Pages

ပန်းစိုက်တဲ့ သမ္မတ

Written by  သန့်ဇင်စိုး

နိုင်ငံရေးသမားတွေက ပြည်သူ့ဘဝနဲ့ အမှန်တကယ်ကို တစ်သားတည်း မဖြစ်ကြဘူးလို့ ပြောကြဆို ကြပါတယ်။ ဥရုဂွေးမှာတော့ ဒီလိုမဟုတ်ပါဘူး။ ဥရုဂွေး နိုင်ငံသားတွေက ထူးခြားတဲ့ သမ္မတတစ်ယောက်ကို ရထားပါတယ်။ သူဟာ ကချော်ကချွတ် လယ်တဲလေးမှာနေတယ်။ နိုင်ငံတော်သမ္မတ အဖြစ်ရတဲ့လစာရဲ့ အများစုကို လှူပစ်ပါတယ်။

လယ်တောအိမ်လေးရဲ့ အပြင်ဘက်မှာတော့ လျှော်ပြီးသား အဝတ်လေးတွေ လှမ်းထားပါတယ်။ ရေကတော့ ခြံဝင်းထဲက ရေတွင်းကလေး တစ်ခုဆီကရတယ်။ ခြဝင်းတစ်လျှောက် ပေါင်းမြက်ပင်လေးတွေ ဖုံးလို့ပေါ့။ သမ္မတကြီးမှာ လုံခြုံရေး သုံးယောက်ရှိပါတယ်။ ရဲအစောင့်အရှောက် နှစ်ယောက်နဲ့ မန်နျူရယ်လာလို့ နာမည်ပေးထားတဲ့ ခြေထောက်သုံးချောင်းပဲပါတဲ့ ခွေးလေးတစ်ကောင်ပါ။

ဒါဟာဥရုဂွေး နိုင်ငံတော်အကြီးအကဲရဲ့ အိမ်တော်ပါပဲ။ သူ့ရဲ့ ဘဝနေပုံထိုင်ပုံဟာ တခြားကမ္ဘာ့ခေါင်းဆောင် အများစုရဲ့နေ့စဉ်ဘဝနဲ့ အတော်ခြားနားပါတယ်။ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရတော့ အထောက်အပံ့ရတဲ့ ဇိမ်ခံအိမ်ကြီးကို ငြင်းပယ်လိုက်ပြီး သူ့ဇနီးရဲ့ လယ်တော အိမ်လေးကနေသာ ရုံးတက်ပါတယ်။ သူ့အိမ်က မြို့တော် မွန်တီဗီဒီယိုရဲ့အပြင် ခပ်ညစ်ညစ်လမ်းလေး တစ်ခုကနေ သွားရပါတယ်။

သမ္မတကြီးနဲ့ ဇနီးတို့ဟာ အားလပ်ချိန်တိုင်း သူတို့ပိုင်တဲ့ လယ်တောလေးထဲမှာ ပန်းတွေစိုက်ကြပါ တယ်။ ဒီလို လောဘသက္ကာယနည်းတဲ့ ဘဝနေထိုင်မှုနဲ့ သူ့လစာ အမေရိကန်ဒေါ်လာ တစ်သောင်းနှစ်ထောင်ရဲ့ ၉၀ ရာခိုင်နူန်းကိုလှူပြီး ပိုတာလေးကို လင်မယား အတူအကွ စားသောက် နေထိုင်တာကြောင့် သူ့ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတလို့ ကင်ပွန်းတပ် ပေးထားကြပါတယ်။


“ကျွန်တော့်ဘဝတောက်လျှောက် ဒီလိုပဲနေလာခဲ့တာပဲဗျာ” လို့ သမ္မတကြီးက ခုံဟောင်း တစ်လုံးပေါ်က ကူရှင်ပေါ်ထိုင်ရင်း ပြောပြပါတယ်။ ဒီကူရှင်ကို သူ့ခွေး မန်နျူရယ်လာကလည်း သိပ်ကြိုက်တယ်လို့ ဆိုပါတယ်။ “ရှိတာလေးနဲ့လည်း ကောင်းကောင်းနေလို့ ရနေတာပဲဟာကို” လို့ ဂျိုဆေးမူဂျီကာက အကြောင်းပြချက် ပေးပါတယ်။
သူ့လစာရဲ့ ၉၀ ရာခိုင်နူန်းကို ဆင်းရဲနွမ်းပါးသူတွေကို ကူညီရေးလုပ်ငန်းတွေနဲ့ အသေးစားလုပ်ငန်း လေးတွေ တည်ထောင်ပေးတဲ့ နေရာကို လှူပစ်လိုက်တဲ့အခါ လစဉ် အမေရိကန်ဒေါ်လာ ၇၇၅ ဒေါ်လာလောက်ကျန်ပြီး ဒီပမာဏ ငွေကြေးဟာ သာမန်ဥရုဂွေး ပြည်သူတွေရဲ့ လစဉ်ပျမ်းမျှ ဝင်ငွေနဲ့ တန်းတူပါပဲ။

ဥရုဂွေးမှာ အစိုးရအရာရှိတွေဟာ မိမိပိုင်တဲ့ ပစ္စည်းဥစ္စာပမာဏကို ကြေညာရတဲ့ ထုံးစံအတိုင်း ၂၀၁၀ ပြည့်နှစ်မှာ သမ္မတ ဂျိုဆေးမူဂျီကာလည်း သူ့ပိုင်ဆိုင်မှုကို ကြေညာရပါတယ်။ သူ့ပိုင်ဆိုင်တဲ့ ပစ္စည်း ဥစ္စာ စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၈၀၀ ဖြစ်ပါတယ်။ ဒါကလည်း သူပိုင်တဲ့ တစ်စီးတည်းသော ၁၉၈၇ မော်ဒယ် ဗောက်စ်ဝက်ဂွန်ဘီတယ်လ် ကားလေးရဲ့ တန်ဖိုးဖြစ်ပါတယ်။
ဒီနှစ်တော့ သူပိုင်တဲ့ ပစ္စည်းတန်ဖိုး ကြေညာတဲ့အခါ ပိုများလာပါတယ်။ အမေရိကန်ဒေါ်လာ နှစ်သိန်း တစ်သောင်းငါးထောင်ဖိုး ဖြစ်လာပါတယ်။ သူ့မြေတန်ဖိုးရယ်၊ ထွန်စက်တွေနဲ့ သူ့အိမ်လေးကိုပါ ထည့်တွက်တာကြောင့် ဖြစ်ပါတယ်။ ဒါတောင်သူ့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒုတိယသမ္မတ ဒန်နီလို အက်စ်တိုရီရဲ့ သုံးပုံနှစ်ပုံပဲရှိတာ ဖြစ်ပြီ၊ သူ့အရင်သမ္မတ တာဘရီဗက်စ်ကွက်ဇ်ရဲ့ သုံးပုံ တစ်ပုံလောက်ပဲ ရှိတာပါ။

မူဂျီကာဟာ ၁၉၆၀ နဲ့ ၇၀ ကာလတွေမှာ တော်လှန်ရေးသမား သူပုန်တစ်ယောက် ဖြစ်ခဲ့ပြီး ကျူးဘားတော်လှန်ရေးရဲ့ ရိုက်ခတ်မှုကြောင့် တောခိုခဲ့ဖူးပါတယ်။ သူဟာ သေနတ်ခြောက်ချက် မှန်ခဲ့ဖူးပြီး ထောင်လည်း ၁၄နှစ်ကျဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ယောက် ဖြစ်ပါတယ်။ သူအဖမ်းခံရတုန်းက ထောင်တွင်းအခြေအနေ တော်တော်ဆိုးပါတယ်။ ၁၉၈၅ခုနှစ်မှာ ဥရုဂွေးလည်း ဒီမိုကရေစီဖြစ်တော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
ထောင်ထဲမှာ နေခဲ့ရတဲ့ အခြေအနေတွေကြောင့် ဘဝအပေါ် သူထားတဲ့အမြင်တွေ ပြောင်းသွားခဲ့တာ ဖြစ်တယ်လို့ သမ္မတဂျိုဆေးမူဂျီကာက ပြောပြပါတယ်။


“အဆင်းရဲဆုံး သမ္မတလို့ ကျွန်တော့်ကိုပြောကြတယ်။ ကျွန်တော်ကတော့ မဆင်းရဲပါဘူး။ ဈေးကြီးတဲ့ ဘဝနေပုံနေနည်းကို ရဖို့အတွက်ပဲ အလုပ် လုပ်နေကြတဲ့သူတွေ၊ တစ်မျိုးပြီးတစ်မျိုး ထပ်လိုချင်နေတဲ့ သူတွေကမှ ဆင်းရဲတာဗျ” လို့ အားလပ်ရက်တွေမှာ ပန်းစိုက်လေ့ရှိတဲ့ သမ္မတကြီးက ဆိုပါတယ်။

“ဒီလိုနေခြင်းဟာ လွတ်လပ်ခြင်းပဲဗျ။ ခင်ဗျားမှာ ပစ္စည်းပစ္စယ ပိုင်ဆိုင်မှုတွေ အများကြီး မရှိဘူးဆိုရင် ဒါတွေကို ဆက်ထိန်းထားဖို့ ကျွန်လိုလုပ်စရာ မလိုတော့ဘူးပေါ့။ ခင်ဗျားကိုယ်ခင်ဗျားအတွက် အချိန်ပိုရတာပေါ့” လို့လည်း သူ့ဘဝအမြင်ကို ရှင်းပြပါတယ်။
“လူကြောင် အဘိုးကြီးလို့ ကျွန်တော့်ကိုထင်ချင်လဲ ထင်မှာပေါ့။ ဒါပေမဲ့ ဒါကျွန်တော် လွတ်လွတ်လပ်လပ် ရွေးချယ်ထားတာပဲ” လို့လည်း သူ့ဘဝနေထိုင်ပုံကို ကာကွယ်ပြောပါသေးတယ်။

ဒီလိုပြောပုံဆိုပုံမျိုးကို ၂၀၁၂ ဇွန်လတုန်းက ပြုလုပ်ခဲ့တဲ့ Rio+20 အစည်းအဝေးမှာ ဥရုဂွေးသမ္မတက မိန့်ခွန်းထဲ ထည့်ပြောခဲ့ပါသေးတယ်။

“ကျွန်တော်တို့ဟာ တစ်နေ့ခင်းလုံး ရေရှည်တည်တံ့ ဖွံ့ဖြိုးတဲ့ အနာဂတ်အကြောင်းကို ပြောကြတယ်။ ဆင်းရဲမွဲတေခြင်းကနေ လွတ်မြောက်ဖို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘာတွေ တွေးနေခဲ့ကြ သလဲ။ ချမ်းသာတဲ့ နိုင်ငံကြီးတွေက ဖွံ့ဖြိုးတိုးတက်မှုနဲ့ စားသုံးမှုမိုဒယ်ကို လိုချင်ကြပါသလား။ ကျွန်တော် မေးကြည့်ပါရစေ။ အိန္ဒိယဟာ ဂျာမနီထက် ကားရှိတဲ့ အိမ်ထောင်စုအချိုး ပိုများသွားရင် ကမ္ဘာကြီး ဘာဖြစ်မယ် ထင်ပါသလဲ။ ကျွန်တော်တို့အတွက် အောက်ဆီဂျင် ဘယ်လောက် ကျန်နေသေးသလဲ။ ချမ်းသာတဲ့ လူ့အသိုင်းအဝိုင်းတွေ စားသုံးသလို၊ စွန့်ပစ်ကြသလို ခုနစ်ဘီလီယံ၊ ရှစ်ဘီလီယံရှိတဲ့ လူဦးရေက ထပ်တူလုပ်ကြမယ်ဆို ဒီကမ္ဘာမှာ ရင်းမြစ်လုံလောက်သေးရဲ့လား။ အလွန်အကျွံ စားသုံးနေကြခြင်းဟာ ကျွန်တော်တို့နေတဲ့ ဂြိုဟ်ကို ဒုက္ခပေးနေပါတယ်” လို့ မိန့်ခွန်းမှာ ပြောဖူးပါတယ်။
ဒါပေမဲ့ သက်သတ်လွတ်သမားလို့ နာမည်ကြီးတဲ့ မူဂျီကာလည်း တခြားနိုင်ငံရေးသမားတွေလို အတက်အကျကတော့ ပြေးမလွတ်ပါဘူး။


“သူ့ရဲ့နေပုံထိုင်ပုံကြောင့် တော်တော်များများက သမ္မတမူဂျီကာကို သဘောကျကြပါတယ်။ ဒါပေမဲ့ ဒီအတွက်တစ်ခုတည်း နဲ့တော့ သူ့အစိုးရရဲ့လုပ်ဆောင်ပုံတွေကို ဝေဖန်မခံရတော့ဘူး လို့တော့ မဟုတ်ပါဘူး” လို့ ဥရုဂွေးမှ စစ်တမ်းကောက်ယူသူ အစ်ဂ်နာစီယို ဇူအက်စ်နာဘာက ဆိုပါတယ်။
ဥရုဂွေးရဲ့ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေဟာ အရင်ကထက် ပိုပြီးတိုးတက်မလာဘူးလို့ အတိုက်အခံတွေက



ဂျိုဆေးမူဂျီကာရဲ့အစိုးရကို ဝေဖန်ကြပါတယ်။ လူကြိုက်များမှု ရာခိုင်နူန်းကလည်း ၅၀ ရာခိုင်နှုန်းကျသွားတယ်လို့ ဆိုပါတယ်။

အဓိကသူ့ကို လူကြိုက်နည်းလာတဲ့ အကြောင်းရင်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ကိုယ်ဝန် သက်တမ်း ၁၂ ပတ်မပြည့်သေးရင် ဥပဒေအရ တရားဝင် ကိုယ်ဝန်ဖျက်ချပိုင်ခွင့် ရှိတယ်ဆိုတဲ့ လွှတ်တော်သဘော တူညီထားတဲ့ ဥပဒေကို အရင်သမ္မတလို ဗီတိုသုံးပြီး မပယ်ချခဲ့တာကြောင့်ပါ။
ဆေးခြောက်ကို တရားဝင် ဖွင့်ပေးမယ့်ကိစ္စကိုလည်း သူကထောက်ခံပါတယ်။ ဒီလိုဖွင့်ပေးလိုက်ခြင်း အားဖြင့် နိုင်ငံတော်က ဆေးခြောက် ရောင်းဝယ်မှုကို ဝင်ရောက်ထိန်းချုပ်နိုင်မယ်လို့ ဥပဒေကြမ်းက ဆိုပြီး သမ္မတက ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

“ဆေးခြောက်သုံးတာ စိတ်ပူလောက်စရာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ မူးယစ်ဆေးဝါး ရောင်းချတာကမှ တကယ့်ပြဿနာ ဖြစ်ပါတယ်” လို့ သမ္မတ ဂျိုဆေးမူဂျီကာက ပြောခဲ့ဖူးပါတယ်။
နိုင်ငံရေးအရ လူကြိုက်မများတော့လည်း သူ့အတွက် ပြဿနာတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥရုဂွေး အခြေခံဥပဒေက အသက်ကို ကန့်သတ်ထားတာမို့ အသက် ၇၇ နှစ်ကျော်ပြီဖြစ်တဲ့ သမ္မတကြီးက ၂၀၁၄ ရွေးကောက်ပွဲဝင်လို့လည်း မရပါဘူး။ နိုင်ငံရေးက နားရပါတော့မယ်။ သမ္မတအရာက ဆင်းသွားလည်း ရမယ့်ပင်စင်လေးနဲ့ သူကအေးအေးဆေးဆေးပါပဲ။ တခြားခေါင်းဆောင်ဟောင်းတွေလို ရာထူးကနားသွားတဲ့အခါ အပိုဝင်ငွေလည်း ရှာစရာလိုမယ် မထင်ပါဘူး။

http://www.thevoicemyanmar.com/index.php/society/item/3824-pdt.html

No comments:

Post a Comment