အလုပ်ခွင်ဟူသည် အလုပ်လုပ်ဖို့သွားသောနေရာ ဖြစ်၏။ သို့ဖြစ်သည့်တိုင် တစ်နေ့တာ အလုပ်ချိန်အများစုတွင် အကျိုးမရှိ မထိရောက်သော ကိစ္စများအတွက် ကုန်ဆုံးနေရချေသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ဟာသလိုလို၊ တကယ်လိုလို သတင်းတစ်ပုဒ် ထွက်ခဲ့ဘူးသည်။ ထိုသတင်းသည် လူမှုဘ၀ကို တစ်ပတ်ပြီး တစ်ပတ်ရစ်ပတ် ချုပ်နှောင်လာနေသော ယနေ့ အလုပ်ခွင် ဘ၀ကိုလည်း အကောင်းဆုံး ထင်ဟပ်သဖြင့် လူအများကြား ရေပန်းစားခဲ့ဘူးသည်။ ရုံးစားပွဲမှာ ထိုင်ရင်း လူတစ်ယောက် သေဆုံးနေသည်ကို ငါးရက်ကြာမှ ဘေးလူများ သတိထားမိသည်ဟူသော သတင်းဖြစ်၏။
လူတွေသေလျှင် အများအားဖြင့် သတိထားမိကြတာများသည်။ အထူးသဖြင့် အလုပ်ခွင်လို နေရာမျိုးမှာ ထိုင်လျက် သေဆုံးနေတာမျိုးကို ပို၍ပင် သတိထားမိလိမ့်ဦးမည်။ ငါးရက်ကြာမှ ဘေးလူများ သတိထားမိသည်ဟူသော အဖြစ်ကြောင့် အထူးအဆန်းသဖွယ် ဖြစ်ခဲ့သလို၊ ယနေ့ အလုပ်ခွင်များ၏ ဖိအားများမှုနှင့် သဘာဝမကျမှုများကိုလည်း သတိထားမိ စရာ ဖြစ်လာသည်။
နောက်တစ်ချက်မှာ ထိုင်နေသူသည် သေနေလား၊ ရှင်နေလားကိုပင် ခွဲမရနိုင် လောက်အောင် ယနေ့ အလုပ်ခွင်များသည် အခြေအနေ ဆိုးနေပြီလားဆိုတာလည်း လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခြုံငုံမေးခွန်း ထုတ်စရာ ဖြစ်လာသည်။
ထိုသတင်းသည် မှန်ချင်မှလည်း မှန်လိမ့်မည်။ တမင် အရွဲ့တိုက်ထားသော သတင်းမျိုးလည်း ဖြစ်နိုင်သည်။ မည်သို့ပင် ဆိုစေ စာဖတ်သူ အပါအ၀င် ထိုသတင်းကို ကြားရသူ အများစုကြီးသည် ပခုံးတွန့်ကာ ဟုတ်လောက်ပေတယ်ဟု မိမိဘ၀နှင့် ယှဉ်တွေးကာ ထောက်ခံဖြစ်ဖို့ များသည်။
ထိုသတင်းသည် ယနေ့ အလုပ်ခွင်ဘ၀ကို ဘာကြောင့် ထင်ဟပ်ရသနည်း။ ထင်ဟပ်စေသည့် နောက်ခံ အကြောင်းရင်း များကလည်း ရှိနေပါသည်။
နာရီများစွာ ဆက်တိုက် အလုပ်လုပ်ခြင်း၊ နေ့များစွာ ဆက်တိုက် အလုပ်လုပ်ခြင်းဟူသည် ယနေ့ကာလအဖို့ ကြားနေ မြင်နေကျ ကိစ္စတစ်ခုလို ဖြစ်လာသည်။ ထိုမျှ အလုပ်ချိန် များနေခြင်းကို ဘိုးဘွားများခေတ်တုန်းက ရူးသွပ်မှုဟု သတ်မှတ် ခဲ့ကြမည်ဖြစ်သော်လည်း ယနေ့အဖို့ကား တွေ့နေမြင်နေကျ မဆန်းတော့သော ကိစ္စ တစ်ခုလို ဖြစ်လာပြီ။
ဗြိတိန်နိုင်ငံသားတစ်ယောက်သည် တစ်နှစ်လျှင် ပျမ်းမျှ ၃၆၅ ရက်သော အချိန်များကို အလုပ်နှင့် ပတ်သက်သော အီးမေးများပြန်ကြားရန် အသုံးပြုနေရသည်။ လန်ဒန် ရုံးဝန်ထမ်းတစ်ယောက်သည် တစ်နှစ်လျှင် ပျမ်းမျှ အီးမေး အစောင် ကိုးထောင် လက်ခံရရှိနေသည်။ ရလဒ် အဖြစ်ကား အလုပ်ခွင်သည် ကိုယ်ပိုင်အချိန်ထဲသို့ပါ ထိုးဖောက် ၀င်ရောက်လာတော့သည်။ လေ့လာမှုစစ်တမ်းတစ်ရပ်အရလည်း အလုပ်ရှင် ၈၀ ရာခိုင်နှုန်းအထိသည် အလုပ်ချိန်ပြင်ပတွင်ပါ ၀န်ထမ်းကို ဖုန်းခေါ်ပြီး အလုပ်ကိစ္စပြောဖို့ ၀န်မလေးကြောင်း သိရသည်။
ရုံးနဲ့အိမ် အသွားအပြန် ကိစ္စကလည်း လန့်စရာကောင်းလောက်အောင်ကို အချိန်ကုန်သည်။ ပျမ်းမျှ ဗြိတိန် ရုံးဝန်ထမ်း တစ်ယောက်သည် တစ်သက်တာတွင် ၁၈ လကို ရုံးသွားရုံးပြန် ကားပေါ် ရထားပေါ်တွင် အချိန်ကုန်သည်။ ကားပေါ် ရထားပေါ်က အခြေအနေသည် အများအားဖြင့် ငွေကုန်ကြေးကျလည်း များသလို၊ စိတ်ကိုလည်း ဖိစီးစေ၏။
ရလဒ်အဖြစ်ကား အလုပ်ကြောင့် ဖြစ်သော မကျန်းမာမှုတွေ လိုက်လာသည်။ ယနေ့ ရုံးဝန်ထမ်းများတွင် နေ့စဉ် လုပ်စရာစာရင်းတွေက တသီတတန်းကြီး ရှိနေသည်။ ထိုအရာများသည် စိတ်ကို ဖိစီးဒဏ်ရာရကာ လူကိုပါ မကျန်းမာစေသော လက်သည်တရားခံများ ဖြစ်၏။
နိုင်ငံများ စီးပွားကျပ်နေလျှင် ပိုဆိုးသည်။ အလုပ်အကိုင် ရှားပါးလာလျှင် လူအများသည် အလုပ်ခွင် ရွေးမနေနိုင်တော့ဘဲ ကိုယ်စိတ် သာယာမှု မဖြစ်စေသော အလုပ်ခွင်မျိုးမှာပင် ၀င်တိုး လုပ်ကိုင်ကြရတော့သည်။ မကြာသေးခင်က လုပ်ထားသော လေ့လာမှု စစ်တမ်းတစ်ရပ်အရလည်း အလုပ်ကြောင့် ကိုယ်စိတ်ပင်ပန်းမှု ကျန်းမာရေး ဆိုးကျိုးသည် ဆေးလိပ်သောက်ခြင်း ထက်ပင် ကျန်းမာရေး အတွက် ပိုဆိုးသေးကြောင်း သိရသည်။
အထက်ပါ အကြောင်းချက်များကြောင့် လုပ်ရင်းသေပုံစံကို လူတွေ စိတ်ထဲမှာ အလိုလိုကို လက်ခံထားလိုက်မိကြသည်။ ၂၀၁၃ ခုနှစ်ကလည်း Bank of America တွင် အလုပ်သင်ဝန်ထမ်း မောရစ်ဇ် အာ့ဟာ့ဒ်တ်သည် (၇၂) နာရီ ဆက်တိုက် အလုပ်လုပ်ရင်း သေဆုံးသွားခဲ့ဘူးသည်။ အလုပ်အလွန်အကျွံလုပ်ရင်း ခန္ဓာစနစ် ဖောက်ပြန်ကာ သေဆုံးမှုများအပြင် အလုပ်ကြောင့်ဖြစ်သည့် စိတ်ဖိစီးမှုကြောင့် သတ်သေမှုများလည်း ရှိသေးသည်။ ၂၀၀၈ ခုနှစ် ကမ္ဘ့ာစီးပွားရေး အကျပ်အတည်းကာလ နောက်ပိုင်းတွင် ထိုသို့ အလုပ်ခွင် စိတ်ဖိစီးမှုကြောင့် သတ်သေသူ သိသိသာသာ တိုးလာသည်။
ရုံးစားပွဲမှာ ထိုင်ရင်း လူတစ်ယောက် သေဆုံးနေသည်ကို ငါးရက်ကြာမှ ဘေးလူများ သတိထားမိသည်ဆိုသော သတင်းသည် နောက်ထပ် စိတ်ဓာတ်ကျဖွယ် အကြောင်းချက်များကိုလည်း လှစ်ပြနေသည်။ ရုံးထဲရှိ အခြားသူများအနေဖြင့် ထိုသူ စားပွဲမှာ သေဆုံးနေသည်ကို သတိပြုမိသင့်သည် မဟုတ်ပါလား။ ငါးရက်ဆိုတာ တစ်ကယ်တမ်း တွက်ကြည့်လျှင် တော်တော်ကြာသည်။ ထိုသူသည် စားပွဲမှာ မှောက်အိပ်နေသည်ဟု ထင်သဖြင့် မနှိုးကြဘူးဆိုလျှင်ပင် ထိုသူကို ခိုင်းထားသော အလုပ်များ မပြီးဘဲ ဖြစ်နေသည်ကိုတော့ အထက်လူကြီးများ သတိထားမိသင့်သည်။ အလုပ်ပြီးမြောက်မှုကို စနစ်တကျ မတိုင်းတာသောကြောင့်သာ ငါးရက်နီးပါး အလုပ်တစ်ခုမျှ မပြီးသည်ကိုပင် သတိမထားမိခဲ့။ အလုပ်ခွင်များ၏ ထိရောက်မှု၊ ၀န်ထမ်းများ၏ ထိရောက်မှုကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။
အလုပ်ခွင် တစ်နေ့ ရှစ်နာရီနှင့် တွက်လျှင်ပင် ထို ရှစ်နာရီအတွင်း တကယ်တမ်း အလုပ်နှင့်ပတ်သက်ပြီး ရာနှုန်းပြည့် ထိရောက်စွာ အလုပ်လုပ်ဖြစ်သည့်နာရီ မည်မျှ ရှိမည်နည်းက တွက်စရာ ဖြစ်လာသည်။ ထိုရှစ်နာရီအတွင်းမှာ အရေးမပါတာတွေ လျှောက်လုပ်မိနေသည့် အချိန်တွေ၊ ဟိုလူ ဒီလူတွေနဲ့ စကားလှမ်းပြောနေသည့် အချိန်တွေ၊ တောင်ရောက် မြောက်ရောက် လျှောက်တွေးနေမိသည့် အချိန်တွေ၊ ဟိုလျှောက် ဒီလျှောက် လုပ်နေသည့် အချိန်တွေ၊ အင်တာနက်မှာ အလုပ်နှင့် မပတ်သက်သောကိစ္စများ ကြည့်နေမိသည့် အချိန်တွေ၊ ရုံးရောက်ပြီး အလုပ်လုပ်ရန် အရှိန်ယူအားမွေးရင်း ကုန်သည့်အချိန်တွေ၊ ရုံးပြန်ခါနီးလျှင် ခပ်စောစောကတည်းက အလုပ်သိမ်းကာ ပြန်ချိန်ကို မျှော်နေမိသည့် အချိန်တွေ စသဖြင့် အလုပ်လုပ်ခြင်း နှင့်မဆိုင်သော ကိစ္စများအတွက် သုံးလိုက်ရသည့်အချိန်များကို ပေါင်းကြည့်လျှင် တကယ်တမ်း လုံးဝထိရောက်စွာ အလုပ်လုပ်ဖြစ်သော အချိန်ထက်ပင် များချင်များ နေနိုင်သည်။
အရေးအကြီးဆုံးနှင့် သွေးထွက်အောင်မှန်သော တစ်ခုမှာ တစ်နေ့တာ အချိန် အများစုသည် အလုပ်ရှုပ်သူဟု မိမိကိုယ်ကိုယ် လှည့်စားရအောင် မလိုတာ များဖြင့် အလုပ်ရှုပ်ရင်း အချိန်ကုန်နေခြင်း ဖြစ်သည်။ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုတာ တစ်ခုခုအတွက် အချိန်ကုန်လိုက်ရတာမျိုး တော်တော်နည်းသည်။
အလုပ်ရှုပ်ရတာကို ဂုဏ်တစ်ရပ် အဖြစ် ယနေ့ အလုပ်ခွင်လူသားများ ရှုမြင် လာကြသည်။ အလုပ်ရှုပ်သူဟူသော ဘွဲ့သည် လိုလားဖွယ်ဘွဲ့ ဖြစ်လာသည်။ ယနေ့ လူသားအများစုကြီးသည် ရာနှုန်းပြည့် အလုပ်လုပ်သော တကယ့်အလုပ် သမားဟူသော သတ်မှတ်ချက်နှင့် ကင်းကွာကြကြောင်း အထက်ပါ အချိန်ကုန်ခြင်း များကို ထောက်ရှုရုံဖြင့် သိနိုင်သည်။ ယနေ့ လူသားအများစုကြီးကား တကယ့် အလုပ်သမားနှင့်တူအောင် နေနေကြခြင်းမျှသာ ဖြစ်သည်။ ၀င်ငွေ သိပ်မကောင်းသော အလုပ်မျိုးမှသည် ၀င်ငွေမြင့် အလုပ်မျိုး အထိ မည်သည့်အလုပ်ခွင်တွင် လုပ်သူဖြစ်ပါစေ အများစုသည် တကယ့်အလုပ်သမား မဟုတ်ကြ။ တကယ့် အလုပ်သမားပုံမျိုး ပေါက်အောင် နေနေသူများသာ ဖြစ်သည်။
မကြာသေးခင်က လုပ်ထားသော အလုပ်ခွင် စစ်တမ်းတစ်ရပ်အရလည်း အမေရိကန်လုပ်သား ၃၅ ရာခိုင်နှုန်းသည် တစ်ပတ်ကို နာရီ ၈၀ လောက်ထိ အလုပ်လုပ်နေရသည်ဟု မိမိကိုယ်ကိုယ်လိမ်ညာကာ အသက်ရှင်နေကြကြောင်း သိရသည်။ အလုပ်ခွင်ထဲတွင် တကယ်ကို နာရီ (၈၀) နီးပါး အချိန်ကုန်ကြသည်မှန်သော်လည်း တကယ်တမ်း အလုပ်အတွက် အသုံးပြု ဖြစ်သည့်အချိန်မှာ မည်မျှဆိုတာ မေးခွန်း ထုတ်စရာရှိသည်။ အထက်တွင် တင်ပြခဲ့သလို အလုပ်ခွင်မှာ နေရင်းနှင့်ပင်အလုပ် နှင့် မပတ်သက်သော ကိစ္စများအတွက် အချိန်ကုန်ရခြင်းကို နုတ်လိုက်လျှင် အလုပ်များသည် မူလ ရည်ရွယ်ချက်မှ များစွာ အလှမ်းကွာကာ မလိုအပ်ဘဲ လုပ်နေကြ ခြင်းဖြစ်ကြောင်း မြင်နိုင်သည်။ ကျွန်ုပ်တို့ ဘာကြောင့် အလုပ်လုပ်ကြသနည်း။ အထင်ရှားဆုံး အဖြေကား အသက်ရှင် ရပ်တည်ဖို့ဟူ၍ ဖြစ်သည်။
အနောက်နိုင်ငံများတွင် အသစ် အသစ် ပေါ်လာနေသော အလုပ်များကို ကြည့်ပြန်လျှင်လည်း လူသား၏ ဇီဝ သဘောအရ ခန္ဓာဆက်လက် ရပ်တည်နိုင်အောင် အားထုတ်ရေး ရည်ရွယ်ချက်နှင့် လုံးဝကွာဟနေပြီကို မြင်နိုင်သည်။ ယနေ့ အလုပ်အများစုကြီးသည် ငွေဟူသော ဘောင်ချာကိုရဖို့ လုပ်ကိုင်နေရခြင်း ဖြစ်သည်။ ထိုဘောင်ချာကို တစ်ဆင့်ခံပြီးတော့မှသာ ဘ၀ဆိုတာကို ပြန်ဝယ်ယူ နေရခြင်းဖြစ်သည်။ အသက်ရှင်ရပ်တည်နိုင်အောင် အလုပ်ဖြင့် ဖြည့်ဆည်းနေကြခြင်း အခြေအနေမှ အသက်ရှင်ရပ်တည်နိုင်အောင် အလုပ်ကို မဖြစ်မနေ ပြန်ပြီး မှီခိုနေရသည့် အနေအထားသို့ ပြောင်းသွားရသည်။
လူသားတို့ မှီခိုနေရသော အလုပ်ဆိုသည့် ဒေါက်တိုင်ကရော ထာဝရ မြဲပါမည်လားဟု မေးခွန်းထုတ်စရာ ရှိသည်။ ကျွန်ုပ်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ယနေ့ လူ့အဖွဲ့အစည်းသည် အလုပ်လွန် ကာလသို့ ရောက်နေပြီ။ နည်းပညာ တိုးတက်လာမှုကြောင့် လူသားများ၏ အလုပ်များကို စက်ပစ္စည်းများက အစားထိုးဝင်ရောက်လာပြီ။ အစပိုင်းတွင် ကာယလုပ်သားများကို စက်ပစ္စည်းများ အစားထိုး ၀င်ရောက်သည်။ နောက်ပိုင်းတွင် ဥာဏ လုပ်သားများနေရာကိုပါ ယူလာမည်ကို ယနေ့ စက်ရုပ်ဦးနှောက် နည်းပညာ တိုးတက်မှုများက သက်သေခံနေပြီ။ လူသားတွေ ကြိုက်ကြိုက် မကြိုက်ကြိုက် ရှေ့အဖို့ လူသားများအတွက် အလုပ်ပမာဏမှာ လျော့သထက် လျော့လာတော့မည်။
လူသားများသည် သမိုင်းစဉ် တစ်လျှောက် အလုပ်ဆိုသော အတွေးအခေါ်ကို ဗဟိုပြုပြီး ရှင်သန်ခဲ့ကြ၊သေဆုံးခဲ့ကြသည်။ လူသားတစ်ဦးချင်း၏ တန်ဖိုးကိုလည်း အလုပ်ဖြင့် တိုင်းတာခဲ့ကြသည်။ အလုပ်ဆိုသော သဘောတရားသည် မှန်မှန် မှန်ပါရဲ့လား မေးခွန်းထုတ်ဖို့ကား မေ့နေကြသည်။ မိမိတို့ လုပ်နေသော အလုပ်သည် လူသားတို့ ဆက်လက်ရပ် တည်ရေးကို အထောက်အကူပြုသော အလုပ်လား၊ မည်သို့မျှ အထောက်အကူ မပြုဘဲ မိမိ ငွေရဖို့သာ လုပ်နေရသော အလုပ်လား သုံးသပ်ကြဖို့လိုပြီ။ အလုပ်နဲ့ချည်း အချိန်ကုန်နေလို့ စိတ်ပျက်နေသူ များအနေဖြင့် ရှုပ်နေသော အလုပ်တွေထဲက ဘာတွေကို လျှော့ချသင့်သည်ကို စဉ်းစားရကျပ်နေလျှင် အထက်ပါ နှစ်ချက်ဖြင့် တိုက်ဆိုင်စစ်ဆေးပါ။ ပြီးလျှင် လူသားများ ဆက်လက်ရပ်တည်မှုကို အထောက်အကူမပြုသော အလုပ်ပိုများထဲကနေ ရွေးထုတ် လျှော့ချခြင်းဖြင့် မိမိအတွက်လည်း အချိန်ပိုထွက်လာမည်၊ လူအဖွဲ့အစည်း အတွက်လည်း မည်သို့မျှ မထိခိုက်ဟူ သော ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာ အနေအထားကို ရောက်မည်ဖြစ်ပါသည်။
messenger news journal
http://www.searchmyanmar.com/link/comment/cid/52048
No comments:
Post a Comment