Pages

"သန္ဓေတောထွက် ဓမ္မစက် ဟောမြွတ်သံချို လဝါဆို"

http://blog.tsemtulku.com/wp-content/uploads/2010/06/buddha.jpg
           မိုးလရာသီခါသမဝယ်ရှစ်ခွင်တိုင်းညှို့မှိုင်း အုံ့ဆိုင်းလျက်ရှိ၏။ မိုးမင်းအမ္ဗုန်က ရွာသွန်း ဖြိုးမရောင်ရောင် မာန်ဝင့်နေ၏။ တောလုံး အနှံ့ဝယ် တစ်နေရာတွင် ရဲရဲနီနေသကဲ့သို့ တစ်နေရာတွင် စိမ်းမြမြ၊ ဝါဖန့်ဖန့်ဖြင့် သက်တံ့ကြီးများ ရေသောက်ဆင်းလာချိန်ပမာ၊ စာဆိုဦးယာကအောက်ပါအတိုင်း စာပန်းချီခြယ်မှုန်းခဲ့သည်။

        “လျှပ်ရောင်ပြိုးပြက် ၊ မည်းနက်ဖြူပြာ၊ မိုးမိလ္လာနှင့်၊ စိမ်းဝါနီပြောင်၊ ရွာသွန်းဆောင်၍ ၊ သဲသောင်ရေသွယ် ရှယ်၍မြစ်ကမ်း၊ ပြည့်တင်းကျမ်းနှင့်၊ လွမ်း၍မသိ ၊ သည်ရာသီ” ဟု စပ်ဆိုထား၏။ လယ်ပြင်ရေဖွေးဖွေးဝယ် လှေကလေးလှော်ရအောင် ရေအဟုန်က ပြည့်လျှံ ပေါများနေသကဲ့သို့ မြစ်ဆိပ်ကမ်း ထိအောင်မြစ်ရေကလည်း တက်လေ့ရှိသောလ ဝါဆိုဖြစ်တော့သည်။ သို့ကြောင့်ပင်..

         “သပြေကသီး၊ ရေကကြီး သနှင့် ထန်းသီးကကြွေ၊ မိုးကစွေ မိုးရာသီ ဝါဆိုလပေမို့၊ ကိုးဌာနီပြာညိုခကာဖြင့် ၊ရွာဆိုချ မိုးနတ်ဆွေ” ဝါဆိုမိုးနှင့်ပတ်သတ်ပြီး စာပန်းချီခြယ်သခဲ့ကြသည်။ ယင်းသို့ ထူးခြားသော ဝါဆိုဟူသော အဓိပ္ပာယ်ကိုရှင်းရသော် ဝါ-(ပါဠိ) နေခြင်း၊ ဆို- ရွတ်ဆိုကတိပေးခြင်းဟု အနက်ဖွင့်ဆိုထားသောကြောင့် ရဟန်းများမှာ မိုးတွင်း(ဝါတွင်း) သုံးလဝယ် မိမိသီတင်းသုံးသော ဝါဆိုကျောင်းမှအခြားအရပ်သို့ အကြောင်းကိစ္စ မရှိဘဲနှင့် ညဥ့်အိပ်ညဥ့်နေ မသွားဘဲ သီးတင်းသုံးနေထိုင်ပါမည်ဟု မြတ်စွားဘုရားရှင်ရှေ့တော်တွင် “ဣမသ္မိံ ဝိဟာရေ ဣမံတေမာသံ ဝဿံဥပေမိ” ဟု မြွတ်ဆို ကတိပြုရသည့်ချိန်ခါဟု ဖွင့်ဆိုထားသည်။

      ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတွင် မြတ်စွာဘုရား ခုနစ်ဝါမျှ ဝါဆိုသီတင်းသုံးနေတော်မူပြီးသောအခါ ရဟန်းတော်များကို ဝါတွင်းသုံးလပတ်လုံး ဝါဆိုတော်မူရန်ပညတ်တော်မူသည်။ ပညတ်တော်မူရခြင်းမှာ ရဟန်းတော်များသည် လူများကဲ့သို့လယ်ယာ စိုက်ပျိုးခင်းများအတွင်း နေပူမရှောင် မိုးရွာမရှောင် သွားလာကြ သဖြင့် စိုက်ခင်းများပျက်စီးရသည်။ လယ်ယာ သမားများက မကျေနပ်ဖြစ်ကာ ရှုတ်ချပြစ်တင်ကြသည်ကို အကြောင်းပြု၍ မြတ်ဗုဒ္ဓက ရဟန်းများအား လယ်ယာစိုက်ပျိုးရေးကို နှောင့်ယှက်မှု မဖြစ်စေရန်အတွက် ဝါတွင်း သုံးလပတ်လုံးအကြောင်းကိစ္စမခိုင်လုံဘဲနှင့် မိမိဝါဆိုသောကျောင်းမှပြင်ပသို့ ညဥ့်အိပ်ခရီး မသွားရန် ပညတ်တော်မူသည်။

“ဝါဆိုကရကဋ်မှန် ၊ ပြုပ္ပာသန်၊ မြိုင်ယံ ပုန်းညက်သင်း” ဟူသော စကားနှင့်အညီ၊ ဝါဆိုလခါသမယဝယ် သူရိယနေမင်းခေါ် ဂဠုန်နံသည် “ကရကဋ်”ရာသီဝင်ရောက်သောကြောင့် ဝါဆိုလကို “ကရကဋ်ရာသီ” ဟုလည်း ခေါ်စမှတ် ပြုကြသည်။

ရာဇမတ္တဏ်ကျမ်း၌ ကရကဋ်ရာသီခေါ်စမှတ်ပြုမှုနှင့်ပတ်သတ်ပြီး ဖော်ပြထားရာ၌ “ကုလိရော- ကရကဋ်၊ သက္ကဋကော- ကရကဋ်၊ အဗ္ဗုံဇောကရကဋ်” ဟုပြဆိုထားသည်။ ပုစွန် နှစ်ခြိုက်သော ရာသီဟု ညွှန်းဆိုသည်။ ရာသီ၏ သင်္ကေတ ရုပ်ပုံကား ပုဇွန်လုံးဂဏ္ဏန်းသတ္တဝါပုံဖြစ်၍ ယင်းချိန်ခါဝယ် ဗျိုင်းတာရာထွန်း၏။

“ဖိုလ်မြတ်ကယ်နိဗ္ဗူ၊ အောင်ဆုယူလို့ ရှစ်မြူရိပ်စံ၊ ပဉ္စင်းတော်ခံသောအခါ ရေလျှံတဲ့ ဝါဆိုမှာ” ဟုလည်းကောင်း၊ ပုန်းညက်ကြိုင်သင်း၊ ပဉ္စင်းတော်ပွဲ သဲသဲအုတ်အော်၊ ရွှင်ပျော်လှည့်ပတ် ကရကဋ် ဟုလည်းကောင်း၊ ဖော်ညွှန်းပြထားချက်နှင့် အညီ ပုန်းညက်ပန်းများ ဖူးပွင့်သော ဝါဆိုလဝယ် တောင်သူလယ်သမားကြီးများ၏ စိုက်ပျိုးခင်းများ စိမ်းလန်းစိုပြည်နေသကဲ့သို့ ဗုဒ္ဓသာသနာတွင် ပဉ္စင်းခံပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိ၏။

ယင်းသို့ ထူးခြားသည့်အပြင် “သန္ဓေ တောထွက် ဓမ္မစက် ဟောမြွတ်သံချို လဝါဆို” ဟူသော စကားနှင့်အညီ ဝါဆိုလပြည့်နေ့သည် မြတ်ဗုဒ္ဓ ပဋိသန္ဓေတည်သည့်နေ့၊ တောထွက်တော်မူသည့်နေ့၊ ပဉ္စဝဂ္ဂီ ငါးဦးအား ပထမဆုံး ဓမ္မစကြာတရားဟောသည့်နေ့၊ တာဝတိံသာ နတ်ပြည်၌ သတ္တမဝါဆိုသည့်နေ့စသော ထူးခြားသည့် လမြတ်ဝါဆိုဖြစ်ပေသည်။

မဟာသက္ကရာဇ် ၁၀၃ ခု ဝါဆိုလပြည့် စနေနေ့ညနေဆည်းဆာ၊ နေဝင်လထွက်ချိန်တွင် ဗာရာဏသီပြည်အနီး မိဂဒါဝုန်ဥယျာဉ်၌ ဂေါတမမြတ်စွာဘုရားသည် ဗုဒ္ဓလမ်းစဉ်ဖြစ်သော သစ္စာလေးပါးဓမ္မစကြာတရားတော်ကို ပဉ္စဝဂ္ဂီငါးဦးဖြစ်သော ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိစသော ပုဂ္ဂိုလ်တို့အား ဦးစွာဟောကြား တော် မူခဲ့ပြီးနောက်၊ ပဉ္စဝဂ္ဂီ ငါးဦးတို့မှာ ရဟန္တာများဖြစ်ကြရကုန်၏။

လောကသုံးပါ၌ အတုမရှိသော မြတ်စွာဘုရားသည် လူ နတ် ဗြဟ္မာ သတ္တဝါများအပေါ် မဟာကရုဏာရှေ့ထား ၍ ဒုက္ခဆင်းရဲတွင်းမှ ကျွတ်လွတ်ရာဖြစ်သော မဇ္ဈိမပဋိပဋာကျင့်စဉ်၊ မဂ္ဂင်ရှစ်ပါး တရားတော်ကို ဟောတော် မူခဲ့၏။ ယင်း မဂ္ဂင်ရှစ်ပါးတရားတော်သည် လူ နတ် ဗြဟ္မာ သတ္တဝါများအတွက် သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်ပြီး နိဗ္ဗာန်ချမ်းသာသုခသို့ ရောက်ရှိရန် လမ်းညွှန်သော တရားမြတ်ဖြစ်သည်ဟူ၍ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ယုံကြည်သက်ဝင်လျက်ရှိသည်။

ထို့ကြောင့် နိဗ္ဗာန်ချမ်းသာ၏ သန္တိသုခ ရရာဖြစ်သော အင်္ဂါရှစ်ပါးရှိသည့် မဂ္ဂင်လမ်းနှင့် ပတ်သတ်၍ ဂေါတမမြတ်စွာဘုရား၏ မြွတ်ကြားတော် မူပုံများနှင့် မာဂဏ္ဍိယပရိဗိုဇ်၏ လျှောက်တင်ချက်များကို တင်ပြလိုပါသည်။

ခါတစ်ပါးဝယ် ဂေါတမမြတ်စွာဘုရားရှင်သည် ကုရုတိုင်း ကမ္မသဓမ္မ နိဂုံးတွင်ရှိသည့် ဘာရဒွါဇဂေါတ္တ အမည်ရှိ ပုဏ္ဏားပိုင်မီးတင်းကုပ်၌ သီတင်းသုံးတော်မူစဉ် မာဂဏ္ဍိပရိဗိုဇ်အားယင်းသို့ဟောတော်မူသည်။ “မာဂဏ္ဍိယ လာဘ်ဟူသမျှတွင် နိဗ္ဗာန်သို့ သိမြင်ရာ လမ်းခရီးများအနက် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်လမ်းသည်သာလျှင် အမြတ်ဆုံး ဘေးရန်ကင်းဆုံးဖြစ်သည်ဟု နိဒါန်းပျိုးပြီးနောက် မာဂဏ္ဍိယ၊ သူတော်ကောင်းကို ဆည်းကပ် ပူဇော်ပါ။ သူတော်ကောင်းကို ဆည်းကပ်ပူဇော်သော် သူတော်ကောင်းတရားကို သင်နာကြားရမည်။ သူတော်ကောင်း၏ ဥာဏ်မျက်စိကိုရစေနိုင်သော နည်းလမ်းမှန်ကို လိုက်နာကျင့်ကြံ အားထုတ်နိုင်မည်” သူတော်ဆည်းကပ်၊ မြတ်တရားနာ ကျင့်ကြံအားထုတ်၊ နာမ်နှင့်ရုပ် ဟူသော စကားနှင့်အညီ မဂ်ဖိုလ်ရရေးတွက် ကျင့်ကြံအားထုတ်သောအခါ သင့် ကိုယ်ခန္ဓာကို ဒုက္ခတုံးကြီးအဖြစ် ရှု့မြင်၍ ဒုက္ခသစ္စာကို သိလာပေမည်။ ခန္ဓာငါးပါးကို ဒုက္ခဟု သိလာသော် ခန္ဓာငါးပါးတွင် နှစ်သက်စွဲလန်းတွယ်တာမှု ဥပါဒါန် ကင်းပါးသွားမည်။ ချုပ်သွားပေမည်။ အစွဲဥပါဒါန် ချုပ်သော်ဘဝချုပ်သွားမည်။ဘဝပြန်ဖြစ်မည့် ဇာတိလည်းချုပ်မည်။ ဇာတိချုပ်ပါက အိုခြင်း၊သေခြင်း ၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်စိတ်ဆင်းရဲဖြစ်ရခြင်း၊ ပြင်းစွာပူပန်ခြင်း၊စသော ဒုက္ခအားလုံး ချုပ်ငြိမ်းပြီးဟူ၍ သင် သိမြင်လာပေမည်။ ယင်းသို့ သိမြင်လာခြင်းသည် အနာကင်းခြင်း၏ အမှန်သဘော သဘာဝကို သိမြင်လာခြင်းဖြစ်၏။ ဒုက္ခသစ္စာကို သိမြင်လာခြင်းမည်၏။ ဒုက္ခသစ္စာကို သိမြင်လာသဖြင့် ဒုက္ခအလုံးစုံ ချုပ်ငြိမ်းခြင်းမှာ နိဗ္ဗာန်ချမ်းသာဖြစ်၏။ နိဗ္ဗာန်ချမ်းသာကို သိရန်အတွက် အားထုတ်ရသော ကျင့်စဉ်နည်းလမ်းမှာ အမြတ်ဆုံးမဂ္ဂင် လမ်းစဉ်ဖြစ်သည်ဟု သင်သိလာမည် မာဂဏ္ဍိယ ဟုဟောတော်မူခဲ့၏။

ထိုအခါ မာဂဏ္ဍိယ ပရိဗိုဇ်သည် ဗုဒ္ဓ၏ တရားတော်များကို အလွန့်အလွန် နှစ်ခြိုက်စရာရှိပါပေ၏။ ပုံပမာ တင်စားပြီး လျှောက်တင်ရလျှင် မျက်စိလည် လမ်းမှားနေသူကို အမှန်လမ်းသို့ ပြညွှန်းသကဲ့သို့ အမိုက် မှောင်တွင်း၌ ဆီမီးရောင် ထွန်းညှိ၍ ပြလိုက်သကဲ့သို့ရှိပါပေ၏။ ဘုရားတပည့်တော်သည်လည်း ဂေါတမ မြတ်ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်ပါသည်။ မြတ်စွာဘုရား၏ မြတ်တရားတော် အနှစ်သာရကိုလည်း ကိုးကွယ်ဆည်းကပ်ရာ အဖြစ်ဆည်းကပ်ကိုးကွယ်ပါသည်။ မြတ်စွာဘုရားသခင်၏ တပည့်သာဝက ရဟန်းသံဃာတော်များကိုလည်း ဆည်းကပ်ကိုးကွယ်ရာ အဖြစ်ဆည်းကပ်ကိုးကွယ်ပါသည်။ ဘုရားတပည့်တော်သည် ဂေါတမမြတ်စွာဘုရားထံပါးဝယ် ရှင်ရဟန်းအဖြစ် ခံယူရရှိလိုပါသည်ဘုရား ဟု လျှောက်တင်ခဲ့၏။

ယင်းသို့ပင် မြတ်ဗုဒ္ဓ၏ မဂ္ဂင်ရှစ်ပါးကျင့်စဉ် တရားတော်မြတ်ကို နာကြားရသဖြင့် မာဂဏ္ဍိယပရိဗိုဇ်သည် မဂ်ဥာဏ်အလင်းပေါက်ရောက် ရှုမြင်သွားဘိသကဲ့သို့ ဗုဒ္ဓဘာသာဝင် သူတော်စဉ်များသည်လည်း ဝါဆိုလပြည့်နေ့ဝယ် ကောင်းမွန်စွာဆင်ခြင်ရှုမြင် နှလုံးသွင်းပြီး အရိယမဂ်လမ်းသို့ လှမ်းတက်နိုင်စေရန် ကျင့်ကြံ အားထုတ်နိုင်ကြပါစေသော်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်) 

No comments:

Post a Comment