ထုတ်ကုန်ပစ္စည်းအမျိုးမျိုး (ဥပမာ-စက္ကူ၊ ပရိဘောဂ) စတာတွေ ထုတ်လုပ်နိုင်ဖို့အတွက် လူတွေက သစ်ပင်တွေကို ဈေးနှုန်းသတ်မှတ်လို့ ခုတ်လှဲရောင်းဝယ်နေကြတယ်။ အဲဒီသစ်ပင်နဲ့ အဲဒီဈးနှုန်းတွေဟာ တကယ်ပဲထိုက်တန်ရဲ့လားဆိုတာ ဘယ်သူမှ ထဲထဲဝင်ဝင်တွေးမိကြမယ်မထင်ဘူး။ တကယ်တမ်းစဉ်းစားကြည့်ရင် သစ်ပင်တစ်ပင်ရဲ့ တန်ဖိုးဟာ တွက်ချက်မရနိုင်ပါဘူး။ Oregon ပြည်နယ်က Portland Parks & Recreation ဟာ သစ်ပင်တွေရဲ့ တကယ့်အနီးစပ်ဆုံး တန်ဖိုးအစစ်အမှန်တစ်ချို့ကို သစ်ပင်တွေမှာ လိုက်ချိတ်ထားခြင်းအားဖြင့် လူထုကို သစ်ပင်တွေရဲ့အကျိုးကျေးဇူးကို သတိထားမိစေဖို့ ကြိုးပမ်းထားပါတယ်။ သစ်ပင်တွေရဲ့ အကျိုးကျေးဇူးအများအပြားတွေထဲကမှ အရေးအကြီးဆုံး တချို့ကို လေ့လာကြည့်ရအောင်။
(၁) လေထုသန့်စင်ခြင်း
အားလုံးသိတဲ့အတိုင်း အပင်တွေဟာ လေထုထဲကဖုန်မှုန့်အညစ်အကြေးတွေကို ဖယ်ရှားနိုင်စွမ်း ရှိပါတယ်။ီလေနပှုညျအငအကအန က သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ မြို့ပြရဲ့တောအုပ် တွေဟာ ပျှမ်းမျှနှစ်စဉ် မြို့တစ်မြို့ကိုလူတစ်ယောက်နှုန်း အသက်ကယ်တင်ပေးနိုင်စွမ်း ရှိပါတယ်တဲ့။ အပင်မရှိတော့တဲ့နေရာမှာနေထိုင်တဲ့သူတွေဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ပိုမိုခံစားရလေ့ရှိပါတယ်။ သက်ရှိတွေလိုအပ်နေတဲ့ အောက်ဆီဂျင်ကို အပင်တွေက ထောက်ပံ့ပေးနေတာဖြစ်တဲ့အတွက် သစ်ပင်တွေကို “Lungs of the Planet” ကမ္ဘာမြေကြီးရဲ့အဆုတ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။
(၂) အလုပ်အကိုင်အခွင့်အလမ်း
၂၀၁၂ခုနှစ်မှာ အမေရိကန်က အမျိုးသားသစ်တောဥယျာဉ်တစ်ခုတည်းကတင် လာရောက် အပန်းဖြေသူတွေဆီကနေ ကန်ဒေါ်လာ ၁၁ဘီလီယံနီးပါး ရရှိခဲ့ပါတယ်တဲ့။ ဒီတော့ သစ်တောဥယျာဉ်ကောင်းကောင်းတစ်ခုရဲ့ ၀င်ငွေကလဲ မသေးဘူးနော်။ ဒီလိုစီးပွားရေး လုပ်ငန်းတွေဟာ ရေရှည်တည်တံ့နေမှာဖြစ်ပြီး အချိန်ပြည့်သာမက အချိန်ပိုင်းလုပ်သား အများအပြားအပါအ၀င် အလုပ်အကိုင်အခွင့်အလမ်း တစ်သိန်းကိုးသောင်းလောက် ဖန်တီးပေးထားနိုင်ပါတယ်။
(၃) ရေကောင်းရေသန့်
ပုလင်းထဲထည့်၊ ပိုးသတ်ထားတဲ့ရေကသာ ရေသန့်လို့ထင်နေရင် မှားမှာပေါ့။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ဟာ လူနေထူထပ်ပေမယ့် ရေသန့်စင်မှုနည်းနည်းပဲ လုပ်ရပါတယ်။ ဒါဟာ သစ်တောတွေမှာ သဘာဝရေလှောင်ကန်တွေ အများအပြားရှိထားတာကြောင့်ဖြစ်ပြီး နယူးယောက်မြို့ ရေသုံးစွဲမှုရဲ့ သုံးပုံနှစ်ပုံနီးပါးဟာ အဲဒီရေလှောင်ကန်တွေဆီကနေ လာတာဖြစ်ပါတယ်။
(၄) ကာဗွန်သန့်စင်ပေးခြင်း
နည်းပညာတိုးတက်မှုရဲ့နောက်ကွယ်က ကမ္ဘာမြေကြီးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ အများအပြားထုတ်လွှတ်နေတာကြောင့် လေထုညစ်ညမ်းမှုများပြားနေတာ အားလုံးသိကြမှာပါ။ လောင်စာတွေလောင်ကျွမ်းပြီး လေထုထဲကာဗွန်ဒိုင်အောင်ဆိုဒ် များပြားလာပြီဆိုရင် အန္တရာယ်ရှိတဲ့ရာသီဥတုဖြစ်လာဖို့ နီးနေပါပြီ။ အနှစ်(၄၀)သက်တမ်းရှိတဲ့ အပင်တစ်ပင်ဟာ တစ်နှစ်ကို ကာဗွန်ဒိုင်အောင်ဆိုဒ်ဓါတ်ငွေ့ တစ်တန်နှုန်းသန့်စင်ခြင်းအားဖြင့် ဒီအန္တရာယ်ရှိတဲ့ ဖြစ်စဉ်ကိုလျော့ကျနိုင်ဖို့ အထောက်အကူပေးနေပါတယ်။
(၅) ရာဇ၀တ်မှုလျော့ချပေးခြင်း
ဘာဆိုင်လဲလို့တွေးမိပါလိမ့်မယ်။ သစ်ပင်တွေဟာ လူတွေရဲ့စိတ်ဖိစီးမှုကို လျော့နည်းစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ သစ်ပင်တွေအများအပြားရှိတဲ့ အိမ်နီးချင်းတွေဟာ သစ်ပင်တွေနည်းပါးတဲ့ အိမ်နီးချင်းတွေထက် ရာဇ၀တ်ဖြစ်မှုနှုန်းလျော့နည်းပါတယ်တဲ့။ သုတေသီတွေက လူတွေမှာ စိတ်ဖိစီးမှုလျော့နည်းသွားတဲ့အတွက် ပတ်ဝန်းကျင်နဲ့ထိတွေ့ဆက်ဆံမှုများပြားလာပြီး အချင်းချင်း ယုံကြည်နားလည်နိုင်စွမ်းတွေ ပိုမိုတိုးပွားလာတဲ့အတွက်ကြောင့် ရာဇ၀တ်မှုနှုန်း နည်းပါးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
(၆) ပိုင်ဆိုင်မှုတန်ဖိုးမြင့်တက်ခြင်း
လူတွေရဲ့ အကြိုက်နဲ့လိုအပ်ချက်တွေအရ သူတို့ရဲ့အလုပ်နဲ့ အိမ်တည်ရှိရာနေရာတွေကို ရွေးချယ်တဲ့အခါမှာ သစ်ပင်များများပါရှိတဲ့အိမ်ကို ရွေးချယ်လာကြပါတယ်။ သစ်ပင်ရှိတဲ့အိမ်ဟာ သစ်ပင်မရှိတဲ့အိမ်ထက် ၇.၂၅ ရာခိုင်နှုန်းလောက် ပိုပြီးတန်ဖိုးမြင့်တက်လာပါတယ်။ ဈေးဝယ်သူတွေကလည်း အစိမ်းရောင်ဥယျာဉ်နဲ့ ရှုခင်းရှိတဲ့ဈေးဆိုင်တွေမှာ ပိုပြီးဝယ်လာတာကို တွေ့ရပါတယ်။
(၇) စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်ခြင်း
စိတ်ဓါတ်ကျနေချိန်သစ်တောလေးထဲမှာ လမ်းလျှောက်ထွက်ကြည့်ပါ။ သဘာဝနဲ့များများ ထိတွေ့နိုင်သူတွေဟာ မှတ်ဥာဏ်ကိုပိုမိုကောင်းမွန်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ခြင်းနဲ့ စည်းကမ်းတကျနေထိုင်တတ်ခြင်းတို့ကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။ ဆေးရုံပေါ်ကလူနာတွေထဲမှာတောင် ပြတင်းပေါက်ကနေ သစ်ပင်ကိုအမြဲတမ်းမြင်နေရတဲ့ လူနာတွေက အခြားမမြင်ရတဲ့လူနာတွေထက် ဆေးရုံကနေ ရှစ်ရာခိုင်နှုန်းလောက် စောဆင်းနိုင်တာကို လေ့လာချက်တစ်ခုက တွေ့ရှိရပါတယ်တဲ့။
(၈) အပူချိန်ထိန်းညှိပေးခြင်း
လူဦးရေ တစ်မီလီယံနဲ့အထက်ရှိတဲ့ မြို့တစ်မြို့ဟာ တစ်နှစ်ပတ်လည်ပျှမ်းမျှလေထုအပူချိန် (၁.၃)ဒီဂရီဆဲလ်စီးယပ် ပိုနွေးနေလေ့ရှိပါတယ်။ ဒါကို တစ်နေရာတည်းအပူချိန်သက်ရောက်မှုလို့ ခေါ်ပြီး ဒီသက်ရောက်မှုကို သစ်ပင်တွေကပေးတဲ့ အရိပ်နဲ့ လေကာနိုင်စွမ်းတွေက လျော့ချပေးနိုင်ပါတယ်။ အရိပ်ရအပင်တွေရှိတဲ့ မိသားစုတွေဟာ နွေရာသီမှာ အအေးဓါတ်ရဖို့ သုံးစွဲရတဲ့ကုန်ကျစရိတ်ရဲ့ ၁၂ရာခိုင်နှုန်းလောက်ကို လျော့ချနိုင်ပါတယ်တဲ့။
(၉) ရေလွှမ်းမိုးမှုကို ထိန်းညှိပေးခြင်း
သစ်ပင်တွေဟာ တောင်ကုန်းတွေပေါ်က စမ်းချောင်း၊ စမ်းချောင်တွေကနေ မြစ်ထဲကို စီးဆင်းသွားတဲ့ရေပမာဏ အတော်များများကို သိုလှောင်ထားနိုင်စွမ်းရှိပါတယ်။ ဒီလိုမှ မသိုလှောင်ထားနိုင်ရင် တောင်ကုန်းတွေပေါ်ကရေတွေဟာ အတားအဆီးမဲ့စွာနဲ့ မြို့ထဲကို ၀င်လာပြီး မြို့တွေကိုလွှမ်းမိုးသွားနိုင်ပါတယ်။
(၁၀) တောရိုင်းတိရစ္ဆာန်များနေထိုင်ခြင်း
တောရိုင်းတိရစ္ဆာန်တွေရဲ့ အစားအစာ၊ အကာအကွယ်၊ အသိုက်အမြုံနဲ့ မျိုးဆက်ပွားများဖို့ အရေးကိစ္စတွေဟာ သစ်တောတွေအပေါ်မှာ မူတည်နေပါတယ်။ ကမ္ဘာမြေပေါ်က သက်ရှိမျိုးစုံ ရှင်သန်နေထိုင်နိုင်ဖို့အတွက်ကိုလည်း အံ့ဩဖွယ်ကောင်းလောက်အောင် အထောက်အပံ့ ပေးထားနိုင်ပါတယ်။ ဒါကြောင့် အပင်တွေပြုန်းတီးမှုကို ကာကွယ်ပေးခြင်းအားဖြင့် တခြားအပင်တွေနဲ့ သူတို့ကိုမှီခိုနေထိုင်ရတဲ့ သတ္တ၀ါတွေအားလုံးကို ကာကွယ်ရာရောက်ပါတယ်။
trend myanmar
http://www.searchmyanmar.com/link/comment/cid/52895
No comments:
Post a Comment