ဒီနေ့ စိတ်ညစ်ညစ်နဲ့
တိတ်ဆိတ်တဲ့ နေရာတစ်ခုကို သွားချင်နေတယ်။ ဘယ်ကို သွားရမှန်းလည်း မသိဘူး။
ဆိုင်ကယ်တစ်စီးနဲ့ ဟိုငေးဒီငေးပေါ့။ နေကလည်း ပူလိုက်တာဗျာ။
ရွှေကျောင်းကြီးနားရောက်တော့ ခဏရပ်လိုက်တယ်။ မရောက်တာလည်း ကြာပြီမို့
ရွှေကျောင်းပေါ်ကို တက်သွားလိုက်တယ်။ ရှေးဟောင်းလက်ယာတွေ လိုက်ကြည့်ရင်း
အနောက်ဘက်တံတိုင်းဘေးက ပိတောက်ပင်ကို သတိထားမိလိုက်တယ်။ ပိတောက်ပန်းတွေ
ပွင့်နေပါလား။ အချိန်လွန်ပိတောက်မို့လား ဒါမှမဟုတ် အမြင့်မှာပွင့်တဲ့ပိတောက်မို့လားတော့ မပြောတတ်ဘူး။ ခူးထားတဲ့ လက်ယာ ခြေယာ မတွေ့မိဘူးလေ။ အင်း ပိတောက်ပန်းတွေ နေပူရှိန်ကို အံတုလို့ အလှချင်းများ ပြိုင်နေရော့သလားကွယ်။ သူ့တို့ လှပဘို့အတွက် ညှိုးမှိန်မသွားဘို့အတွက် အခက်တွေက ကာကွယ်ပေးထားကြပြန်တယ်။ အော် တစ်ယောက်ကောင်းစားဘို့အတွက် တစ်ယောက်ယောက်က ပေးဆပ်ရတာ လူတွေမှ မဟုတ်ပါလား။ သစ်ပင်တွေမှာလည်း ရှိနေပါလားနော်။ ပိတောက်ပင် ထနှောင်းပင်တွေကြားကတိုင် အတုမရှိကျောင်းတော်ကြီးကိုလည်း ကြည့်လိုက်မိတယ်။ အင်း အတွင်းက လူတွေ အေးချမ်းဘို့ သွပ်ပြားတွေက အပူခံကာ ပေးဆပ်နေရပါလား။ ဟိုရောက် ဒီရောက်နဲ့ ဟိုတွေးဒီတွေး တွေးနေတုန်း အနားကို အစ်မကြီးတစ်ယောက် ရောက်လာတယ်။ သူ့ကို ကျွန်တော် တစ်ချက် ရှိုးလိုက်တယ်။ သူ့မျက်နှာမှာလည်း အပူရိပ်တွေ ထင်ဟပ်နေပါလား။
အစ်မကြီးလည်း ကျွန်တော့်ကို တစ်ချက်ငဲ့ကြည့်တယ်။ ကျွန်တော်က လူမှု့ရေးအရ
တွန့်ပြုံးလေး ပြုံးပြလိုက်ပါတယ်။ (အဲလို ပြုံးတာကို ကျွန်တော့်ချစ်သူက
မကြိုက်ဘူးတဲ့၊ ခဏခဏ ပြောဘူးတယ်၊ ရွဲ့သလို ခံစားရတယ်ဆိုပဲ၊ သူအဲလိုပြောရင်
ကျွန်တော် အရမ်းသဘော ကျခဲ့ဘူးတယ်။ ခုတော့လည်း ဒါတွေ ဒါတွေဟာ -------- ။ တွန့်ပြုံးဆိုတာ ၀တ္တရားအရ ပါးနှစ်ဘက်ကို တွန့်ရုံလေး ပြုံးပြလိုက်တာကို ပြောတာပါ)။
ပိတောက်ပင်ကို
တမ်းတမက်မောစွာ ကြည့်နေတဲ့ အစ်မကြီး။ ကျွန်တော့်ထက် (၁၀) နှစ်လောက်တော့
ကြီးမှာပေါ့။ သူကြည့်နေတာ တော်တော်ကြာသွားပါပြီ။ ကျွန်တော်လည်း
စိတ်ဝင်စားတာနဲ့ “ အစ်မ ဘာလို့ အဲလောက်တောင်ကြည့်နေတာလဲ၊
ဇာတ်လမ်းဟောင်းတွေကို သတိရနေ တာလား ” လို့ ခပ်ရွှတ်ရွှတ်ပုံစံနဲ့
မေးလိုက်တယ်။ ဒီတော့ အစ်မကြီးက ကျွန်တော့်နဲ့ ခပ်နီးနီးမှာ လာထိုင်တယ်လေ။
ပြီးတော့ “ ဒီပိတောက်ပင်နဲ့ ပတ်သက်ပြီး မေ့လို့မရတဲ့ အတိတ်တွေရှိတယ်၊ ဘယ်သူမှ မသိပေမဲ့ ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းတွေ ရှိနေတယ်လေ
” လို့ ပြောပါတယ်။ ဟာ ကုန်ကြမ်းတော့ ရတော့မယ်ထင်တယ်။ ဟိဟိ။
ကျွန်တော်နည်းနည်း ပျော်သွားတယ်။ ဒါနဲ့ မေးကြည့်လိုက်တယ်။ ၀မ်းနည်းနေတဲ့
မျက်နှာနဲ့ ပြောပြရှာပါတယ်။ အဖြစ်အပျက်က လွန်ခဲ့တဲ့ (၅) နှစ်လောက်ကပေါ့။
အစ်မကြီးက မတ္တရာနယ်ကပါ။ သူပြောပြတာလေးကို အဆင်ပြေသလို ခံစားရေးပြမယ်နော်။
စာရေးဘို့လည်း ခွင့်ပြုထားပါတယ်။ ဖတ်ကြည့်ပါ။ သူ့မောင်လေး ကောင်းမြတ်သာ
သက်ရှိထင်ရှားရှိနေမယ်ဆိုရင် ကျွန်တော့်အရွယ်ပဲတဲ့။
ဝိုးးးးးးးးးးးးးးးးးး
အရမ်းလှတာပဲ။ ပိတောက်ပန်းတွေ။ ကောင်မလေးတစ်ယောက် ရွှေကျောင်းကြီး
အနောက်ဘက်တံတိုင်းဘေးက ပိတောက်ပင်ကို ကြည့်ရင်းပြောနေတယ်။ အိုးးးးးးးးးးး
ဟုတ်သားပဲ။ ပိတောက်ပန်းတွေ လှမှလှပဲ။ ၀ါထိန်းနေတာပဲ။ ကောင်းမြတ်ကို
ကောင်မလေးက အားကိုးချင်တဲ့ မျက်လုံးလှလှလေးနဲ့ ကြည့်လိုက်တယ်။ လူပျိုပေါက်စ
ကောင်းမြတ်လည်း ကောင်မလေးကို ပြုံးပြလိုက်တယ်။ အဲဒီအပြုံးက သူတို့နှစ်ဦးရဲ့ ခင်မင်မှု့တံတားလေးတစ်ခု ဖြစ်သွားခဲ့ပါတယ်။တနည်းပြောရရင် မေတ္တာလမ်းကူး တံတားလေးပေါ့နော်။
အဲဒီအချိန်က ဒီပိတောက်ပင်ဟာ တော်တော်လေး သေးငယ်အုံးမယ် ထင်ပါတယ်။
ကောင်းမြတ်တက်ခူးနိုင်တယ်လို့ ပြောတာပဲ။ ခုတော့ တော်တော်လေးကို
ကြီးနေပါပြီ။ ခုချိန်မှာ ကောင်းမြတ်တက်ခူးနိုင်မယ် မထင်ဘူး။ ကောင်မလေးအတွက်
အားကြိုးမာန်တက်နဲ့ တက်တက်ကြွကြွပဲ ခူးပေးနေတဲ့ ကောင်းမြတ်။
အစ်မသုံးယောက်သိသွားတော့ စိတ်ပူလိုက်ရတာ အမောပါပဲ။ မောင်လေး ပျော်နေတာ
မြင်ရလို့လည်း စိတ်ချမ်းသာပါတယ်။ အဲဒီစိတ်နဲ့ပဲ ကြိတ်မှိတ်နေခဲ့ကြရတာပေါ့။
ကောင်မလေးက ကောလိပ်ကျောင်းသူပါ။ အဖော်(၄) ယောက်နဲ့ သူတို့က (၅) ယောက်။
ကောလိပ်နာမည်ကိုတော့ မရေးတော့ဘူးနော်။ ပြီးတော့ သူ့ဇာတိနယ်ကိုလည်း
မရေးပါရစေနဲ့။ နားလည်ပေးနိုင်ကြပါစေ။ ကောင်းမြတ်တို့မှာ မောင်နှမ(၄)
ယောက်ရှိပါတယ်။ ကောင်းမြတ်က အငယ်ဆုံးပါ။ ယောက်ျားလေးဆိုလို့
သူတစ်ယောက်တည်း။ အဲတော့ တစ်အိမ်လုံးရဲ့ အချစ်တုံးလေး
အချစ်ဆုံးလေးဖြစ်နေပေါ့။
ကောင်းမြတ်တို့ရဲ့ ဇာတ်လမ်းက
ရွှေကျောင်းကြီးနဲ့ ပိတောက်ပင်အောက်မှာတင် တစ်ခန်းရပ် မသွားခဲ့ပါဘူး။
တစ်ယောက်ကိုတစ်ယောက်မိတ်ဆက်ကြ လိပ်စာတွေပေးကြနဲ့ပေါ့။
လမ်းခွဲသွားကြတော့လည်း လက်ပြနှုတ်ဆက်ကြရင်းနဲ့ အပြုံးကိုယ်စီ
ပွင့်လန်းလျှက်။ နေ့စဉ်ရက်ဆက် ဆက်သွယ်ဖြစ်တဲ့အခြေအနေကတိုင်
နောက်ပိုင်းမှာတော့ ချစ်သူတွေ ဖြစ်သွားကြတယ်။ ချစ်သူတွေအဖြစ်တင်
မတင်းတိမ်နိုင်ခဲ့ကြဘူးလေ။ တစ်ယောက်ကို တစ်ယောက် အပိုင်လိုချင်ခဲ့ကြတယ်။
ဒါနဲ့ မောင်လေး ပျော်ရင် ပြီးရော့ဆိုပြီး ကောင်းမြတ်တို့အတွက်
မင်္ဂလာပွဲစီစဉ်ပေးလိုက်ကြတယ်ပေါ့နော်။ သူတို့ပျော်ရွှင်နေကြပါတယ်။ ရက် လတွေ ပြောင်းလာတာတဲ့အမျှ သံယောဇဉ်တွေလည်း တိုးလို့တိုးလို့ ခိုင်မာလာကြပြီပေါ့။ အရမ်းပျော်စရာကောင်းတဲ့ အခိုက်အတန့်လေးပါပဲ။
အပျော်တွေကို ပျော်ကျ ဖျက်ဆီးပစ်မဲ့ ကံကကြမ္မာအပြောင်းအလဲတွေကလည်း
ဝင်ရောက်လို့ လာခဲ့ပါပြီ။ တစ်နေ့မှာပေါ့ ကောင်မလေးရော ကောင်းမြတ်ရော
ချူချာလာတာကို သတိထားမိကြတယ်။ အလုပ် ပင်ပင်ပမ်းပမ်း မလုပ်ရပဲနဲ့
အားအင်တွေချိနဲ့လာတယ်။ ပိန်းကျလာတယ်။ အသားအရေကလည်း မွဲခြောက်ခြောက်။ (ဟိ
ဘာကြောင့်ပါလိမ့်၊ ပုံပြင်တစ်ခုကို သွားသတိရမိတယ်။ ပြောပြတော့ဘူးနော်)။
အသားရောင်ကလည်း နည်းနည်းမဲလာသလိုပဲ။ ဒီလိုနဲ့ သူတို့နှစ်ယောက်လုံးကို
ဆေးစစ်ကြည့်ကြ တယ်။ အဖြေထွက်လာတော့။ ကောင်မလေးမှာ ကိုယ်ဝန်(၃) ရှိနေပြီတဲ့။
အပြုံးတွေ ဝေဆာသွားတော့ ခဏပေါ့နော်။ နောက်ဆက်တွဲ သိလိုက်ရတဲ့အဖြေတစ်ခုက
ကောင်မြတ်ရော ကောင်းမလေးမှာပါ AIDS ရောဂါရှိနေပါသတဲ့။ တစ်ယောက်ယောက်မှာ HIV
ရှိနေခဲ့တာတော့ သေချာနေပါပြီ။ ဘယ်သူ့မှာ HIV ရှိနေခဲ့တာလဲ ဆိုတာ ဘယ်သူမှ
မသိလိုက်ကြပါဘူး။ (HIV ဆိုတာ AIDS ရဲ့ အနုစားရောဂါတစ်ခုပါပဲ၊ HIV ရောဂါ
ရင့်လာရင် AIDS ဖြစ်သွားတာပါ) ။ အဲဒီအကြောင်းကို သိလိုက်တော့ အားလုံးရဲ့
အပျော်တွေ အေးချမ်းသာယာနေတဲ့ နှလုံးသားတွေဟာ မီးဟုန်းဟုန်း
တောက်ကုန်တော့တာပါပဲ။
ယုံကြည်လို့လက်တွဲခဲ့တဲ့ သူတို့နှစ်ယောက်ကို တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှု့တွေ ပျက်အောင်လုပ်ပစ်ခဲ့တဲ့ ရောဂါပါ။ အဲဒီအချိန်ကစပြီး သူတို့နှစ်ယောက်အတူတူ မနေကြတော့ပါဘူး။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကလည်း မလှပခဲ့ပါဘူး။ အသက်ရှင်လျှက် ယုံကြည်မှု့တွေ ပျက်ပြီး စိတ်သောကရောက်ကာ ကွဲကွာသွားခဲ့ကြတယ်လေ။ ကောင်မလေးလည်း သူ့ဇာတိကို ပြန်သွားခဲ့ပါတယ်။ လူ့လောက လူတွေအကြောင်းကို ဘာတစ်ခုမှ သိခွင့်မရသေးတဲ့ ရင်သွေးငယ်လေးအတွက် အားလုံးက ပူပန်သောကရောက်ကြရတာပေါ့။
နောက်တော့လည်း သူတို့နှစ်ယောက်ဟာ ရှေ့နောက်ဆိုသလိုပဲ ဆုံးသွားကြပါတယ်။
အရမ်းကံဆိုးသွားခဲ့တာက ရင်သွေးငယ်လေးပါ။ ဘယ်လိုကံ
ဘယ်လိုဝဋ်ကြွေးပါလာလို့ပါလဲ။ မိခင်ရင်ထဲမှာ ကိန်းအောင် ခိုလှုံခွင့်ရပေမဲ့ လူ့လောကရဲ့ အကျင့်စရိုက်တွေ စိတ်နေသဘောထားတွေကို သိခွင့်ရ မသွားရှာဘူးလေ။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲဗျာ။ အဲဒီအဖြစ်အပျက်ရဲ့ (၅)နှစ်မြောက် ပြည့်တဲ့
နေ့က ဒီနေ့တဲ့။ အစ်မကြီးက ပြောရင်းပြောရင်းနဲ့ မျက်ရည်ကျလာတယ်။
ကျွန်တော်လည်း စိတ်မကောင်းပါဘူး။ အော် အော် အော်လို့ ဖော်လို
လိုက်ပေးနေရတယ်။ အစ်မကြီးက ကောင်းမြတ် ဆုံးတဲ့နေ့တိုင်း ဒီနေရာကို
လာပါသတဲ့။ ခုလည်း မနက်စောစောမှာ ဘုရားကြီးငါးကန်မှာ ငါးလွှတ်ပြီး
ဒီကိုလာခဲ့တာပါတဲ့။ အင်း လောကမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေက တစ်ခါတစ်လေ ယုံရခက်လောက်အောင်ကို ထူးဆန်းနေတတ်ပါလားနော်။
သယ်ချင်းတို့ရေ AIDS ရောဂါနဲ့ ဆုံးသွားကြတဲ့ လူနှစ်ယောက်ကို ကျွန်တော်
မျက်စိနဲ့ သေချာ မြင်ဘူးပါတယ်။ နှစ်ယောက်လုံးကိုလည်း
ခင်မင်ရင်နှီးခဲ့ပါတယ်။ သူတို့အကြောင်းတွေကိုလည်း သင်္ခန်းစာ ယူနိုင်ဘို့
အချိန်ရရင် ရေးတင်ပေးပါအုံးမယ်။ ခုဟာကတော့ သူများပြောတာမို့ ချက်ချင်း
ရေးတင်လိုက်ပါတယ်။ ကိုယ်တိုင် မြင်ရ တွေ့ရ သိရတာမဟုတ်တော့ မေ့သွားရင်
ခက်မယ်လေ။ သယ်ချင်းတို့ရေ ချစ်ခင်မြတ်နိုး ယုံကြည်မှု့တွေ တိုးလို့
လက်ထပ်ခဲ့တဲ့ ချစ်သူတွေ ဒီလိုအဖြစ်မျိုးနဲ့ မတွေ့မကြုံကြပါ
စေနဲ့ဆုတောင်းပေးပါတယ်ဗျာ။ နောက်ပြီ ဘယ်လောက်ပဲ ချစ်ချစ် ရင်သွေးငယ်လေးအတွက်ရော မိမိတို့အတွက်ရော ဘေးမဖြစ်အောင် မလွန်ခင်က ဆေးစစ်ကြစေချင်ပါတယ်။ သယ်ချင်းတို့ကို
ဆေးစစ်ဘို့ တောင်းဆိုလာရင်လည်း လွယ်ကူစွာ လိုက်လျောကြပါနော်။
သယ်ချင်းတို့ကိုယ်တိုင်လည်း ဆေးစစ်ခံနိုင်ဘို့ ကြိုးစားကြပါ။ ပြီးတော့
သယ်ချင်းတို့ ချစ်သူတွေကိုလည်း ဆေးစစ်ကြဘို့ တောင်းဆိုကြပါနော်။ ဖြစ်နေ
တည်နေ မြဲနေတဲ့ ပျော်ရွှင်ကြည်နူးမှု့ ယုံကြည့်မှု့တွေကို ဖျက်ဆီးပစ်မဲ့
အဖျက်တရားကို လက်မခံကြနဲ့နော်။ ဘေးဆိုတာ ကြိုတင်ကာကွယ်နိုင်ရင် အကောင်းပါပဲ။ ဘေးမဖြစ်အောင်နေရင်တော့ ပိုကောင်းတာပေါ့။ ကဲ သယ်ချင်းတို့အားလုံး ဒီလို အဖြစ်မျိုးနဲ့ ဘယ်သောအခါမှ မကြုံကြပါစေနဲ့လို့ -----
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း
No comments:
Post a Comment