ဆိုင်ဘာ စောရတို့သည် ကိုယ့်ထက် နည်းပညာ စမတ်ကျသည်။ သူခိုးဉာဏ် ရင့်သန်သည်။ စာဖတ်သူ၏ ကိုယ်ရေး အချက်အလက်၊ ဘဏ်စာရင်းတို့သည် သူတို့ပစ်မှတ်ဖြစ်သည်။ ဆိုင်ဘာ စောရရန်ကို ဘယ်လို ကာကွယ်ကြမလဲ။
၁။ ကိုယ်မသိတဲ့ အီးမေးလ်တွေ ၀င်လာရင် သတိထား။
ကားမဲပေါက်သည်၊ နိုင်ငံခြားသွားဖို့ လေယာဉ်လက်မှတ် မဲပေါက်သည်၊ အွန်လိုင်း ထီပေါက်သည် စသဖြင့် အကြောင်းကြားစာ အီးမေးလ်တွေ ၀င်လာလျှင် ၀မ်းသာအယ်လဲ မဖြစ်လိုက်ပါနဲ့။ နေရင်းထိုင်ရင်း မည်သူမျှ အလကားမပေးပါ။ အွန်လိုင်း စောရများ ထောင်ချောက်ဆင်ခြင်းသာ ဖြစ်၏။ ဆုမဲ လွှဲပြောင်းပေးပို့ နိုင်အောင် နာမည်၊ နေရပ်လိပ်စာနှင့် ဘဏ်စာရင်းတို့ ထည့်ပေးပါ ဆိုတာမျိုး လာလိမ့်မည်။ ထည့်ပေးလိုက်မိလျှင် ငါးပါးမှောက်မည်။ မိမိဘဏ်အကောင့် စောရတွေ လက်ပါသွားပြီး ဆုမရသည့် အပြင် ကိုယ့်ရှိတာလေးပါ ပြောင်သွားလိမ့်မည်။ ဖိုင်တွေ တွဲပါလာလျှင်လည်း မဖွင့်ပါနဲ့။ ဖွင့်မိလျှင် ကိုယ့်ကွန်ပျူတာထဲ အဖျက် ဆော့ဖ်ဝဲလ်တွေ ၀င်လာပြီး အချက်အလက်တွေပါ ခိုးသွားလိမ့်ဦးမည်။
၂။ နောက်ကွယ်က လက်မည်း။
အပေါ်ယံ ကြည့်လိုက်လျှင် သံသယ ဖြစ်စရာမရှိသည့် ၀က်ဘ်ဆိုက်ဒ်ပင်။ သို့သော် ၀င်သုံးလျှင် အခြားသော လင့်ခ်များကို ညွှန်းတော့သည်။ ထိုလင့်ခ်များကို လိုက်သွားမိလျှင် ဟိုဖိုင် ဒေါင်းပါ၊ ဒီဖိုင် ဒေါင်းပါတွေ ပေါ်လာတော့သည်။ ဒေါင်းမိလျှင် မိမိစက်ထဲ အဖျက် ဗိုင်းရပ်စ်ဝင်ကာ ကိုယ်ရေး အချက်အလက်တွေ ခိုးလိမ့်မည်။ ပုံဖျက် ဆော့ဖ်ဝဲများဆိုလျှင် မိမိစက်ထဲက ဖိုင်တွေကို ပုံဖျက်ပစ်ကာ သုံးမရအောင် လုပ်ပစ်ပြီး ငွေပေးမှ မူလအတိုင်း ပြန်ဖော်ပေးမည်ဟု အကျပ်ကိုင်တတ်သည်။ ထိုအခါ တောင်းသောငွေကို အွန်လိုင်းအကောင့် ကနေ လွှဲပေးလိုက်မှ မိမိစက် နဂိုအတိုင်း ပြန်သုံးလို့ရသည်။ အွန်လိုင်း ဓားပြတိုက်နည်း တစ်မျိုးပင်။ Chrome/Firefox စသဖြင့် လုံခြုံရေး အချိန်ပြည့် အဆင့်မြှင့်တင်နေသော စိတ်ချရသည့် ဘရောက်ဆာမျိုးတွေက တစ်ဆင့်သာ ၀က်ဘ်ဆိုက်ဒ်များ ၀င်ကြည့်ပါ။
၃။ အင်တာနက် ချိတ်ဆက် ပစ္စည်းတိုင်းကို ဟက်ကာတွေ လက်လှမ်းမီသည်။
အင်တာနက် ချိတ်ဆက်ထားသည့် ကွန်ပျူတာ၊ စမတ်ဖုန်းလောက်ကိုသာ မဟုတ်။ အင်တာနက် ချိတ်ဆက် စမတ်တီဗီ၊ စမတ် ရေခဲသေတ္တာ၊ စမတ်အိမ်တွင်း အပူအအေး ထိန်းညှိစနစ်၊ စမတ် လုံခြုံရေး စနစ်များကိုလည်း ဟက်ကာတွေ လက်လှမ်းမီသည်။ စမတ် လုံခြုံရေး ကင်မရာစနစ်၊ လပ်တော့ ကင်မရာစနစ်တွေကို ဟက်ကာတွေ ထိုးဖောက်ဝင်ရောက်ကာ အ၀တ်အစားလဲနေတုန်း ကိုယ်လုံးတီးပုံတွေ ရိုက်ယူပြီး ငွေညှစ်မှုများ အများအပြား ဖြစ်ပွားခဲ့ပြီ ဖြစ်သည်။ အိမ်တွင်း စမတ် ပစ္စည်းများသည် ၀ိုင်ဖိုင်စနစ်ဖြင့် အလုပ် လုပ်သည်ဖြစ်ရာ ၀ိုင်ဖိုင်စနစ် Password ကို မကြာမကြာ ပြောင်းပေးခြင်းဖြင့် အွန်လိုင်းစောရ ဟက်ကာတွေ လွယ်လွယ် မ၀င်နိုင်အောင် ကာထားရမည်။
၎။ အခမဲ့ ၀ိုင်ဖိုင်ရတိုင်း စွတ်မသုံးပါနဲ့။
Password ခံမထားသော အခမဲ့ ၀ိုင်ဖိုင်သည် အွန်လိုင်းစောရတို့ အဖို့ ဖွင့်ထားသော တံခါးပေါက်ဖြစ်၏။ မိမိဖုန်းနှင့် hotspot အကြား အကူးအပြောင်းကို စောရများက အလွယ်တကူ ကြားဖြတ် ဖမ်းယူနိုင်သည်။ အထူးသဖြင့် အခမဲ့ ၀ိုင်ဖိုင်သုံးပြီး အွန်လိုင်းငွေကြေး လွှဲပြောင်းတာမျိုး၊ ဘဏ်စာရင်း စစ်ကြည့်တာမျိုး မလုပ်ပါနဲ့။
၅။ ဖေ့စ်ဘွတ်ခ်မှာ အထူးအဆန်း ဗီဒီယိုဆိုတိုင်း ၀င်မကြည့်နဲ့။
ထူးဆန်းသော သတ္တ၀ါသစ် အာဖရိကမှာ တွေ့ရှိဆိုသော ဗီဒီယိုမျိုး သူငယ်ချင်း တစ်ယောက်က ရှဲထားတိုင်း ၀င်မကြည့်ပါနဲ့။ ၀င်ကြည့်လိုက်လျှင် အခြားလင့်ခ် တစ်ခုကို ခေါ်သွားလိမ့်မည်။ ဗီဒီယိုပလေယာ ဒေါင်းပါ ဆိုတာမျိုး ခိုင်းလိမ့်မည်။ အွန်လိုင်း စစ်တမ်းလေး ဖြေပေးပါဆိုတာမျိုး လာလိမ့်မည်။ မိမိနာမည်သုံးပြီး မိမိသူငယ်ချင်းတွေဆီ ထိုဖိုင်တွေ အလိုအလျောက် လျှောက်ရှဲ နေလိမ့်မည်။ ခိုင်းတာ လိုက်လုပ်မိလျှင် ကိုယ့်ကွန်ပျူတာထဲ အဖျက် ဗိုင်းရပ်စ်ဝင်မှန်း မသိ ၀င်သွားလိမ့်မည်။ ထိုဗီဒီယို နာမည်ကို ဂူဂဲမှာအရင် ရိုက်ရှာကြည့်ပါ။ အတုအယောင် ဖြစ်နေပါက တစ်ယောက်ယောက်က အောက်ကနေ မှတ်ချက်ရေး သတိပေးထားတာမျိုး တွေ့ရလိမ့်မည်။
၆။ ဘလူးတုသ် နားကြပ်နဲ့ အလှမက်ရင် အခက်တွေ့မယ်။
ဘလူးတုသ် နားကြပ်လှလှလေး တွေသုံးပြီး စတိုင်ကျကျ ဖုန်းပြောရတာ သဘောကျသူများသည် ဟက်ကာများကို အလှူပေးနေရာ ရောက်၏။ ဘလူးတုသ် စနစ်ကိုချိတ်ကာ မိမိဖုန်းထဲ အွန်လိုင်းစောရ ဟက်ကာတွေဝင်ပြီး ကိုယ်ရေး အချက်အလက်တွေ ခိုးသွားလိမ့်မည်။ ဘလူးတုသ် နားကြပ်နဲ့ ဖုန်းပြောဖို့ မလိုသေးလျှင် ဘလူးတုသ် ပိတ်ထားပါ။ မိမိ ဘလူးတုသ်ကို အခြားသူတွေ ရှာမရအောင် လုပ်ထားပါ။ ဘလူးတုသ်ချိတ်လျှင် ကုတ်နံပါတ် ရိုက်ထည့်ပြီးမှ ချိတ်လို့ရအောင် လုပ်ထားပါ။
၇။ နာမည်ကြီး ကုမ္ပဏီတွေကို အတုအယောင် ဖန်တီးထားမှု။
မိမိငွေအပ်ထားသည့် ဘဏ်က ပို့လိုက်သည့် အကြောင်းကြားစာမျိုး၊ မိမိ သုံးနေကျ ဆိုရှယ်မီဒီယာက ပို့လိုက်သည့် အကြောင်းကြားစာမျိုး စသဖြင့် တကယ့် အစစ်နှင့် မခြားသည့် အတုအယောင်မျိုးတွေ ရောက်လာတတ်သည်။ အထူးသဖြင့် ဘဏ်အကောင့်ဆိုင်ရာ အကြောင်းကြားစာမျိုးတွေ ဖြစ်သည်။ တရားဝင် အဖွဲ့အစည်း အတော်များများသည် သုံးစွဲသူ၏ ငွေကြေး အချက်အလက်ကို အွန်လိုင်းကနေ လွယ်လွယ် လှမ်းမေးတာမျိုး မလုပ်ကြဘူးဆိုတာ သတိရပါ။ ထိုသို့ အကြောင်းကြားစာမျိုးတွေ ရောက်လာလျှင် သက်ဆိုင်ရာ လုပ်ငန်းကို ဖုန်းဆက်မေးကြည့်ပါ။ ပို့ထားသည်ဟု အတည်ပြုပါမှ ဖွင့်ကြည့်ပါ။
၈။ ငွေစာရင်း နေ့စဉ် စစ်ဆေးပါ။
အွန်လိုင်းစောရများသည် ဘဏ်စာရင်းနှင့် Password ကို ရသွားလျှင် အလုံးအရင်းလိုက် ချက်ချင်း မထုတ်သေး။ (၁၀) ဒေါ်လာလောက် ဖြစ်ဖြစ် စမ်းထုတ်ကြည့်ကာ အကောင့်ပိုင်ရှင် သတိထားမိခြင်း ရှိမရှိ စောင့်ကြည့်သည်။ သတိမထားမိဘူးဆိုမှ ဖြည်းဖြည်းချင်း တိုးပြီး ခိုးထုတ်သည်။ မိမိ ဘဏ်စာရင်းကို နေ့စဉ် စစ်ဆေးခြင်းဖြင့် မိမိမသုံးဘဲ ငွေလျော့နေသည်ကို တွေ့သည်နှင့် Password ပြောင်းပစ်တာမျိုး၊ ဘဏ်ကို အကြောင်းကြားကာ လိုအပ်သော စစ်ဆေးမှုမျိုး လုပ်ရမည်။
၉။ အေတီအမ်စက်မှာ ငွေထုတ်ရင် သတိထား။
အေတီအမ်စက် အတုဆင်ကာ ငွေထုတ်သူများကို လှည့်စားမှုမျိုး အထိ ရှိသည်။ သို့ဖြစ်ရာ ငွေမထုတ်ခင် စက်သည် အစစ် ဟုတ်မဟုတ် နည်းနည်း စူးစမ်းပါ။ အေတီအမ် စက်ထားရှိသည့် မှန်ခန်းအမိုးတွင် ကင်မရာ ခိုးတပ်ပြီး Password ရိုက်ကာ ခိုးကြည့်မှုများလည်း ဖြစ်ပွားနေသည်။ သို့ဖြစ်ရာ မှန်ခန်းကိုလည်း စစ်ဆေးပါ။ Password ရိုက်မည့် ခလုတ်တွေပေါ်မှာ စတစ်ကာ အလွှာပါးလေး ကပ်ကာ ဖိရိုက်ထားသည့် စာလုံးကို ထောက်လှမ်းခြင်းမျိုးလည်း ရှိသည်။ အေတီအမ်ကတ် ထည့်မည့် အပေါက်ကို အတုလုပ်ထားပြီး ကတ်ထဲမှ အချက်အလက်များ ခိုးယူခြင်းမျိုးလည်း ရှိသည်။ ဖြစ်နိုင်လျှင် ဘဏ်ထဲမှာ ထားသော အေတီအမ် စက်မျိုးမှာ ငွေထုတ်ခြင်းသည် စောရများ ၀င်အကွက်ဆင်ဖို့ မလွယ်သဖြင့် စိတ်အချရဆုံး နည်းလမ်း ဖြစ်သည်။
၁၀။ ဖုန်းဝိုင်ဖိုင် ဖွင့်မထားပါနဲ့။
ဖုန်းဝိုင်ဖိုင်ကို ဖွင့်ထားသည့်အခါ ဖုန်းသည် အခမဲ့ရမည့် ၀ိုင်ဖိုင်ကို ထောက်လှမ်းမိသည်နှင့် တန်းချိတ်တော့သည်။ ထိုအချက်ကို အွန်လိုင်းစောရများ အခွင့်ကောင်းယူကာ မိမိဖုန်းကို ၀ိုင်ဖိုင် ချိတ်စေပြီး ဖုန်းထဲက အချက်အလက်များ ခိုးသွားလိမ့်မည်။ အပြင်ထွက်လျှင် ဖုန်းဝိုင်ဖိုင် ပိတ်ထားခြင်းသည် အကောင်းဆုံး ဖြစ်သည်။
messenger news journal
http://www.searchmyanmar.com/link/comment/cid/53234
No comments:
Post a Comment