Pages
▼
နှစ်ပေါင်း ၁၀၀ ကျော်တိုင်အောင် မြန်မာတို့ရဲ့သတ္တိကိုပြသနေဆဲ နေရာ (သို့) မင်းလှခံတပ်
တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲဟု ဆိုလိုက်လျင် မင်းလှခံတပ်ကို
ပြေးမြင်မိကြမှာပါ။ ဒီနေရာမှာ အင်္ဂလိပ်-မြန်မာစစ်ပွဲများ တလျှောက်
အပြင်းထန်ဆုံးတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ဧရာဝတီ မြစ်ကြောင်း အတိုင်းဆန်တက်လာမယ့် အင်္ဂလိပ်စစ်သင်္ဘောများကို အပေါ်စီးမှ ခုခံတိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ မင်းလှ ခံတပ် နဲ့ ကွေ့ချောင်းခံတပ်တို့ကို တည်ဆောက်ခဲ့ ခြင်းဖြစ်ပါတယ်။
ဒီခံတပ်များကို မြန်မာသက္ကရာဇ် ၁၂၂၂-၂၃ ခုနှစ် မှာ ကနောင်မင်းသား
ကြီး ဦးဆောင်ကာ ပြင်သစ်နဲ့ အီတာလျံလူမျိုး အင်ဂျင်နီယာများနဲ့
နိုင်ငံခြားပညာတော်သင်ပြန် မြန်မာအင်ဂျင်နီယာလူငယ်များက ပူးပေါင်းတည်ဆောက်ခဲ့ပြီး ၁၂၂၅ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။
မင်းလှ ခံတပ်ဟာ မင်းလှမြို့ ဧရာဝတီမြစ်ကမ်းထိပ်မှာ တည်ရှိပြီး ပုံစံကတော့
လေးထောင့်စတုရန်းဆန်ဆန်ဖြစ်ပါတယ်။ မင်းလှခံတပ်ကိုမြေပေါ်တွင် တည်ဆောက်ထားပြီး တစ်ဖက်ကမ်းက ကွေ့ချောင်းခံတပ်ကိုတော့
မြေတွင်းမှာတည်ဆောက်ထားပါတယ်။ ခံတပ်များတည်ဆောက်ရာ
၌ ဖော်စပ်သောအင်္ဂတေတွင် ထုံး၊ သဲ၊ ရေ၊ ထန်းလျက်၊ အုံတုံ၊ ကျွဲကော်များ ရောစပ်၍ မောင်းစင်တွင် ထည့်ထောင်းရာစေးချွဲမှ ယူပြီး
လျှင် နံရံတွင် ပစ်ကြည့်ကြောင်း၊ ပစ်၍ကွာမကျပဲ ကပ်နေမှ အင်္ဂတေအ
ဖြစ် အသုံးပြုကြောင်း သိရပါတယ်။
အကျယ်အ၀န်းကတော့ ခံတပ်အပြင်အလျားမှာ ၁၇၃ ပေ ၇ လက်မ၊ အပြင်နံရံမှာ ၁၃၁ ပေ ၄ လက်မ ရှိပြီး အတွင်းအလျားမှာ ၁၀၈ ပေ ၈ လက်မ၊ အနံမှာ ၈၈ ပေ ၄ လက်မ ဖြစ်ပါတယ်။ မြောက်ဘက်တွင်
ထူးထူးခြားခြား ပထမနံရံအုတ်ရိုးကို အပြင်မှ အတန်ခွာ၍ အုတ်ရိုး တစ်ထပ်ထက်၍ ကာရံထားပါတယ်။ နံရံအထူမှာ ၁၇ ပေ ၃ လက်မရှိပြီး အုတ်ရိုး၏ အမြင့်မှာ အတွင်း ၂၃ ပေ ၅ လက်မ၊ အပြင် ၂၅ ပေ ၉ လက်မ ရှိပါတယ်။ ဒီခံတပ်မှာ တံခါးပေါက်ပေါင်း ၁၆ ပေါက် အပြင် လှေကားကြီး
၎ စင်းလည်း ပါရှိပါတယ်။ ခံတပ်အောက်ဘက်မှာတော့ စစ်သည်များ
နေထိုင်ရန် နှင့် ရိက္ခာ သိုလှောင်နိုင်ရန် အခန်းပေါင်း ၂၁ ခန်း ပါရှိပါ
တယ်။ ခံတပ် နှစ်ခုစလုံး တန်ဖိုးမှာ ဒေါင်းဒင်္ဂါး ကျပ်ပြားရေ ငွေတော် ၇ သိန်းကျော် ကုန်ကျခဲ့တယ် လို့ သိရပါတယ်။
၁၂၄၇ တန်ဆောင်မုန်းလဆန်း ၈ ရက်တွင် အင်္ဂလိပ်ဗိုလ်ချုပ် ပရင်ဒါဂတ်
(Prendergast) ဦးဆောင်တဲ့ အင်္ဂလိပ်စစ်တပ်များဟာ အင်္ဂလိပ်-မြန်မာ နယ်ခြားဖြစ်
သော ဒဂုံမော်ကျောက်တိုင်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပါတယ်။ မြန်မာ့လွှတ်တော်၏ အင်္ဂလိပ်ကို ခုခံရင် သူပုန် ဟူသောအမိန့်တော်
ကြောင့် မည့်သည့်နေရာတွင်မှ အင်္ဂလိပ်တို့ဟုတ်တိပတ်တိ မခုခံခဲ့ပါ
ချေ။ သို့သော် မင်းလှခံတပ်က မင်းကြီးမဟာသမိန်ဘရမ်း (မင်းလက် ၀ါးကြီး)၊ လှေသင်းဗိုလ် မင်းလှရဲခေါင်တို့ကတော့ အမိန့်တော်ကိုမနာ
ခံပဲ အင်္ဂလိပ်တို့ကိုနောက်ဆုံးအချိန်ထိ အလျော့မပေးပဲ အသေခံကာ တိုက်ခိုက်ကြဖို့ မြန်မာတပ်များကို အမိန့်ပေးခဲ့ပါတယ်။ မင်းလှခံတပ် တိုက်ပွဲတွင် မြန်မာဘက်မှ မင်းထင်မင်းလှရဲခေါင်သူရိန်နှင့် တပ်သား ၅၀၀ ကျော်တို့က အမြောက်ကြီး ၃၅ လက်၊ ဓား၊ သေနတ်၊ မီးပေါက်တို
့ဖြင့် ခုခံတိုက်ခိုက်ခဲ့သည်ဟု မင်းလှခံတပ်မှတ်တမ်း ကျောက်စာတိုင်တွင်
ဖော်ပြထားပါတယ်။
သို့သော် မည်မျှပင်ရဲဝံ့စေကာမူ လူအင်အား၊ လက်နက်အင်အား၊ နည်းပ
ရိ ယာယ် ကွာခြားမှုများကြောင့် နောက်ဆုံးမှာတော့ မင်းလှခံတပ်ကျ သွားခဲ့ပါတယ်။တိုက်ပွဲအပြီးမှာ မြန်မာဘက်မှ ၁၇၀ ကျဆုံးပြီး ၂၇၆
ယောက်အဖမ်းခံခဲ့ရပြီး အင်္ဂလိပ်တို့ဘက်မှ စစ်ဗိုလ်တစ်ယောက် အပါအပါအ၀င် ၈ ယောက် ကျဆုံးပြီး ၂၃ ယောက် ဒါဏ်ရာ ရခဲ့ပါတယ်။ ကျဆုံးစစ်ဗိုလ်ဂျူရီရဲ့ ဂူမှာ ယခုတိုင် မင်းလှမြို့ မှာရှိပါသေးတယ်။ မင်းလှခံတပ်ကို အင်္ဂလိပ်တို့က ၁၉၀၄ ခုနှစ်တွင် ဈေးအဖြစ် အသုံးပြုခဲ့ ပါတယ်။ ယခုအခါတွင်တော့ သမိုင်းဝင်မင်းလှခံတပ်ဟာ နှစ်ကာလ
ကြာမြင့်ခြင်း၊ မြစ်ရေတိုက်စားခြင်း၊ ထိန်းသိမ်းမှုအားနည်းခြင်းတို့
ကြောင့် အတော်အတန်ပျက်စီးနေပြီ ဖြစ်ပါတယ်။
နောက်ဆုံးအချိန်ထိ ဒူးမထောက်လက်မမြှောက်တိုက်ပွဲဝင်ခဲ့တဲ့ မြန် မာတို့ရဲ့စိတ်ဓာတ်ကို နှစ်ပေါင်း ၁၀၀ ကျော်တိုင်အောင် ပြသနေတဲ့ မင်းလှခံတပ်အကြောင်းကို ဗဟုသုတအဖြစ်ရှာဖွေတင်ပြလိုက်ပါ
တယ်။
Ref:
တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ နှင့် မင်းလှခံတပ် - သမိုင်းသုတေသီများ
မြန်မာ့ စွယ်စုံကျမ်း အတွဲ ၉
မင်းတပ်ခံတပ်ကြီး၏ သမိုင်းပုံရိပ် - မကွေးလှမြင့်
https://www.facebook.com/ayesaycommm/posts/454511341387643
https://www.facebook.com/ayesaycommm/posts/454511341387643
No comments:
Post a Comment