Pages

စက်ဘီးတစ်စီးနဲ့ မြန်မာပြည်တစ်ဝန်း ဘုရားဖူးထွက်တဲ့ ဇနီးမောင်နှံ

စက်ဘီးလေးတစ်စီးတည်းနဲ့ နှစ်ယောက်အတူ မြန်မာပြည်တစ်ဝန်းလုံးကို ဘုရားဖူးထွက်တဲ့ အဘဦးချိုနဲ့ အရီးဒေါ်ခင်မြင့်ဝင်းတို့ ဇနီးမောင်နှံ

“ဘီးလေးကိုစီးပြီး အချစ်ကလေးကိုတင်ပြီး ကိုယ်သွားရတာလေ တကယ်ကိုပျော်..”ဆိုတဲ့ သီချင်းလေးကို လိုက်ပြီးကြည်နူးမိကြသူတွေရှိမယ်။ အဘဦးချိုနဲ့ အရီးဒေါ်ခင်မြင့်ဝင်းတို့ ဇနီးမောင်နှံကတော့ သီချင်းလေးကို လက်တွေ့ အကောင်အထည်ဖော်ခဲ့ကြသူတွေပဲ

သူတို့ နှစ်ယောက်လုံးဟာ သီချင်းထဲကလို ငယ်ရွယ်နုပျိုတဲ့အရွယ်မဟုတ်သလို အပျော်တမ်းစက်ဘီးစီးဖို့ထွက်လာသူတွေလည်းမဟုတ်ဘူး။

သူတို့ရည်ရွယ်ချက်က စက်ဘီးလေးတစ်စီးတည်းနဲ့ နှစ်ယောက်အတူ မြန်မာပြည်တစ်ဝန်းလုံးကို ဘုရားဖူးထွက်ဖို့တဲ့လေ။

နှစ်ယောက်လုံး အသက် ၅၈ နှစ်၊ အိမ်ထောင်သက် နှစ်၃၀ ရှိပြီး သားသမီးလည်းမရှိတဲ့ အဘတို့မောင်နှံက ကြက်ဖတံဆိပ် စက်ဘီးလေးကို နောက်တွဲတန်းလေးတွေဆင်ပြီး အထုပ်အပိုးတွေတင်လို့ သူတို့အိမ်ရှိရာ နေပြည်တော် တပ်ကုန်းမြို့ကနေ ထွက်ခဲ့ကြတယ်။

စထွက်လာတုန်းက လင်မယားနှစ်ယောက်၊ အ၀တ်နှစ်စုံစီ၊ ဆန်လေးဘူး၊ ဆီငါးကျပ်သားလောက်နဲ့ထွက်ခဲ့ကြတယ်။ လမ်းမှာ ရှိတဲ့ဘုန်းကြီးကျောင်းတွေဝင်တည်း၊ ကျောင်းဝေယျာဝစ္စတွေလုပ်ပေး၊ နေ့စားအလုပ်ရှိရင် ၀င်လုပ်၊ ရတဲ့ပိုက်ဆံနဲ့ စားသောက်လိုက်၊ ပိုရင် ပြန်လှူလိုက် လုပ်ရင်း ခရီးဆက်ခဲ့ကြတယ်။ရောက်လေရာမှာ ၂ရက် ၃ရက် တစ်ပတ် စသဖြင့် နားခဲ့ကြတယ်။

၂၀၁၄ မေလ (၂၉)ရက်နေ့၊ မြန်မာလို နယုန်လပြည့်ကျော် ၁ ရက်ကနေ စပြီးခရီးထွက်လာလိုက်တာ အခုဆိုရင် အဘတို့ စက်ဘီးလေးဟာ ကျွတ်တွေ၊တာယာတွေလည်း အတော်လဲခဲ့ရပြီ။ လမ်းမှာ ချစ်ခင်သူများကပေးကမ်းသမျှပစ္စည်းတွေနဲ့ အထုပ်အပိုးတွေလည်း ပိုများလာခဲ့ပြီ။ ခရီးမိုင်တွေလည်း အတော်ရောက်ခဲ့ပြီ။

နေပြည်တော်ကနေ မိတ္ထီလာ၊ ပုလိပ်၊မန္တလေး၊စစ်ကိုင်း၊မင်းကွန်း၊ပုဂံ၊ပုပ္ပား၊ညောင်ဦး၊ပြည်၊မကွေး၊အောင်လံ၊မှော်ဘီ၊ထောက်ကြံ့၊မင်္ဂလာဒုံ၊ပဲခူး၊တောင်ငူ၊မော်လမြိုင်၊ကျိုက်ထို၊ကျိုက်ထီးရိုး၊ကျောက်ပိ၊ကျိုက္ခမီ၊စက်စဲ၊မော်လမြိုင်၊ဘီးလင်း၊အလောင်းတော်ကဿပတွေရောက်ခဲ့ပြီး ဘုရားပေါင်း ၁၇၃ ဆူဖူးပြီးခဲ့ပြီတဲ့။ အခုလည်း မန္တလေးကနေ မေမြို့နဲ့ တောင်ကြီးဆက်သွားဖို့ ပြင်နေကြတယ်။

စက်ဘီးနင်းရင် မနက်အစောကြီး ၅နာရီလောက်ကနေစလို့ နေမပြင်းခင် မနက်၁၀နာရီလောက်ထိနင်းပါသတဲ့။ တစ်ရက်ကို မိုင်၄၀လောက် ခရီးပေါက်တယ်ဆိုပဲ။

အဘ မမောဘူးလားလို့မေးတော့ “မောတော့ မောတာပေါ့၊ဒါပေမယ့် မမောပါဘူး”တဲ့လေ။

“အဘနင်းနိုင်လို့ ခရီးရောက်တာမဟုတ်ပါဘူး၊ အဘ ဇနီးကိုယ်တိုင်က စိတ်တူကိုယ်တူရှိလို့ သွားချင်တိုင်းခရီးပေါက်တာပေါ့”တဲ့။ အဘတို့ နှစ်ယောက်ကို ကြည့်ရတာ တကယ်ကို ကြည်နူးစရာ။

အဘက သူသွားခဲ့သမျှလမ်းတွေ၊မြို့တွေ၊ဘုရားတွေကို မှတ်တမ်းတင်ထားတယ်။ ရောက်လေရာမှာ သူတို့ ရောက်ခဲ့ကြောင်း ထောက်ခံချက်ပေးကြ၊ဂုဏ်ပြုကြတဲ့စာတွေလည်း အများကြီးပဲ။ ဒီအကြောင်းတွေကို စာအုပ်ထုတ်ဖို့လည်း စီစဉ်ထားသတဲ့။

“အဘတို့ ခရီးစဉ်က ဘယ်တော့မှပြီးဆုံးမှာမဟုတ်ဘူး။ မသေခင် မသွားရသေးသမျှနေရာအကုန်သွားဦးမယ်။ သွားပြီးသားနေရာတွေကိုလည်း ထပ်သွားချင်သွားဦးမယ်”တဲ့။ ဘုရားတွေဖူးချင်လွန်းလို့ကို ဒီအရွယ်ကြီးနဲ့ ဒီလောက်အပင်ပန်းခံပြီး စက်ဘီးနဲ့ ဘုရားဖူးထွက်နေတာလို့ အဘကဆိုတယ်။

အခက်အခဲတွေဘယ်လောက်ကြမ်းကြမ်း လက်တွဲမဖြုတ်ခဲ့ဘဲ အိမ်ထောင်သက် နှစ် ၃၀ကြာမှ အတူထွက်ခဲ့တဲ့ အဘတို့ရဲ့ဘုရားဖူးခရီးဟာ ကြင်စဦးဇနီးမောင်နှံတွေရဲ့ ပျားရည်ဆမ်းခရီးဆိုတာတွေထက်ကို ပိုချိုမြလို့နေလေရဲ့ …….

Credit: Yin Yin Nhaung

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

No comments:

Post a Comment