သေခြင်းတရားကို
ကိုယ်နဲ့ အဝေးကြီးလို့ သဘောထားရင် သတိသံဝေဂ အားနည်းသွားတတ်ပါတယ်။ သတိသံဝေဂ
အားနည်းရင် လူသားတိုင်း မလုပ်မဖြစ် လုပ်ရမယ့် အပ္ပမာဒလုပ်ငန်းတွေမှာ
ခြေလှမ်းကျဲနေတတ်ပါတယ်။
အပ္ပမာဒလုပ်ငန်းဆိုတာ
အမြဲမမေ့သင့်တဲ့လုပ်ငန်းလို့ အဓိပ္ပာယ်ရပါတယ်။ တစ်ခါတစ်ရံ သတိရမှ
လုပ်ရမယ့်လုပ်ငန်း မဟုတ်ပါဘူး။ အမြဲသတိတရ လုပ်နေရမယ့်လုပ်ငန်းပါ။
အပ္ပမာဒလုပ်ငန်းက လေးမျိုးရှိပါတယ်။ ဒါနအပ္ပမာဒ၊ သီလအပ္ပမာဒ၊ သမထအပ္ပမာဒနဲ့ ၀ိပဿနာအပ္ပမာဒ တို့ဖြစ်ပါတယ်။
ဒါနအပ္ပမာဒဆိုတာ အမြဲသတိတရမမေ့တမ်း ပြုလုပ်ရမယ့် ပေးကမ်းမူ၊ စွန့်ကြဲမူ၊ လှူဒါန်းမူလုပ်ငန်း ဖြစ်ပါတယ်။
သီလအပ္ပမာဒဆိုတာ အမြဲတမ်းသတိရ မမေ့တမ်း ပြုလုပ်ရမယ့် ကိုယ်နူတ်စောင့်ထိန်းမူ၊ ကိုယ်ကျင့်တရား ကောင်းမွန်စေမူလုပ်ငန်း ဖြစ်ပါတယ်။
သမထအပ္ပမာဒဆိုတာ အမြဲသတိတရ မမေ့တမ်း ပြုလုပ်ရမယ့် စိတ်တည်ငြိမ်မူ၊ စိတ်စူးစိုက်မူ လုပ်ငန်းဖြစ်ပါတယ်။
ဝိပဿနာအပ္ပမာဒဆိုတာ
အမြဲသတိတရ မမေ့တမ်း ပြုလုပ်ရမယ့် ခန္ဓာဖြစ်စဉ် ဉာဏ်သက်ဝင်မူ၊
သဘာဝအမှန်တရားကို ပိုင်းခြားသိမြင်မူလုပ်ငန်း ဖြစ်ပါတယ်။
မှတ်သားရလွယ်ကူအောင် တစ်နည်းပြောရရင်တော့…
ဒါနအပ္ပမာဒဆိုတာ - စွန့်လွှတ်မူလုပ်ငန်း၊
သီလအပ္ပမာဒဆိုတာ - စောင့်ထိန်းမူလုပ်ငန်း၊
သမထအပ္ပမာဒဆိုတာ - စူးစိုက်မူလုပ်ငန်း၊
ဝိပဿနာအပ္ပမာဒဆိုတာ - စစ်ဆေးမူလုပ်ငန်း၊
အပ္ပမာဒလုပ်ငန်းဆိုတာ ဒီ(စ)လေးလုံးလုပ်ငန်းပါပဲ။
သီလအပ္ပမာဒဆိုတာ - စောင့်ထိန်းမူလုပ်ငန်း၊
သမထအပ္ပမာဒဆိုတာ - စူးစိုက်မူလုပ်ငန်း၊
ဝိပဿနာအပ္ပမာဒဆိုတာ - စစ်ဆေးမူလုပ်ငန်း၊
အပ္ပမာဒလုပ်ငန်းဆိုတာ ဒီ(စ)လေးလုံးလုပ်ငန်းပါပဲ။
ဒါနဆိုတာ
ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်း၊ ကိုယ်ပိုင်နိုင်တဲ့ အခွင့်အရေးကို
ငြိတွယ်မူကင်းစွာ အာလယပြတ် စွန့်လွှတ်ရတဲ့ အလုပ်ဖြစ်လို့ ဒါနလုပ်ငန်းကို
“စွန့်လွှတ်မူလုပ်ငန်း”လို့ ခေါ်ပါတယ်။
သီလဆိုတာ
ကိုယ်လွန်ကျူးမူ၊ နူတ်လွန်ကျူးမူနှစ်ပါး
မဖြစ်ပွားအောင်ကိုယ်နဲ့နူတ်(ကာယကံနဲ့ ၀စီကံ)ကို
စောင့်ထိန်းရတဲ့အလုပ်ဖြစ်လို့ သီလလုပ်ငန်းကို “စောင့်ထိန်းမူလုပ်ငန်း”လို့
ခေါ်ပါတယ်။
သမထဆိုတာ
ဂုဏ်တော်အာရုံ၊ မေတ္တာအာရုံ၊ ကသိုဏ်းအာရုံစတဲ့ အလိုရှိရာ အာရုံတစ်ခုခုမှာ
ငြိမ်ဝပ်တည်နေအောင် စူးစိုက်ရတဲ့အလုပ်ဖြစ်လို့ သမထလုပ်ငန်းကို
“စူးစိုက်မူလုပ်ငန်း”လို့ ခေါ်ပါတယ်။
ဝိပဿနာဆိုတာ
အမှန်တကယ် မရှိတဲ့ ပညတ်အပေါ်ယံ အသိတွေကို ခွာချထွင်းဖောက်ပြီး
အမှန်တကယ်ရှိတဲ့ ပရမတ်သဘော၊ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာသဘောတွေကို အရှိမှန်၊
အဖြစ်မှန်အတိုင်း အတိအကျ သိအောင် စစ်ဆေးရတဲ့အလုပ်ဖြစ်လို့
ဝိပဿနာလုပ်ငန်းကို “စစ်ဆေးမူလုပ်ငန်း”လို့ ခေါ်ပါတယ်။
ဒီအပ္ပမာဒလုပ်ငန်း
(စ-လေးလုံးလုပ်ငန်း)ဟာ လူသားတိုင်း မလုပ်မဖြစ် အမြဲလုပ်ရမယ့် လုပ်ငန်းတွေ
ဖြစ်ပါတယ်။ လူသားတိုင်းရဲ့ “မေ့မဖြစ်လုပ်ငန်း”တွေပါ။
သံသရာက
လွတ်မြောက်ချင်သူတွေအတွက်လည်း ဒီလုပ်ငန်းလေးမျိုးဟာ မလုပ်မဖြစ်တဲ့
မေ့မဖြစ်လုပ်ငန်းတွေ ဖြစ်ပါတယ်။ သံသရာက လုံးဝ မလွတ်မြောက်ချင်၊
သံသရာထဲမှာပဲ အဆုံးမရှိပျော်မွေ့ချင်တဲ့သူတွေအတွက်လည်း
ဒီလုပ်ငန်းလေးမျိုးဟာ အလုပ်မဖြစ်တဲ့ မေ့မဖြစ်လုပ်ငန်းတွေ ဖြစ်ပါတယ်။
မေ့မဖြစ်လုပ်ငန်းလေးမျိုးကို
အမြဲမမေ့လုပ်နေမှသာ သံသရာက လွတ်မြောက်ချင်သူကလည်း သံသရာမှာ အထက်တန်းကျကျ၊
အဆင့်အတန်းမြင့်မြင့်၊ အပူအပင်ကင်းကင်း ပျော်မွေ့ခွင့် ရပါလိမ့်မယ်။
ဒါ့ကြောင့် ဒီအပ္ပမာဒလုပ်ငန်း၊ စ-လေးလုံး လုပ်ငန်းဟာ သံသရာမှ လွတ်ချင်သူ၊ မလွတ်ချင်သူ အားလုံးရဲ့ မေ့မဖြစ်လုပ်ငန်းတွေ ဖြစ်ပါတယ်။
မေ့မဖြစ်လုပ်ငန်းတွေကို
မေ့ပစ်နေကြတာ၊ လုံးဝ မေ့မပစ်တောင် တစ်ရံတစ်ခါမှ သတိရနေကြတာဟာ
သေခြင်းတရားကို ကိုယ်နဲ့ ဘာမှမသက်ဆိုင်သလို သဘောထားနေကြလို့ပါပဲ။
သေခြင်းတရားနဲ့ ကိုယ်နဲ့ တစ်ကမ္ဘာစီ ခြားနေတယ်၊ အဝေးကြီးပဲလို့
အထင်ရောက်နေကြလို့ပါပဲ။
ငါသေဖို့
အဝေးကြီးလိုပါသေးတယ်၊ ငါမသေနိုင်သေးပါဘူး၊ ငါဘယ်တော့မှ သေမှာမဟုတ်ပါဘူးလို့
ထင်မြင်ယူဆနေတဲ့သူဟာ အပ္ပမာဒလုပ်ငန်းတွေနဲ့ ရှောင်ခွာရှောင်ခွာလုပ်နေမှာ
သေချာပါတယ်။ သေခြင်းတရားနဲ့ ဝေးနေတဲ့သူဟာ မသေခြင်းတရားနဲ့လည်း
ဝေးနေဦးမှာပါပဲ။
လောကမှာ ကိုယ်က မသွားဘဲ သူ့အလိုလို နီးလာတဲ့အရာဟာ သေခြင်းတရား ဖြစ်ပါတယ်။
သေခြင်းတရားကို
ကိုယ်နဲ့ အနီးဆုံးလို့ သဘောထားမယ်ဆိုရင် သတိသံဝေဂ အားကောင်းလာတတ်ပါတယ်။
သတိသံဝေဂအားကောင်းလာရင် လူသားတိုင်း မလုပ်မဖြစ် လုပ်ရမယ့် အပ္ပမာဒလုပ်ငန်း
(မေ့မဖြစ်လုပ်ငန်း)တွေမှာ ခြေလှမ်းစိပ်၊ ခြေလှမ်းသွက်လာရစမြဲပါပဲ။
သေခြင်းတရားကို
ကိုယ့်ရဲ့ အနီးကပ်မိတ်ဆွေအဖြစ် လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်စိတ်၊
ကိုယ့်ဘ၀ဟာ အလုပ်ကောင်း၊ အလုပ်မှန်တွေနဲ့ တစ်သားတည်း ဖြစ်သွားပါတယ်။
အချိန်ပိုင်းအတွင်း သေရတော့မယ်လို့ သေချာပေါက် သိနေတဲ့ လူတစ်ယောက်ဟာ ကောင်းရာကောင်းကြောင်း အလုပ်တွေမှာပဲ စိတ်ညွတ်ထားတော့မှာပါ။
တကယ်သေရတော့မယ့်
အခြေအနေမျိုးကျမှ (သေပေါက်သေ၀ကျမှ) သေခြင်းတရားကို လက်ခံမိရင်တော့
အလုပ်ကောင်း၊ အလုပ်မှန်တွေလုပ်ဖို့ အချိန်နှောင်းသွားပါပြီ။
အချိန်နည်းသွားပါပြီ။
တကယ်မသေရသေးခင်
ဟိုးအဝေးကြီးကတည်းက သေခြင်းတရားကို လက်ခံထားမယ်ဆိုရင်တော့ အလုပ်ကောင်း၊
အလုပ်မှန်တွေလုပ်ဖို့ အချိန်တွေ အများကြီးရပါတယ်။ အလုပ်တွေလည်း
အများကြီးပြီးနိုင်ပါတယ်။ လမ်းဆုံးပန်းတိုင်ထိလည်း ရောက်သွားနိုင်ပါတယ်။
သေခြင်းတရားကို ကိုယ့်အနီးအနားမှာ လက်သပ်မွေးမြူခြင်းအကြောင်းပါပဲ။ သေခြင်းတရားနဲ့ နီးတဲ့သူဟာ မသေခြင်းတရားနဲ့လည်း နီးနေပါပြီ။
မြတ်စွာဘုရားရှင်
လက်ထက်တုန်းက သာဝတ္ထိမြို့အနီး မြစ်တစ်ဖက်ကမ်းမှာ ကုန်သည်ကြီးတစ်ယောက်
နောက်ပါလှည်း ငါးရာနဲ့အတူ လှည်းဝိုင်းဖွဲ့ပြီး စတည်းချနေထိုင်ခဲ့ဖူးပါတယ်။
သာဝတ္ထိမြို့နဲ့ မိုင်ပေါင်းများစွာဝေးကွာတဲ့ ဗာရာဏသီမြို့ကနေ လှည်းငါးရာအပြည့် အထည်အလိပ်တွေတင်ပြီး သာဝတ္ထိမြို့ရဲ့ ခုနှစ်ရက်ကြာကျင်းပတဲ့ နက္ခတ်သဘင်ပွဲမှာ ရောင်းဝယ်ဖောက်ကားဖို့ ထွက်လာခဲ့တာပါ။
သာဝတ္ထိမြို့ရောက်လုနီး
မြစ်တစ်ခုနား အရောက်မှာတော့ မနက်ဖြန်မှ သာဝတ္ထိဘက် ကူးမယ်ဆိုပြီး
မြစ်ကမ်းအနီးမှာ လှည်းတွေချွတ်၊ လှည်းဝိုင်းဖွဲ့ပြီး တစ်ညတာ စခန်းချ
နားနေခဲ့ပါတယ်။
ညရောက်တော့ မမျှော်လင့်ဘဲ မိုးကြီးသည်းထန်စွာ ရွာသွန်းလိုက်တဲ့အတွက် မြစ်ရေ တရကြမ်း စီးဆင်းပြီး မြစ်ရေကြီး၊ မြစ်ရေလျှံသွားခဲ့ပါတယ်။
ခုနှစ်ရက်လုံးလုံး
ရေမကျတဲ့အတွက် သာဝတ္ထိတက် ကူးလို့မရဖြစ်သွားပါတယ်။ ခုနှစ်ရက်လွန်လို့
မြစ်ရေလည်း ကူလို့ရရော၊ သာဝတ္ထိမြို့က နက္ခတ်သဘင်ပွဲလည်း ပြီးရောဆိုတော့
ကုန်သည်ကြီးမှာ အခက်တွေ့ရပါတော့မယ်။
ထွက်လာခဲ့တဲ့
ခရီးက ဝေးလံလွန်းလှတဲ့အတွက် အထည်အလိပ်တွေ ပြန်သယ်သွားရင်း အပြန်ခရီးမှာ
အချိန်လည်းကြာ၊ လူလည်းပန်း၊ စရိတ်လည်းထောင်းမှာမို့ ဗာရာဏသသို့ မပြန်တော့ဘဲ
ဒီလှည်းဝိုင်းမှာပဲ စခန်းချနေထိုင်ရင်း အထည်တွေ တဖြည်းဖြည်း
ကုန်အောင်ရောင်း တော့မယ်၊ နွေရော၊ မိုးရော၊ ဆောင်းရော ဒီနေရာမှာပဲ
နေတော့မယ်၊ တစ်နှစ်လုံး ဒီမှာနေ၊ ဒီမှာ စီးပွားရေးလုပ်ပြီးမှ
ဗာရာဏသီပြန်တော့မယ်လို့ ကုန်သည်ကြီးက ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီလို ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မြတ်စွာဘုရားရှင်က သာဝတ္ထိမြို့တွင်းမှာ ဆွမ်းခံကြနေပါတယ်။
ကုန်သည်ကြီးရဲ့စိတ်အကြံကိုသိတော်မူတဲ့အတွက် မြတ်စွာဘုရားရှင်က ပြုံးတော်မူပါတယ်။
နောက်ထပ်ခုနှစ်ရက်သာ အသက်ရှင်ရတော့မယ်သူက တစ်နှစ်လုံး သာဝတ္ထိမှာနေဖို့
ကြံစည်နေပါလားဆိုတဲ့ အသိနဲ့ ပြုံးတော်မူခြင်းပါပဲ။
ပြုံးရခြင်းအကြောင်း
အရှင်အာနန္ဒာကို ပြောပြတော့ အရှင်အာနန္ဒာက မြတ်စွာဘုရားထံ ခွင့်ပန်ပြီး
ကုန်သည်ကြီးရှိရာ လှည်းဝိုင်းသို့ ဆွမ်းခံကြွတော်မူပါတယ်။
ဆွမ်းလောင်းလာတဲ့
ကုန်သည်ကြီးကို “အသက်ရဲ့ အန္တရာယ်ဆိုတာ သိဖို့မလွယ်ကြောင်း၊ အချိန်မရွေး၊
နေရာမရွေးမှာ အရွယ်မရွေး သေသွားနိုင်တဲ့အတွက် မသေခင် ကိုယ်ပိုင်တဲ့
လောလောလတ်လတ် အချိန်ပိုင်းကလေးမှာ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာဆိုတဲ့ အပ္ပမာဒ
လုပ်ငန်းကြီးလေးရပ်ကို မမေ့မလျော့ ပြုသင့်ကြောင့် “အရှင်အာနန္ဒာက
မိန့်ကြားတော်မူပါတယ်။
“နောက်ခုနှစ်ရက်ပြည့်ရင်
ဘ၀တစ်ပါး ပြောင်းသွားရတော့မယ်လို့ မြတ်စွာဘုရားမိန့်တော်မူကြောင်း” ကိုပါ
ပြောပြလိုက်တဲ့အတွက် ကုန်သည်ကြီးခမျာ သတိသံဝေဂ အကြီးအကျယ် ရသွားပါတယ်။
ကိုယ့်ရဲ့ သေခြင်းတရားကို ကိုယ့်ရဲ့ အနီးအနားမှာ တွေ့မြင်လိုက်ရတော့
သတိသံဝေဂ အားကောင်းသွားတာပေါ့။
သေခြင်းတရားကြောင့်
အင်အားကြီးမားစွာ ဖြစ်ထွန်းလာတဲ့ သတိသံဝေဂကို အခြေခံပြီး ကုန်သည်ကြီးဟာ
အပ္ပမာဒလုပ်ငန်းကြီးလေးရပ်ကို ခြေလှမ်းသွက်သွက် အရှိန်ပြင်းပြင်း
ပြုလုပ်အားထုတ်ပါတယ်။
ဘုရားအမှူးရှိတဲ့
သံဃာတော်တွေကို ခုနှစ်ရက်တိုင်တိုင် ဆွမ်းအလှူတွေပေး၊ သီလတွေ
ဆောက်တည်ကျင့်သုံး၊ သမထ၊ ၀ိပဿနာ၊ ဘာဝနာတရားတွေပွားများနဲ့
အပ္ပမာဒလုပ်ငန်းကြီး လေးရပ်ကို ဇယ်ဆက်သလို အကွက်စေ့စေ့ အားထုတ်လိုက်တာ
ခုနှစ်ရက်ပြည့်တဲ့နေ့မှာ သောတာပန် အရိယာပုဂ္ဂိုလ် ဖြစ်သွားခဲ့ပါတယ်။
“အသိဉာဏ်ကင်းမဲ့တဲ့
ပုဂ္ဂိုလ်တွေဟာ အချိန်မရွေး၊ နေရာမရွေးမှာ အရွယ်မရွေး သေသွားနိုင်တယ်ဆိုတဲ့
အသက်ရဲ့ အန္တရာယ်ကို မသိမမြင် မဆင်ခြင်နိုင်တဲ့အတွက်…
ဒီနေရာမှာပဲ
မိုးလေးလပတ်လုံး နေမယ်။ ဒီနေရာမှာပဲ ဆောင်းလေးလပတ်လုံး နေမယ်။ ဒီနေရာမှာပဲ
နွေလေးလပတ်လုံး နေမယ်။ ဒီနေရာမှာပဲ တစ်နှစ်ပတ်လုံး နေမယ်လို့ လွဲမှားစွာ
ကြည်စည် ဆုံးဖြတ်တတ်ကြပါတယ်။”
အဲဒီ မြတ်စွာဘုရားတရားကို နာကြားရင်း သတိပဋ္ဌာန်း ၀ိပဿနာတရား ပွားများအားထုတ်လိုက်လို့ သောတာပန်ဖြစ်သွားခဲ့တာပါ။
တရားအဆုံး
သောတာပန်ဖြစ်ပြီးတဲ့နောက် မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို လိုက်ပို့ပြီး
လှည်းဝိုင်း ကိုယ့်နေရာကိုယ်ပြန်အရောက် ခေါင်းမူးတယ်ဆိုပြီး အိပ်ရာပေါ်
လှဲအိပ်လိုက်တာ လှဲအိပ်နေရင်းနဲ့ပဲ ဘ၀တစ်ပါး ပြောင်းသွားခဲ့ပါတယ်။
အပ္ပမာဒလုပ်ငန်းတွေကို ပြည့်စုံပြီးမြောက်အောင်
အားထုတ်လုပ်ဆောင်နိုင်တဲ့အတွက် သေလွန်တဲ့အခါ
တုသိတာနတ်ပြည်ကိုလားရောက်ခဲ့ပါတယ်။ တုသိတာနတ်ပြည်ရောက်ရတဲ့
လောကီအကျိုး၊ သောတာပန်ဖြစ်ရတဲ့ လောကုတ္တရာအကျိုးတွေဟာ
သေခြင်းတရားကို
အနီးကပ် သတိရလိုက်မိခြင်းရဲ့ အကျိုးတရားတွေပါပဲ။
ခုနှစ်ရက်ပြည့်ရင်
သေရမယ်ဆိုတာသာ အစကကြိုမသိခဲ့ရင်၊ ကြိုသိပေမယ့်လည်း မသေခင်လုပ်ရမယ့်
အလုပ်ကို မှန်မှန်ကန်ကန် မဆုံးဖြတ်တတ်ခဲ့ရင်၊ ဆုံးဖြတ်တတ်ပေမယ့်လည်း
တကယ်လက်တွေ့ အလုပ် မလုပ်ဖြစ်ခဲ့ရင် အခုလို လောကီ၊ လောကုတ္တရာ
ကောင်းကျိုးတွေရလာမှာ မဟုတ်ပါဘူး။
လူတိုင်းလူတိုင်း
ကုန်သည်ကြီးလို သေခြင်းတရားကို ကိုယ်နဲ့ အနီးကပ်ဆုံးနေရာမှာ ထားပြီး
ရူမြင်ဆင်ခြင်နိုင်ခဲ့မယ်ဆိုရင်အံ့သြဖွယ်ကောင်းလောက်အောင် လောကီ၊
လောကုတ္တရာ ကောင်းကျိုးတွေ
ရလာမှာ သေချာပါတယ်။
သေခြင်းတရားကို
ကြိုတွေးခြင်း၊ ကြိုသိခြင်းဟာ လောကီ၊ လောကုတ္တရာ အဖိုးတန်ရတနာသိုက်တွေကို
အမြန်ဆုံး တူးဖော်ပေးမယ့် အကောင်းဆုံးလက်နက်ပါပဲ။
ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက မသေခင်ဘာလုပ်ကြမလဲ စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။
ဘာသာရေးစာပေများကို ♣☺ မေတ္တာရိပ် ☺♣ မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။
No comments:
Post a Comment