ရက်မစေ့ဘဲ စောမွေးသော ကလေးများသည် နေ့စေ့လစေ့ မွေးသော ကလေးများနှင့် ယှဉ်လျှင် ငယ်စဉ်မှာ ဉာဏ်ရည် နည်းတတ်ကြသလို အရွယ် ရောက်လာသည့် အခါတွင်လည်း ၀င်ငွေ နည်းတတ်ကြကြောင်း အင်္ဂလန်နိုင်ငံ ၀ါးဝစ်ခ် တက္ကသိုလ် သုတေသန တစ်ရပ်အရ သိရသည်။
သုတေသန အတွက် Nuffield ဖောင်ဒေးရှင်းက ရန်ပုံငွေ ထောက်ပံ့ပေးခဲ့သည် ၁၉၅၈ မှ ၁၉၇၀ ကြားတွင် ဗြိတိန် နိုင်ငံတစ်ဝန်း မွေးဖွားခဲ့သော ကလေးပေါင်း တစ်သောင်းခွဲ၏ မွေးဖွားသည့် အချက် အလက်များက စပြီး ဘ၀တစ်လျှောက် လူမှုစီးပွား အချက်အလက်များကို စာရင်း ကောက်ကာ လေ့လာခဲ့ကြသည်။
ကိုယ်ဝန် သက်တမ်း (၃၇) ပတ် မပြည့်ခင် စောမွေးသော ကလေးများကို နေ့စေ့လစေ့ မွေးသော ကလေးများနှင့် ယှဉ်ကြည့်သည့်အခါ ကျောင်းသားအရွယ်တွင် စောမွေးသော ကလေးများသည် သင်္ချာဥာဏ်စွမ်း သိသိသာသာ လျော့နည်းနေကြောင်း တွေ့ခဲ့ရသည်။
ထိုသင်္ချာ ဥာဏ်စွမ်းနိမ့်ပါးခြင်းသည်ပင် အရွယ်ရောက်သည့်အခါ ဘ၀အတွက်ပါ အတွက်အချက် ညံ့ဖျင်းပြီး ငွေကြေးရရှိမှု နည်းပါးစေခြင်း အဓိက အကြောင်းရင်း ဖြစ်ကြောင်း သုတေသီများက ဆိုသည်။
စောမွေးသော ကလေးများ၏ (၃၂ ဒသမ ၅) ရာခိုင်နှုန်းသည် အရွယ်ရောက်သောအခါ ၀င်ငွေနိမ့် ကာယ လုပ်သားများ ဖြစ်လာကြ သည်။ နေ့စေ့လစေ့ မွေးဖွားသော ကလေးအစုထဲတွင်ကား ကာယအလုပ် လုပ်ရသူက (၂၅) ရာခိုင်နှုန်းသာ ရှိသည်။ နေ့မစေ့ဘဲ မွေးသူများ၏ (၃ ဒသမ ၃) ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ ဖြစ်နေကြချိန်တွင် နေ့စေ့လစေ့ မွေးသူများထဲတွင် ကား (၂ ဒသမ ၅) ရာခိုင်နှုန်းသာ အလုပ် လက်မဲ့ ဖြစ်နေသည်ကို တွေ့ရသည်။
စောမွေးသော ကလေးများထဲတွင် အရွယ်ရောက်သောအခါ မိသားစု ၀င်ငွေသည် ပျမ်းမျှနှုန်းထက် နိမ့်ပါးနေသူက (၅၇ ဒသမ ၆) ရာခိုင်နှုန်း ရှိနေချိန်တွင် နေ့စေ့ လစေ့ မွေးသော ကလေး များထဲတွင်ကား (၄၉ ဒသမ ၁) ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ရသည်။
ယခုစစ်တမ်းကို ထောက်ရှုခြင်းဖြင့် စောမွေးလာသော ကလေးများကို ကျောင်းများတွင် ပိုဂရုစိုက် အားထုတ် သင်ကြား ပေးသင့်သည် ဟူသော အသိကို ရစေသည်ဟု စစ်တမ်း အဖွဲ့ခေါင်းဆောင် ပါမောက္ခ ဒိုင်ယတ်တာ ၀ိုကီက ပြောသည်။
စစ်တမ်းရလဒ် အပြည့်အစုံကို Psychological Science ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
messenger news journal
http://www.searchmyanmar.com/link/comment/cid/53864
No comments:
Post a Comment