Pages

သူ့ဖခင်ပြောပြသည့် ရဲဘော်ကိုထွေးအကြောင်း

ရဲဘော်ကိုထွေး (ခ) အလီ အတ်ဆ်ဂရ် မဇင်ဒါရာနီမှာ မန္တလေးမြို့ဗောဓိကုန်း တောင်ပြင်သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ဝန်ထောက် ဆွဖ်ဒရ်အလီ ခေါ် ဦးကိုကိုလေးနှင့် အမိ ဒေါ်မင်းရီတို့မှ ထွန်းကားခဲ့သည့် သားသမီးရတနာ ခြောက်ဦးအနက် အထွေးဆုံးသားလေးဖြစ်သည်။
ရဲဘော်ထွေးကို ၁၉၂၉ – ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွားမြင်ခဲ့သည်။ ရဲဘော်ထွေးသည် နဝမတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ်အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်းခံရသည်။
ရဲဘော်ထွေး၏ ဖခင်ကြီး ဦးကိုကိုလေးက သားတော်မောင်၏အကြောင်းကို အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတစ်ရပ်တွင် အောက်ပါအတိုင်း မချိတင်ကဲ ပြောပြခဲ့ဖူးသည်ကို ပြန်လည် တင်ပြရသော်…
“ရဲထွေးကို (၇) လနဲ့မွေးတာပါ။ ဒီတော့ လူက အတော့်ကိုညှက်လွန်းပါတယ်။ အထွေးဆုံးသားလည်းဖြစ်ပြန်၊ ကိုယ်ဟန်က ယောက်ျားလေးဖြစ်ပေမယ့် ပျော့ပျော့ပျောင်းပျောင်း ကနွဲ့ကလျလေးဖြစ်နေလေတော့ တစ်အိမ်လုံးက ဖူးဖူးမှုတ်မတတ် ဖြစ်နေကြတာပေါ့။ ဒါပေမယ့် ယောက်ျားပီသစေလိုတဲ့ဆန္ဒကြောင့် ငယ်ငယ်ကတည်းက သူ့ကို ဆက်ဆံရာမှာ သိပ်ပြီး တယုတယမထားဘဲ ကြမ်းကြမ်းတမ်းတမ်းလေး ဆက်ဆံဖို့ တစ်အိမ်လုံးကို ကျုပ်ကိုယ်တိုင် မှာကြားခဲ့ရတယ်။”
“သားလေးရဲထွေးဟာ ကျဆုံးချိန်မှာတောင် အသက် ၁၉ နှစ်ပဲရှိပါသေးတယ်။ အသက်အားဖြင့်ကြည့်ရင် တကယ့်ကို ငယ်ရွယ်လွန်းပါတယ်။ ကျုပ်တို့ မိဘတွေအဖို့တော့ နို့နံ့တောင် မပျယ်သေးတဲ့ အရွယ်ပေါ့။ ဒါပေမယ့် အရွယ်နဲ့မလိုက်အောင် မျိုးချစ်စိတ်တကယ့်ကိုထက်သန်တဲ့ သူငယ်လေးပဲ။ အင်္ဂလိပ်များကို မမြင်လိုက်နဲ့ “တို့ကို ကျွန်လုပ်တဲ့ ကောင်တွေ” ဆိုပြီးခဲနဲ့ပေါက်မယ်တကဲကဲ လုပ်နေတာမို့ တစ်အိမ်သားလုံးက အတော့်ကို ပြောဆိုထိန်းသိမ်းထားရပါတယ်။”
“အဲဒါကြောင့် ဒီကလေးမှာ တော်တည့်မှန်ကန်တဲ့ မျိုးချစ်စိတ်ဓာတ် ရင့်သန်လာဖို့နဲ့ လူတော်လူကောင်းလေး ဖြစ်လာစေဖို့ ရည်ရွယ်ပြီး မန္တလေးမှာ အခြေစိုက်နေစဉ်ကတည်းက တရင်းတနှီးရှိခဲ့တဲ့ ဆရာကြီးဦးရာဇတ်ဆီမှာ အပ်လိုက်ပါတယ်။ ဆရာကြီးဦးရာဇတ်ဟာ လူငယ်လူရွယ်တွေကို အမျိုးသားစိတ်ဓာတ် ရင့်သန်ရေးနှင့် ဇာတိမာန် တက်ကြွရေးအတွက် ဆိုဆုံးမ သြဝါဒပေး နည်းပေးလမ်းညွှန်တဲ့နေရာမှာ စံတင်လောက်တဲ့သူပါ”
ဆရာကြီးဦးရာဇတ်ဟာ ရဲထွေးကို မြင်တာနဲ့ သူ့ရဲ့ သူရသတ္တိထူးကဲမှုကို သိမြင်ပြီး မှန်ကုန်တဲ့ မျိုးချစ်စိတ်ဓာတ် ကိန်းအောင်းသွားဖို့ နည်းမှန်လမ်းမှန်နဲ့ လက်ပွန်းတတီး သွန်သင်ဆုံးမ သြဝါဒပေးခဲ့ပါတယ်။ ဆရာကြီးဦးရာဇတ်က “ငါတို့ ဗိုလ်ချုပ်တို့ အပါအဝင် လူကြီးပိုင်းတွေက နိုင်ငံရေး ပရိယာယ် ကျွမ်းကျင်လိမ္မာစွာနဲ့ နည်းစနစ် မှန်မှန်ကန်ကန်နဲ့ မြန်မာပြည်လွတ်လပ်ရေးရရှိဖို့အတွက် ကြိုးပမ်းနေကြပြီ၊ တယူသန် အကြမ်းဖက်နည်းတွေနဲ့ တော်လှန်ဖို့အထိ ဆန္ဒမစောသင့်ဘူးကွယ့်” လို့ သြဝါဒပေးခဲ့ပါတယ်။
“ကျုပ်ရဲ့ သားလေးရဲ့ရင်ထဲမှာ နယ်ချဲ့ကို တွန်းလှန်ချင်တဲ့ စိတ်ဓာတ်က အမြဲကိန်းအောင်းနေပါတယ်။ အာဇာနည်ကြီးများနဲ့အတူ ကျဆုံးချိန်အထိ သူ့ရဲ့အိတ်ကပ်ထဲမှာ လက်နက်ဝယ်ဖို့ သူစုထားတဲ့ ငွေတွေရှိနေတယ်လေ… ဟင်း” ဘခင်ကြီး၏ တင်ပြချက်ကို ကြားရသူတိုင်းက ကရုဏာသက်မိကြ၏။
၁၉၄၇ – ခုနှစ် ဇူလိုင်လ ၁၉ ရက်၊ စနေနေ့နံနက် ၁၀း၄၅ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို မသမာသူများက မရှုမလှ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ထိုစဉ်က ရဲဘော်ထွေးမှာ အစည်းအဝေးခန်းမ တစ်ဘက်တွင်ရှိနေသည်မို့ မိမိကိုယ်ကို သေဘေးမှ အလွတ်ရုန်း ထွက်လိုက ရနိုင်၏။ သို့ပေမင့် မိမိအသက်ကို မငဲ့ကွက်ဘဲ သေနတ်သံကြားရာသို့ ပြေးဝင်အလာဝယ် နယ်ချဲ့လက်ပါးစေ အလိုတော်ရိကြီး ကံကြီးမောင် (ခေါ်) ရန်ကြီးအောင် နှင့် ပက်ပင်းရင်ဆိုင်တိုးခဲ့၏။ ရဲဘော်ထွေး၏လက်ဝယ်တွင် ကိုင်ဆောင်ထားသည်က ၃၂ ဘို့ ခြောက်လုံးပြူး၊ ရန်သူ၏လက်ဝယ်ရှိနေသည်က စတင်းဂန်းသေနတ်လေမို့ လုံးဝမယှဉ်သာခဲ့ပေ။ မိမိအားပစ်ခဲ့သူ ကံကြီးမောင် (ခေါ်) ရန်ကြီးအောင် နှင့် နဂိုက ခင်မင်ရင်းနှီးမှုရှိခဲ့သဖြင့် ရဲဘော်ထွေးက “ရက်စက်လှချည်လား သူငယ်ချင်းရယ်” ဟုပြောသွားခဲ့သေးသည်။
ဆရာကြီးဦးရာဇတ် နှင့် ရဲဘော် ကိုထွေး တို့အား မြှုပ်နှံထားရာ တာမွေဥယျာဉ်ရှိ အုတ်ဂူဟောင်း (ဓာတ်ပုံကို ရဲဘော် ကိုထွေး၏ မြေးတော်စပ်သူ မမော်မော်မှကျေးဇူးပြုပါသည်)
ရဲဘော်ထွေးမှာ အသက်ရှင်စဉ်ကလည်း ဆရာကြီးရာဇတ်၏ အပါးတော်မြဲဖြစ်ခဲ့သလို ကွယ်လွန်ပြီးသည့် နောက်ပိုင်းတွင်လည်း ဆရာကြီးဦးရာဇတ်၏ အပါးတွင် ယှဉ်တွဲရှိနေပေသည်။ “သေအတူ – ရှင်မကွာ” အမြဲတွဲလျက်ရှိနေခြင်းကပင်လျှင် ထူးခြားမှုတစ်ရပ်ဟု ဆိုရမည်။ မြန်မာမွတ်စလင်မ်တို့ တိုင်းပြည်ပေါ်ထားရှိသော အာဇာနည်သမိုင်းကို သွေးဖြင့်ရေးခဲ့သော ရဲဘော်ထွေးအား အခြားအာဇာနည်ခေါင်းဆောင်ကြီးများ နှင့် ၎င်းတို့၏ ဝိဥာဉ်များအပေါ် ငြိမ်းချမ်းသာယာ သက်ရောက်ပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ရပါသတည်း။
ဆရာကြီးဦးရာဇတ် နှင့် ရဲဘော် ကိုထွေး တို့အား မြှုပ်နှံထားရာ တာမွေဥယျာဉ်ရှိ အုတ်ဂူသစ် ရှေ့တွင် ရဲဘော် ကိုထွေး ၏ မိသားစုဝင်များလာရောက် ဆု တောင်းစဉ် (ဓာတ်ပုံကို ရဲဘော် ကိုထွေး၏ မြေးတော်စပ်သူ မမော်မော်မှကျေးဇူးပြုပါသည်)
ရွှေဘိုသီရိမာလာ စီစဉ်တည်းဖြတ်သော “ဧကရာဇ်စာဆိုနှင့် မိုးစင်ကြယ်” စာစောင်
၁၉၈၇ ခုနှစ်၊ မတ်လ
စာမျက်နှာ ၈၆၊ ၈၇
ကိုကျော်မိုးအောင် FB စာမျက်နှာမှ

No comments:

Post a Comment