တစ်ဦးကို နှုတ်ရေးဖြင့် ဆဲရေး တိုင်းထွာ ပြုမိသောကြောင့် သူ ဆဲခဲ့ဖူးသည် ပြည့်တန်ဆာမ ဟူသော စကားလုံး အတိုင်း ဘဝပေါင်းများစွာ ပြည့်တန်ဆာ အမျိုးသမီး၊ ယုတ်ညံ့သော တိရစ္ဆာန် ဖြစ်ရသည်။

ဘုရင် သမီးတော် ဖြစ်သည့် ဘဝတွင်ပင် ရုပ်ရည် ချောမောသဖြင့် နိုင်ငံပေါင်း များစွာက လိုလားကာ စစ်မက် ဖြစ်မည်ကို ဘုရင်က ကြောက်လှန့်သဖြင့် မည်သူကိုမှ မပေးစားနိုင်ပဲ ထိုနိုင်ငံ ဘုရင်၊ အိမ်ရှေ့မင်းသားများ အတွက် ပြည့်တန်ဆာ သဘောမျိုးသာ ပျော်တော်ဆက် ဖြစ်စေခဲ့သည်။ (နောက်ဆုံး ဘဝ တစ်ခုတွင် ထို အမျိုးသမီးလည်း မဂ်ဖိုလ် နိဗ္ဗာန် ရောက်ရချေသည်။) (ဘုရားဟော ဇာတ်တော်ဖြစ် သည်။ အတိအကျ သိလိုသော် မေးနိုင်ပါသည်။)

ဆိုလိုသည်မှာ ဘဝ တစ်ခုတွင် ပြုခဲ့မိသော အကုသိုလ်ထူး တစ်ခုကြောင့် ဘဝဆက်တိုင်းတွင် မပြတ်နိုင်ပဲ တူညီစွာပင် ဝဋ်ကြွေး ဆပ်ရခြင်းမျိုး ဖြစ်သည်။ ကုသိုလ်ထူးကြောင့်လည်း ဘဝ ဆက်တိုင်း အကျိုး ပေးကောင်းရခြင်း မျိုးလည်းရှိသည်။ အိမ်ထောင်ရေး အမြဲ အဆင်မပြေ ဖျက်လိုဖျက်ဆီး ခံရသည်ဆိုခြင်းမှာ သိုက်စောင့်ကြောင့် သော်လည်းကောင်း၊ မိမိ ရှေးဘဝက ကြီးမားသော အိမ်ထောင်ရေးရာ နှောင့်ယှက် ကျူးလွန် သည့် အကုသိုလ်ကံ တစ်ခုခုကြောင့် ဖြစ်ကြောင်း သိနိုင်သည်။ (ဥပမာ- သူတော်ကောင်းတို့ မဂ်လာ ကိစ္စ ခမ်းနားကို ဖျက်လိုဖျက်ဆီး ပြုလုပ်ခြင်းမျိုး)

အိမ်ထောင်ရေး တစ်ခုတွင် သာမဟုတ် သက်ဆိုင်ရာ သက်ဆိုင်ရာ အကြောင်းအရာ ကိစ္စရပ်တိုင်းတွင် ရှေးဘဝ အကြောင်းကိစ္စ (ကံ) ကြောင့် ဝဋ်တစ်ခု သဖွယ် ဆက်တိုက် ခံရခြင်းဖြစ်သည်။ ဥပမာ- ချမ်းသာရန် အခွင့် အမြဲ ကြုံသော်လည်း အမြဲလိုလို ဆင်းရဲရခြင်း၊ ဆင်းရဲရန် အကြောင်း အမြဲကြုံသော်လည်း ကူညီဖေးမမှု (ဝါ) ကံထောက်ပံ့မှုကြောင့် အမြဲ ချမ်းသာရခြင်း စသည်ခြင်းမျိုး ဖြစ်သည်။

အနှစ်ချုပ်ဆိုရသော် မည်ကဲ့သို့သော် ပုဂ္ဂိုလ် သိုက်စောင့်စောင့်၊ ကံဝဋ်ကြွေး မည်မျှပင် ကျန်ကျန် မိမိ လုပ်ဆောင်ရမည် ဖြစ်သော ကုသိုလ်ကောင်းမှုနှင့် ကျင့်ကြံ အားထုတ်ရမည် ဖြစ်သော မဂ်ဖိုလ် တရားများကို အစဉ်တစ်ဆိုက် ပွားများ ကျင့်ကြံ အားထုတ်ရချေမည်။

ဘဝများ ရှည်လျားလှသည်။ ဝဋ်ကြွေးများ ပေါလှချေသည်။ ကောင်းမှု ရှိသလို၊ မကောင်းမှု ရှိသဖြင့် ဘုံအထွေထွေတွင် ကြင်လည်ပြီး ဝဋ်ခံကြရသည်။ ထို ဘုံ၊ ဝဋ် များမှ ကြွတ်လွတ်အောင်၊ အကုသိုလ်ကံ အကျိုးများ အဟောသိကံဖြစ်အောင် နိဗ္ဗာန် ဝင်နိုင်ရန် ပွားများ ကြင့်ကြံရချေမည် ဖြစ်သည်။ ဝဋ်ကြွေးသည် နိဗ္ဗာန် ဝင်ခါနီး အထိတွင်ပင် ဆပ်ရမည် ဖြစ်ကြောင်းကို ဂေါတမ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် သာဓကအဖြစ် ပရိနိဗ္ဗာန်စံသဖြင့် သိမြင်ရသည်။

သို့သော် နိဗ္ဗာန်သို့ ရောက်လျှင် ထိုကြောင်းကျိုးများ လွတ်ကင်းရချေသည်။ သင်ကြား လေ့လာခဲ့သော အဘိဓမ္မာကျမ်းမှ ကိုးကား၍ ကုသိုလ်ဖြစ် ဆောင်းပါးရေးသား ကုသိုလ်ပြုအပ်ပါသည်။
စာဖတ်သူ ဓမ္မမိတ်ဆွေတို့ ကြောင်းကျိုး လွတ်ကင်း၊ ဆင်းရဲဝဋ် ကင်းမဲ့သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

https://web.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817/976351135741472/?type=3&theater 

No comments:

Post a Comment