Pages
▼
Milk Supply နို့ထွက်နည်းနေရင်
(၁) ကျွန်မအသက်က ၂၆ နှစ်ပါ။ ကလေးက ၂ လလောက်ရှိပြီ။ မိခင်နို့နဲ့ နို့မုန့်နှစ်မျိုးတိုက်ပါတယ်။ ကလေးမွေးပြီး ၄ ရက်နေ့မှ နို့စထွက်တယ်။ ကလေးက အလေးချိန်အရမ်းကျသွားတော့ (formula ) နို့မှုန့်ပါတိုက်ဖြစ်တော့တယ်။
နို့မှုန့် တိုက်ရင်းနဲ့ နို့တောင်မစို့တတ်ဘူး ဖြစ်သွားသေးတယ်။ ပြီးတော့
နို့သီးခေါင်းကွဲတော့ နာလွန်းလို့ နို့စို့တိုင်း မျက်ရည်ကျခဲ့ရတယ်။
အခုတော့ နို့သီးခေါင်းနာတာ သက်သာသွားပြီ
နို့လဲ စို့တတ်နေပြီ။ နို့ထွက်တာ နည်းနေတယ်။ သူငယ်ချင်းတယောက်က
ကလေးနို့စို့ရင် လည်ပင်းကစပြီး အကြောတွေ ရေတွေ နို့သီးခေါင်းရင်းထိ
စီးဆင်းသွားသလို ခံစားရတယ်လို့ ပြောတယ်။
ကျွန်မ တခါမှ အဲ့လိုမခံစားရဖူးဘူး
ကလေးက နို့မစို့တတ်သေးတာလားဆရာ။ ညာဘက် နို့ဖျားနားက အညိုရောင်အကွင်း
နို့သီးခေါင်းပတ်လည်က ရောင်နေသေးတယ်။ အမေက နို့တမျိုးတည်းတိုက်မှ နို့က
ထွက်လာလိမ့်မယ် ပြောတယ်။ အခု ကလေး၂ လလောက်ရှိမှ နို့ထွက်လာအောင်
နို့မှုန့်ဖြတ်လိုက်ရင် ဖြစ်ပါ့မလားဆရာ။ နို့မှုန့်မတိုက်ပဲနဲ့ ကလေးကို
မလောက်မငှထားပြီး နို့ပေးစို့ရင် နို့တွေများလာမလားဆရာ။ ကျွန်မက
မိခင်နို့ပဲ တိုက်ချင်လို့ပါ။ အစားအစာလဲ ကောင်းကောင်းစားပါတယ်။ ဟိုအရင်
ကိုယ်ဝန်ဆောင်တုန်းကလောက် မစားနိုင်တော့ဘူး အဲ့ဒါကြောင့်
နို့ထွက်နည်းတာလားလဲမသိဘူး။ ရေလဲများများသောက်ပါတယ်။ ဆရာ့ရဲ့ နို့တိုက်မိခင်အစားအစာလဲ ဖတ်ထားပါတယ်။
(၂) ကလေးမွေးပြီးလို့ နို့ထွက်အောင်လုပ်ရတာအရမ်းနာတယ်လို့ ပြောကြတယ်ဆရာ။ အဲဒီအချိန်မှာအဆင်ပြေဖို့ ဘာတွေ ပြင်ဆင်ထားသင့်ပါသလဲ။
ပုံမှန်ကိုယ်ဝန်၊ ပုံမှန်ကလေးမွေးဖွါးခြင်းတွေကနေပုံမှန် နို့ထွက်ပါတယ်။ လူတိုင်းနီးပါးအဆင်ပြေကြပါတယ်။ ကြိုတင် ပြင်ဆင်မှုဆိုတာကိုယ်ဝန်ရှိကတည်းက နို့ထိပ်ဖျားကိုရေချိုးတိုင်းသန့်ပေးတာသာလိုတယ်။
အာဟာရ မျှတ လုံလောက်ဘို့လဲ လိုတာပေါ့။ နို့ထွက်နည်းတာကို ပြုပြင်နည်းနဲ့
“နို့တိုက်မိခင်တွေ ဘာတွေ စားသင့်သလဲ” တွေကို ဖတ်ထားရင် ကိုယ်နဲ့ဆိုင်တာ
သိလာနိုင်မယ်။ နာတယ်ဆိုတာတချို့မှာသာရှိတယ်။
နို့ထွက်နည်းတာကို ပြုပြင်နည်း
နို့ကိုစို့ပေးတဲ့ လှုံ့ဆော်မှုရှိမှ နို့ထွက်စေတယ်။ ကလေးကမွေးကင်းစအသားဝါ
ဖြစ်နေရင် နို့စို့ချင်စိတ် နည်းနေမယ်။ ကလေးကကောင်းကောင်းမစို့တတ်တာအများဆုံးဖြစ်တယ်။ လမစေ့ဘဲမွေးတဲ့ကလေး၊ အလေးချိန် နည်းလွန်းတဲ့ ကလေးတွေ နို့မစို့တတ်ဘူး။ မအေကကလေးမွေးပြီးအလုပ်လုပ်ရလို့
ကလေးနဲ့ခွဲနေရရင် နို့စို့ အကြိမ် နည်းမယ်။ နို့ထွက် နည်းမယ်။
မအေကစိတ်ဖိစီးမှု များနေရင် နို့ထွက်နည်းမယ်။ ကလေးကိုမအေနို့နည်းလို့
နို့ဗူးကူရင်လဲ နို့ထွက် နည်းမယ်။ နို့သီးဖျားမာနေ၊ နာနေ၊ ရောင်နေရင်
နည်းစေမယ်။ နို့ကိုခွဲစိတ်ခံရဘူးရင်လဲနည်းမယ်။
ဘီယာသောက်ရင် နို့ထွက် ပိုစေတယ်လို့ ပြောတာရှိတယ်။ တကယ်တော့ အရက်ကြောင့်
နို့ထွက် နည်းစေတယ်။ တချို့ ဆေးဝါးတွေကနေ နို့ထွက် နည်းစေတယ်။
တားနည်း-တားဆေးရွေးချယ်နည်းရေးထားတာရှိပါတယ်။
မိခင်ကလည်းအစားအစာ ပြည့်စုံလုံလောက်အောင်စားပါ။ ရှောင်စရာမလိုစားကိုစားရမှာတွေ
ရေးထားပါတယ်။ တနေ့မှာ ကယ်လိုရီ ၁၈ဝဝ လိုမယ်။ ရေ-အရည် များများသောက်ပါ။
ကလေးကို နို့ခဏခဏတိုက်ပေးပါ။ တချို့က အိပ်နေတဲ့ ကလေးကို
နှိုးပြီးနို့တိုက်ခိုင်းတယ်။ Law of supply and demand စီးပွါးရေးသီအိုရီတခုလိုဝယ်အားရှိမှ
ရောင်းအား ကောင်းတယ်။ ၂ နာရီတခါ တိုက်ခိုင်းတယ်။ ကလေးကို
နို့တိုက်နေရင်းမိခင်ကနေ နို့ကိုညှစ်ပေးပါ။ နို့တဖက်ကို ကုန်အောင်
စို့စေပြီးမှ နောက်တဖက်ကိုပြောင်းတိုက်ပါ။ ကလေးကို နို့တိုက်ပြီးတာနဲ့ နို့ကို Breast pump နို့စုပ်ကရိယာနဲ့ ၁ဝ-၂ဝ မိနစ်ကြာစုပ်ပေးပါ။
လူ့ကိုယ်ထဲမှာ Prolactin (ပရိုလက်တင်) ဟော်မုန်းအလုံအလောက် ရှိနေရင်
နို့ကောင်းကောင်းထွက်မယ်။ သူနည်းရင် နို့နည်းမယ်။ Prolactin-inhibiting
factors (Dopamine) ကနေထိန်းပေးနေတယ်။ ဒါကြောင့် ဒီဓါတ်ကို ချေဖျက်တာ
လုပ်ပေးနိုင်ရင် နို့ထွက်မှန်စေမယ်။ ဒါပေမဲ့ အမျိုးသမီးတိုင်းကိုသုံးမရပြန်ဘူး။ နဂိုကတည်းက (ပရိုလက်တင်) ပုံမှန် ရှိနေသူ၊ များနေသူတွေကိုဒီဆေးပေးလို့ အကျိုးမထူးနိုင်ဘူး။
(ပရိုလက်တင်) ကို (LTH) လို့လဲခေါ်တယ်။ (ပစ်ကျူထရီ) ခေါ်တဲ့ ဦးနှောက်ထဲက
နေရာကနေ ထုတ်ပေးတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ၁ဝ-၂ဝ ဆအထိတိုးလားတယ်။
(ပရိုလက်တင်) အနည်း-အများ ဆေးစစ်နည်းရှိတယ်။
• နို့ထွက်နည်းခြင်း၊
• ယောက်ျား-မိန်းမလိင်စိတ် နည်းနေခြင်း၊
• ပန်းသေ-ပန်းညှိုးဖြစ်နေခြင်း၊
• ကလေးမရဖြစ်နေခြင်း၊
• ရာသီမမှန်-မလာခြင်းတွေအတွက် စစ်ဆေးရတယ်။
ပုံမှန်ဆိုရင် -
• ယောက်ျားမှာ 2 - 18 ng/mL
• ကိုယ်ဝန်မဆောင် မိန်းမမှာ 2 - 29 ng/mL
• ကိုယ်ဝန်ဆောင်မှာ 10 - 209 ng/mL ရှိရတယ်။
နို့ထွက်များစေမဲ့ဆေးတွေလဲသုံးနိုင်တယ်။ ဘေးထွက်-ဆိုးကျိုးတွေရှိလို့
ဆရာဝန်တိုင်းကနေမညွှန်ပါ။ နို့ထွက် များစေမဲ့ ဆေးတွေကတော့ Metoclopramide
(Reglan), Domperidone (Motilium) နဲ့ Sulpiride (Eglonyl, Dolmatil,
Sulpitil, Sulparex, Equemote) တွေ ဖြစ်တယ်။
•
အမေရိကားမှာသုံးတတ်တဲ့ Reglan (Metoclopramide) ဆေးကကလေးတွေ လေအန်တာ၊
မအေတွေ အအန် သက်သာစေတာအတွက် သုံးတယ်။ နို့ထွက်များအောင် မအေကိုတခါသောက်
10mg ကိုတနေ့ ၂ ကြိမ်၊ ၁-၂ ပတ် သောက်ပါ။ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးကစိတ်ဓါတ်ကျစေတယ်။ ဝမ်းပျက်၊ အိပ်ချင်၊ အစာမကျေ၊ ပျို့-အန်၊ တက်၊ လက်တုံတာတွေ ဖြစ်နိုင်တယ်။
• ကနေဒါမှာသုံးတတ်တဲ့ Domperidone (Motilium, Motilidone) ဆေးကဘေးထွက်-ဆိုးကျိုးသိပ်မဆိုးဘူး။ တခါသောက် 20mg ကိုတနေ့ ၄ ကြိမ်သောက်ပါ။
• Sulpiride (Dolmatil, Sulparex, Sulpitil, Eglonyl, Equemote) ဆေးကအမှန်ဆိုရင် Schizophrenia စိတ်ရောဂါကိုသုံးတာ ဖြစ်တယ်။
• တိုင်းရင်း (ဟာဗယ်) ဆေးနည်းတွေလဲရှိတယ်။ Fenugreek capsules တခါသောက် ၃
တောင့်၊ တနေ့ ၃ ကြိမ်၊ ၁ဝ ရက် သောက်ပါ။ နောက်ပိုင်း ၂ တောင့်၊ ၁ဝ
ရက်သောက်ပါ။ တနေ့ ၃ ကြိမ်၊ နောက်ပိုင်း ၁ တောင့်၊ တနေ့ ၃ ကြိမ်၊ ၁ဝ ရက်
သောက်ပါ။ ဆေးသောက်ပြီး ၃ ရက်အတွင်းသိသာလာမယ်။ ဘေးထွက်-ဆိုးကျိုးကတော့
ချွေးထွက်တာ၊ စွန့်ထုတ်တာတွေ များမယ်။ Maple syrup အနံ့တမျိုးရမယ်။
ဆီးချိုရှိနေရင်၊ ပန်းနာရှိရင် မပေးဘူး။
• Blessed Thistle တခါသောက် ၂-၃ ပြား၊ တနေ့ ၃ ကြိမ်။
• Red Raspberry tea ဖြစ်ဖြစ်၊ ဆေးတောင့်ဖြစ်ဖြစ် သောက်ပါ။
• Oatmeal အုတ်စပါး (ကွေကာအုတ်) စားသုံးပါ။
• Yeast tablets တခါသောက် ၂-၃ ပြား၊ တနေ့ ၃ ကြိမ်သောက်ပါ။
• မင်္ဂလာသတင်းစဉ်မှာဖတ်ရတယ်။ "နွားအမြီး၊ မီးဖုတ် ခြစ်ထုတ်ပြီးအတုံးလေးတွေတုံး၊ ကြောင်ပန်းရွက် လက်တစ်ဆုပ်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ငါးပိ၊ ချင်း၊ ဆား၊ သင့်တော်ရုံထည့်ပြီးဟင်းခါးချက် တိုက်လိုက်၊ မကြာခင် နို့ရွှင်ရွှင် ထွက်လာလိမ့်မယ်။"
• Diet for a healthy breastfeeding mom နို့တိုက်မိခင်တွေ ဘာတွေ စားသင့်သလဲ
http://dts-medicaleducation.blogspot.in/2012/04/diet-for-healthy-breastfeeding-mom.html
• Hyperprolactinaemia နို့ထွက်-ဟော်မုန်းများခြင်း
http://dts-medicaleducation.blogspot.com/2011/04/hyperprolactinaemia.html
• Nipple Crack and Fissure နို့တိုက်မိခင် နို့ထိပ်ကွဲနေခြင်း
http://dts-medicaleducation-adult.blogspot.in/2013/05/crack-and-fissure-in-nipple.html
Dr. တင့်ဆွေ
၈-၅-၂ဝ၁၂
၁-၃-၂ဝ၁၄
https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35
No comments:
Post a Comment