ယူအေအီးနိုင်ငံသည် ကောင်းကင်ယံ တိမ်တိုက်များထဲမှ ရေတစ်စက် တစ်ပေါက်ပါမကျန် မိုးရွာချ လာစေရန်အတွက် ဆားဒုံးကျည်များ အသုံးပြုကာ မိုးရွာအောင် ဖန်တီးနေကြောင်း သိရသည်။
ထိုနည်းလမ်းကို တိမ်မိုး ချူနည်းဟု ခေါ်တွင်သည်။ တိမ်တိုက်ထဲတွင် ရေထု သိပ်သည်းဆ များလာအောင် လုပ်ခြင်းဖြင့် မိုးအဖြစ် ရွာချလာအောင် ဖန်တီးခြင်းဖြစ် သည်။ ရေနံကြွယ်ဝသော ယူအေအီး နိုင်ငံသည် ကမ္ဘာ့ အခြောက်သွေ့ဆုံး(၁၀) နိုင်ငံ စာရင်းထဲတွင်လည်း ပါသည်။ တစ်နှစ်လျှင် မိုးရေချိန် သုံးလက်မခန့်သာ ရှိသည်။ ဗြိတိန် ပျမ်းမျှနှုန်းအောက်(၁၅)ဆ နည်းသည်။ မိုးချူနည်းဖြင့် မိုးရေချိန်တိုးလာဖို့ ယူအေအီးက မျှော်လင့်ထားသည်။
“မိုးတိမ်အဖြစ် အသွင်ပြောင်းလို့ ရနိုင်မယ့် တိမ်တိုက်မျိုး ထောက်လှမ်းမိတာနဲ့ ဆားဒုံးကျည် တပ်ထားတဲ့ လေယာဉ်တွေ စေလွှတ်ပြီး ဆားရည်တွေ ဖျန်းချတဲ့ နည်းနဲ့ တိမ်တိုက်ထဲက ရေခိုးရေငွေ့တွေကို ပိုသိပ်သည်းတဲ့ ရေထုအဖြစ် မြန်မြန်ပြောင်းအောင် လုပ်ပါတယ်။ အဲဒီနည်းနဲ့ မိုးမြန်မြန် ရွာချအောင် ဖန်တီးပါတယ်”ဟု ယူအေအီး မိုးလေ၀သနှင့် ငလျင်ဌာနမှ ဒုညွှန်ကြားရေးမှူး မာ့ခ်နယူးမန်းက ပြောသည်။
အမေရိကန်နိုင်ငံ ကော်လိုရာဒို ပြည်နယ်မှ နှင်းလျှောစီး စခန်းသည်လည်း နှင်းများများကျအောင် ထိုနည်းကို အသုံးပြုကြောင်း သိရသည်။ ၂၀၀၈ ခုနှစ် ပေကျင်း အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲကာလကလည်း ထိုနည်းလမ်းသုံးကာ အားကစားကွင်းဆီသို့ မိုးတိမ်တိုက်များ မရောက်ခင် ကြိုတင် မိုးချူကာ ရွာချစေခြင်းဖြင့် အားကစားကွင်း တစ်ဝိုက် မိုးလေ ကင်းစင်အောင် ဖန်တီးခဲ့ဖူးသည်။
messenger news journal
http://www.searchmyanmar.com/link/comment/cid/52703
No comments:
Post a Comment