“၀စီကံနဲ့ ပတ်သက်တဲ့ အကြောင်းကိုအကျယ်တ၀င့် ရှင်းလင်းပေးပါ ဘုရား။”
ဒိဝါတပတိဂါထာကို တပည့်တော်လည်း တစ်နေ့(၉)ခါ အမြဲတမ်းရွတ်ဖတ်ပါတယ် ဘုရား။အခုလို အကျယ်တဝင့်ရှင်းပြတဲ့အတွက်ကျေးဇူးအနန္တပါဘုရား။
အခုတပည့်တော်မေးချင်တာကိုမေးခွင့်ပြုပါ။ကံ (၅)ပါး ရှိတဲ့အနက် လူတွေက ဝစီကံကို
အလကားရတယ် ဘယ်သူ့မှ မထိခိုက်ဘူးဆိုတဲ့သဘောနဲ့ တွင်တွင်ကျယ်ကျယ် ပြောဆိုလေ့
ရှိပါတယ် ဘုရား။ ဝစီခံတစ်ခုကြောင့် မဟုတ်ဘဲနဲ့ဘဝမှာထိခိုက်တဲ့သူတွေ အများကြီးရှိပါတယ် ဘုရား။
ဒီအကြောင်းကိုလည်း အကျယ်တဝင့် ဟောပေးပါဦးအရှင်ဘုရား။ ရိုသေရို့ကျိုး ကျိုးနွံ့သော စိတ်ထားဖြင့်
လျှောက်ထားအပ်ပါသည် အရှင်ဘုရား။ ယမင်းသူ(ရန်ကုန်)
မေးထားတာကိုမဖြေခင် မေးခွန်းထဲမှာတစ်ချို့လွှဲနေတာလေးတွေပြောပါဦးမယ်။
ကံငါးပါး ရှိသည့်အနက်ဆိုရာမှာ အရပ်ထဲမှာပြောပြောနေကြတဲ့ ပါဏာတိပါတ စတဲ့
ကံငါးပါးကို ဆိုလိုတာဖြစ်ပါမယ်ထင်ပါတယ်။တကယ်က ပါဠိစာပေမှာတော့
“ကာယကံရယ်၊ ၀စီကံရယ်၊ မနောကံရယ်”ဆိုပြီးကံသုံးပါးပဲ ရှိပါတယ်။
အစ်မတော် မေးလိုရင်းက ကံသုံးပါးထဲမှာပါတော့ဝစီကံနဲ့ ပတ်သက်ပြီး ပါဏာတိပါတ စတဲ့
သီလသိက္ခာပုဒ်ထဲက မုသာဝါဒနဲ့ဆက်စပ်ပတ်သက်မယ်လို့ ထင်ပါတယ်။
ဒါကြောင့် မုသာဝါဒ သီလသိက္ခာပုဒ်နဲ့ ပတ်သက်ပြီးတောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီး
ရေးသားထားတော်မူတဲ့ ကိုယ်ကျင့်အဘိဓမ္မာထဲကစာသားလေးနဲ့ စလိုက်ပါမယ်။
လောက၀ယ် အလိမ်ခံရသော ဆင်းရဲလည်း“ပျော့ပျော့ နှင့် နံ”ဆိုသလို အတော့်ကို
အခံရခက်သော ဆင်းရဲတစ်မျိုးတည်း။ထိုအလိမ်ခံရသည့်အတွက် အကျိုးပျက်စီးရပုံတို့မှာ
မျက်မြင်အားဖြင့် ထင်ရှားရုံသာမက လိမ်သူကစွမ်းလှလျှင် နိုင်ငံတစ်ခုလုံးကို ပင်ရအောင်
လိမ်နိုင်ကြသဖြင့် မည်မျှလောက် နစ်နာကြသည်ကိုစဉ်းစားကြလေတော့။
ယခုခေတ် ဘာသာအမျိုးမျိုး၏ ဆရာအမျိုးမျိုးတရားတွေကြောင့် (ဗုဒ္ဓဘာသာတရားတော်အရဆိုလျှင်)
မြော်မြင်မှန်းဆ၍ မကုန်နိုင်သော ဆင်းရဲကိုလည်းအမှားလမ်း လိုက်မိသူတိုင်း တွေ့ရတော့မည်။
ထို့ကြောင့် မုသာဝါဒမှ ရှောင်ကြဉ်မူသီလလည်းတစ်ယောက် နှစ်ယောက်မှစ၍ ကမ္ဘာသူကမ္ဘာသားတို့၏
ဒုက္ခကို မုချ စောင့်ရှောက်ရာရောက်ပေသည်။
(ဤနေရာဝယ် ဗုဒ္ဓဘာသာဝင်ထဲမှ တချို့တရားဟောဆရာတွေ ညာနေပုံ၊ ဉာဏ်မရှိသူ
လူအများပင် ထိုအညာဆရာကို အထင်ကြီးပုံကိုပါစဉ်းစားကြပါလေ။)
(ကိုယ့်ကျင့် အဘိဓမ္မာ) လို့ဆရာတော်ဘုရားကြီးက ကိုယ်ကျင့်အဘိဓမ္မာမှာ
မုသာဝါဒ= “လိမ်လည်ပြောဆိုတာဟာဘယ်လောက်ပြစ်များသလဲ” ဆိုတာ လူတိုင်း၊လူတိုင်း
ဆင်ခြင်နိုင်အောင် ဆုံးမခဲ့ပါတယ်။
တစ်ခါ မုသာဝါဒ= လိမ်လည်ပြောတာနဲ့ ပတ်သက်ပြီးဆရာတော်ကြီးရေးသားထားတဲ့
“မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ ၊သွားမညီတည်း၊ ပုတ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊
ဣနြေ္ဒနောက် ၊ ပုတ်ယွင်းပေါက်၏၊မရောက်သြဇာ။နှုတ်လျှာ ကြမ်းထော်၊ လျှပ်ပေါ်လော်လီ၊
စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန် အကျိုးတည်း၊”ဆိုတဲ့ လင်္ကာလေးကလဲ မှတ်သားဖွယ်ရာပါ။
အဓိပ္ပါယ်က လိမ်ပြောတဲ့သူများဟာ စကားမပီပါဘူးတဲ့။သွားလဲမညီမညာ ဖြစ်တတ်ပါတယ်။
တစ်ချို့သွားမညီမညာနဲ့ သွားခေါနေတဲ့သူတွေတွေ့ဖူးမှာအဲဒါဆိုရင် သေချာပါပြီ။
အရင်ဘ၀တွေတုန်းက လိမ်ညာပြောခဲ့တာများလို့ကောက်ချက်လို့ရပါမယ်။သွားတွေ ဘယ်လောက်တိုက်တိုက်၊သွားတိုက်ဆေးအကောင်းစားတွေ ဘယ်လောက်လောက်
သုံးသုံး ပါးစပ်က အပုတ်နံ့တွေလှိုင်နေရင် အဲဒီသူဟာလဲအလိမ်အညာတွေ များခဲ့လို့ပါပဲ။
အသားအရေလှပဖို့ လိုရှင်းတွေ ဘယ်လောက်သုံးသုံးအသားအရေတွေ မွဲမွဲခြောက်ခြောက် ဖြစ်နေရင်လဲ
အလိမ်အညာ၊ အပလီအခရာ တွေများခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့တာသေချာတာပါပဲ။
တစ်ခါ သူငယ်ချင်းတွေကြားမှာ၊ အဖွဲအစည်းထဲမှာ၊ကိုယ့်အိမ်မှာ အသက်ကြီးပေမယ့် သြဇာအာဏာ
မသက်ရောက်ရင်လဲ အဲဒီလူဟာ အရင့်အရင်ဘ၀တွေကသူများကို လိမ်ညာခဲ့လို့ပါ။
စကားပြောတဲ့အခါ အများနဲ့ပြောဆိုတဲ့အခါ စကားလုံးတွေမယဉ်မကျေးနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေရင်၊
နေတာထိုင်တာ မယဉ်မကျေးရင် သေချာပါတယ်။အဲဒီလိုလူမျိုးဟာလဲ အရင့်အရင်ဘ၀တွေက
မုသားစကားတွေ လှိုင်လှိုင်သုံးခဲ့သူတစ်ယောက်ပါ။
ပြောခဲ့တာလေးတွေကို ပိုပြီးထင်ရှားသွားအောင်ပေတ၀တ္ထုမှာလာတဲ့ ဇာတ်လမ်း လေးတစ်ပုဒ်နဲ့
ပြောပြချင်ပါသေးတယ်။မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ဝေဠုဝန်
ကျောင်းတော်မှာ သီတင်းသုံးနေတော် မူစဉ်မှာ၊ဂိဇ္ဈဂုတ်တောင်မှာသီတင်းသုံးတဲ့ အရှင်နာဒရက
မနက်စောစော ကိုယ် လက်သုတ်သင်ပြီးဆွမ်းခံကြွဖို့ သပိတ်ပြင်ပြီး တောင်ဆင်းလမ်းအတိုင်း
ကြွလာပါတယ်။လမ်းတစ်ဝက်အရောက်မှာ ခန္ဓာကိုယ်ကရွှေရောင်လိုဝါ၀င်းပြီး မျက်နှာကြတော့
ဝက်မျက်နှာနဲ့ တူတဲ့ ပြိတ္တာတစ်ကောင်းကိုကိုယ်တိုင်မျက်မြင် တွေ့ပါတယ်။
တွေ့တော့ မထေရ်က“အိုပြိတ္တာ သင်ရဲ့ ခန္ဓာကိုယ်က ရွှေအဆင်းလိုဝါ၀င်းပြီး
အရပ်လေးမျက်နှာ ထွန်းလင်းနေတယ်။သင့်ရဲ့မျက်နှာကတော့ ၀က်လိုပါလား။
ဘယ်လိုမကောင်းမှုကြောင့် ခုလိုဖြစ်လာရတာလဲ”လို့မေးပါတယ်။
အရှင်နာဒရမေးတော့ ပြိတ္တာကပြန်ပြီး“မှန်လှပါ အရှင်နာဒရဘုရား တပည့်တော်သည်၊
ကာယကံမှု=ကိုယ်ဖြင့် လွန်ကျူးမည့်အမှုတွေကို
စောင့်စည်းခဲ့ပါတယ်။ဒါပေမယ့် ၀စီကံ=နှုတ်နဲ့လွန်ကျူးတဲ့ အမှုအကုသိုလ်တွေကို မစောင့်စည်းခဲ့ပါ။
လွန်ကျူးခဲ့ပါတယ်။ဒါကြောင့် တပည့်တော်ဟာ အခုအရှင်ဘုရားမြင်နေရတဲ့အတိုင်း ကိုယ်မှာတော့
ရွှေရောင်အဆင်းလို လင်းနေပြီး၊မျက်နှာဟာဝက်နဲ့တူနေရတာပါ ဘုရား” လို့
ပြန်လည်လျှောက်ထားပါတယ်။တစ်ခါ ပြိတ္တာက ဆက်ပြီး
“အရှင်ဘုရား အခုအရှင်ဘုရားမျက်မှောက် ထင်ထင်တပည့်တော်အဖြစ်ကို တွေ့မြင် နေရပါပြီ။
နှုတ်နဲ့ပတ်သက်ပြီး မကောင်းမှုတွေကို မပြုပါနဲ့။ဝက်မျက်နှာလို မဖြစ်စေပါနဲ့ အရှင်ဘုရားလို့”
လျှောက်ထားပါသေးတယ်။ ။
ပြောပြခဲ့တဲ့ဇာတ်လမ်းလေးကို ပြန်ကြည့်ရင်“၀စီဗေဒ ထိတိုင်းရှ”ဆိုသလိုပါပဲ။
ဝစီဗေဒကြောင့် ၀က်မျက်နှာကြီးနဲ့ တူနေရပါတယ်။ဒါကြောင့် တတ်နိုင်သမျှ ၀စီကံကို ရှောင်ရှားနိုင်ရင်
အကောင်းဆုံးပါ။
ဝစီကံဆိုတော့ ၀စီကံနဲ့ဆက်စပ်တာလေးတွေ ဆက်ပြောပြချင်ပါသေးတယ်။
ဝစီကံက “လေးမျိုး” တောင် ရှိပါတယ်။
❖(၁)။ မုသာဝါဒ= လိမ်ပြောတာ၊
❖(၂)။ပိသုန၀ါစာ= ဂုံးတိုက်တာ၊
❖(၃)။ဖရုသ၀ါစာ= စကားလုံး ကြမ်းကြမ်းတမ်းတမ်းတွေပြောဆိုတာ၊
❖(၄)။သမ္ဖပ္ပလာပ= အကျိုးမဲ့ရှိတဲ့ စကားတွေပြောနေပြီးအချိန်ဖြုန်းနေတာ။
မုသာဝါဒ= လိမ်ပြောတာနဲ့ ပတ်သက်လို့ကအထက်မှာ ရှင်းပြခဲ့ပါပြီ။
ပိသုန၀ါစာ = ဂုံးတိုက်တယ်ဆိုတာ ချစ်သူ
အချင်းအချင်းသွေးခွဲတာ၊ သူငယ်ချင်းအချင်းအချင်းတစ်ယောက်နဲ့ တစ်ယောက် ကွဲသွားအောင်
သွေးထိုးစကားတွေဆိုတာတွေဟာ ပိသန၀ါစာတွေပါပဲ။
ဖရုသ၀ါစာ= စကားလုံးကြမ်းကြမ်းတွေ ပြောတာကတော့အားလုံးသိပြီးသားပါ။
ငါးစိမ်းသည်တွေလို အော်ကြီးဟစ်ကြယ် ပြောဆိုတာ။ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြား ပြောဆိုတာတာတွေပေါ့။နောက်တစ်ခါ ဆဲရေးတိုင်းထွာတာတွေလဲပါပါတယ်။
သမ္ဖပ္ပလာပ= အကျိုးမရှိတဲ့ စကားတွေ ပြောနေတာကတော့
လောကုတ္တရာနဲ့ ဘောင်မ၀င်တဲ့ စကားတွေပါ။ဟိုမင်းသမီးလေးက ဘယ်လိုလေ၊
ဟိုမင်းသားလေးက ဘယ်သူနဲ့တဲ့။ကိုရီးယားမင်းသားလေး က ဘယ်လိုစတဲ့
စကားလုံးမျိုးတွေပါပဲ။
ခုပြောပြပေးခဲ့တာတွေက ၀စီကံနဲ့ ပတ်သက်ပြီးဖြစ်နိုင်တဲ့ အကုသိုလ်တွေပါ။
အကုသိုလ်တွေ မဖြစ်ချင်ဘူးဆိုရင်ပြောင်းပြန်ကျင့်သုံးလိုက်ရုံပါပဲ။
(၁)။လိမ်မပြောဘဲ မှန်မှန်ကန်ကန်ပြောဆိုမယ်။
(၂)။ဂုံးမတိုက်ဘဲ နေမယ်။
(၃)။စကားလုံးကြမ်းကြမ်းနဲ့ မိုက်ရိုင်းတဲ့စကားတွေမပြောပဲ ချိုချိုသာသာပြောမယ်။
(၄)။အကျိုးမရှိတဲ့ စကားတွေမပြောဘဲ၊အကျိုး ရှိတာတွေပြောဆိုမယ်။
ဒါဆိုရင် ၀စီကံနဲ့ပတ်သက်ပြီး
ကောင်းတာတွေ ဖြစ်လာမှာပေါ့။ရှေးသူဟောင်းများ ပြောသလိုပါပဲ။
“ချစ်စေလို ခံတွင်းလက်လေးသစ်၊မုန်းစေလို ခံတွင်း လက်လေးသစ်” တဲ့။
ကောင်းအောင်လုပ်တာလဲ ဒီလက်လေးသစ်ရှိတဲ့လျှာလေးပါပဲ။ဆိုးအောင် လုပ်နေတာလဲ
လက်လေးသစ်ရှိတဲ့ ဒီလျှာလေးပါပဲ။
❖(၁)။ဒါကြောင့် ပြောတော့မယ်လို့ ကြံတိုင်း အရင်ဆုံး၊“ငါပြောမယ့် စကားတွေဟာ ငါ့အတွက်၊ ဒါမှမဟုတ်
သူ့အတွက်၊ ဒီလိုမှမဟုတ် ငါရော၊သူရောနှစ်ယောက်လုံးအတွက် အကျိုးရှိတဲ့ စကားလား၊
အကျိုးမဲ့မယ့်စကားတွေလား” လို့ စဉ်းစားလိုက်ပါ။အကျိုးရှိမယ်ဆိုရင် ပြောလိုက်ပါ။
အကျိုးမဲ့မယ်ဆိုရင် မပြောပဲနေလိုက်ပါ။
❖(၂)။နောက်တစ်ခါ ပြောနေတုန်းမှာလဲ“ငါပြောနေတဲ့ စကားတွေဟာ သူ့အတွက်၊
ဒါမှမဟုတ် ငါ့အတွက်၊ ဒီလိုမှမဟုတ် သူရောငါရောနှစ်ယောက်လုံးအတွက် အကျိုးရှိတဲ့စကားတွေလား။
အကျိုးမဲ့တဲ့စကားတွေလား၊”စဉ်းစားလိုက်ပါ၊ အကျိုးများမယ်ဆိုရင် ပြောလိုက်ပါ။
အကျိုးမများအလကားဆိုရင် မပြောပဲရပ်လိုက်ပါ။
❖(၃)။နောက်ဆုံး ပြောပြီးသွားပြန်ရင်လဲ“ငါပြောခဲ့တဲ့ စကားတွေဟာ ၊ ငါ့အတွက်၊
ဒါမှမဟုတ် သူ့အတွက်၊ ဒီလိုမဟုတ် ငါရောသူရောနှစ်ဦးလုံးအတွက် အကျိုးများခဲ့သလား၊ အကျိုးမများပဲ
အလကားစကားတွေလား”လို့ ပြန်တွေးလိုက်ပါ။တကယ်လို့ အကျိုးများရင် အသာထားလိုက်ပါ။
အကျိုးမများ အလကားဆိုရင် ကိုယ်ပြောပြီးသားစကားတွေကို ပြန်လည်ရုတ်သိမ်းလိုက်ပါ။
ဒီလိုလေးတွေ လိုက်နာကျင့်သုံးလိုက်ပါရင်ဝစိဗေဒ ထိတိုင်းရှကနေ လွတ်မြောက်နိုင်မည်
ဖြစ်ပါကြောင်း စေတနာကောင်းဖြင့်အကြောင်းပြန်လိုက်ပါတယ်။
-【ရွှေမန်းသား အရှင်အကုင်္ရ】
[ကျမ်းကိုး- ရာဟုလောဝါဒ သုတ္တန်၊ခုဒ္ဒကနိကာယ် သုကရမုခပေတ၀တ္ထုပါဠိတော်၊
အဋ္ဌကထာ၊ကိုယ်ကျင့်အဘိဓမ္မာ(တောင်မြို့ဆရာတော်)]
Posted by►
youngbuddhistassociation.mm
http://www.searchmyanmar.com/link/comment/cid/53478