Pages

တစ်နေ့ ... မြို့ကိုတွေ့မယ်

ကျွန်တော်ရေမကူးတတ် ပါ။ ထို့ ကြောင့် ခရီး သွားလျှင် ရေလမ်းကိုရွေးချယ်လေ့မရှိ။ သို့သော် လည်း ရေလမ်းခရီးနှင့် ကျွန်တော် ရေစက်ပါပုံရသည်။

၁၉၈၈ အရေးတော်ပုံကြီး ပြီးခါစ ကျွန်တော် ဒုတိယနှစ် ကျောင်းသားဘ၀မှာ။သူငယ်ချင်း အပေါင်းအသင်းများနှင့် အရေး တော်ပုံကြီးထဲ ကြွေးကြော်သံတွေ အော်မိတော့ အမေကစိတ်ပူပြီး အဖေ့ကို နားပူနားဆာလုပ်ကာ အဖေ့အလုပ်နှင့် ဆက်စပ်ပတ် သက်နေသည့် တွန်းသင်္ဘော တစ်စီးပေါ်မှာ စာရေးအဖြစ် ပါ သွားခဲ့၏။ တွန်းသင်္ဘောဆိုသည် က စီဘီတွဲကြီးနှစ်တွဲကို အလယ် ကတွန်းရသည့် သင်္ဘောငယ်ဖြစ် သည်။ ရေကြောက်သည့် ကျွန် တော် အဲသည်နှစ်တစ်နှစ်လုံး ဧရာဝတီရေပြင်ပေါ်မှာ စုန်ချည် ဆန်ချည်။

တစ်ရက် မော်ကျွန်းမြို့မှ အပြန် တွံတေးဝကိုရောက်တော့ တွံတေးတူးမြောင်းဝ ကောင်းကင် ယံမှာ ရေကြောင်းဌာနက အချက် ပြဘောလုံးချိတ်ဆွဲထားသည်။ သင်္ဘောဖြတ်လျှင် အန္တရာယ်ရှိ သည်ဆိုသည့် သင်္ကေတ။တွံတေး  တူးမြောင်းအ၀ကရေစီးကြမ်းလွန်း ၍ ရာသီဥတုဆိုးလျှင် သင်္ဘော များဖြတ်၍မရနိုင်။ ထိုအချိန်မျိုး မှာ တွံတေးတူးမြောင်းကိုဖြတ်ပြီး ရန်ကုန်ကိုလာမည့် သင်္ဘောတွေ တွံတေးဝနေရာ အနှံ့အပြားမှာ ကျောက်ချကာ အိပ်ပေရော့။ နံ နက်ရာသီဥတုကောင်း၍ ရေစီး လျော့ချိန်ကျမှ ရန်ကုန်သို့ဝင်ရပေ တော့မည်။

နံနက်ဝေလီဝေလင်းအချိန် မှာ သင်္ဘောစက်နှိုးသံနှင့် ဥသြသံ ကိုကြားရတော့ ကျွန်တော်လန့်နိုး လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး က မှောင်မည်းနေသည်။ သေ သေချာချာကြည့်မှ ထူထဲစွာကျ နေသာ နှင်းများ။ ကျွန်တော့်ဘ၀ တွင် ပထမဆုံးအကြိမ်မြစ်အတွင်း က နှင်းထုကိုမြင်ဖူးခြင်းဖြစ်သည်။ နှင်းသည် စာတွေထဲကလို လှပ မနေ။ ငွေရောင်ဖြူလွ နှင်းပွင့်၊ နှင်းစက်၊ နှင်းပေါက်တို့မဟုတ်။ ငွေရည်ပုလဲတို့ သွယ်တန်းနေ သည့် နှင်းရည်ပြောက်မဟုတ်။ ထူထဲမှောင်မည်းနေသည့် နှင်း။ ရက်ရက်စက်စက် ပိန်းပိတ်နေ သည့် နှင်း။ အန္တရာယ်နှင်း။

သည်နှင်းထုကြားမှာ မြစ် ကြမ်းပြင်က ဂယက်ကြီးကြီးတို့ ဖြင့် ပုခက်လွှဲနေသည်။ သင်္ဘော က ကျောက်ထွင်သွားလေပြီ။ ကျောက်ထွင်သည်ဆိုသည်က မြေပြင်မှာချထားသည့် ကျောက် က ကြမ်းပြင်ကိုမကုပ်နိုင်တော့ ဘဲ ကျောက်ကြိုးတန်းလန်းနှင့် သင်္ဘောက ရေစီးရာမျောပါနေ ခြင်းဖြစ်သည်။ ပတ်ဝန်းကျင် ၀ဲ ယာကိုတွေ့ရဖို့ဝေးစွ ကိုယ့်သင်္ဘောအနီးကိုပင် သဲကွဲစွာမမြင်ရတော့။ သင်္ဘောမောင်းသူ ဆလင်ကြီးက ဥသြကိုအဆက်မပြတ်ဆွဲရင်း၊သင်္ဘောသားများကို အဆက် မပြတ်အော်ရင်း၊ သင်္ဘောစက် ခန်းကို စက်အရှိန်မြှင့်ဖို့၊ ချဖို့ ကလင်ကလင် အချက်ပြရင်း သ င်္ဘောကိုအန္တရာယ်ကြားက လွတ် အောင်ကြိုးစားသည်။ သင်္ဘော သားများက ညာသံပေး၍ကျောက် ကြိုးကို ဆွဲတင်သူက ဆွဲတင်။ ဆလင်ခိုင်းတာကို လုပ်သူကလုပ် နှင့် ဗျာများကြရသည်။ သည်အ ချိန်မှာ သင်္ဘောတစ်စီး၏ အဓိက အသက်ဖြစ်သော အချက်ပြမီးက အသုံးမ၀င်နိုင်တော့။ နှင်းသည် ဆလိုက်မီးများကို မထီမဲ့မြင်ပြု သည်။ ပြက်ရယ် လှောင်ပြောင် သည်။

ဆလင်ကြီးက တက်မကိုရဲဝံ့ ကျွမ်းကျင်စွာကိုင်ရင်း သင်္ဘောကို မောင်းသည်။ မိနစ်ပိုင်းအတွင်းမှာ ပင် ဘွားခနဲကမ်းကိုမြင်ရသည်။ အန္တရာယ်မှ လွတ်ကင်းလေပြီ။ သင်္ဘောသားတစ်ဦးက သင်္ဘော ချည်သည့်ကြိုးစထိပ်ကို ကိုင်ရင်း ရေထဲသို့ ဒိုင်ဗင်ထိုးချပြီးကမ်းပေါ် မှ သစ်ပင်အကြီးတစ်ပင်တွင်ကြိုး ကိုချည်သည်။ သင်္ဘောစက်ရပ်သံ နှင့်အတူ သင်္ဘောသားများ သက် ပြင်းကိုယ်စီချနိုင်ကြတော့သည်။
ဒါက ကျွန်တော်ကြုံတွေ့ခဲ့ ရသည့် မြစ်အတွင်းမှနှင်း။ အန္တ ရာယ်နှင်း။ သည်လိုအဖြစ်မျိုးကို ကဗျာဆရာခိုင်မျိုးက ကဗျာဖွဲ့ သည်။ ဒါပေမဲ့ သာမန်သဘာဝ ပတ်ဝန်းကျင် ကဗျာတစ်ပုဒ်၊ ခရီးသွားကဗျာတစ်ပုဒ်ဟု ဆိုရန် တော့မလွယ်။ သူမြင်သည့် နှင်း၊ သူကြုံခဲ့သည့် နှင်းကိုခေတ်နှင့်၊ ကာလနှင့်၊ အခြေအနေနှင့် ခံစား ပူးကပ်လိုက်သည့်အခါအဓိပ္ပာယ် ကျယ်ဝန်းလှသည့် နှင်းဖြစ်သွား သည်။ ကဗျာက ‘‘နှင်းလမ်း’’။ လူ့ဘောင်သစ် ဂျာနယ် ၂၀၁၅ ဧပြီလ အတွဲ ၁  အမှတ် ၄ မှာပါ သည့်ကဗျာ။

နှင်းလမ်း
ရှေးနည်းနည်းတိုးရဲမှ
နောက်နည်းနည်း ထပ်သဲကွဲမယ့် အခြေအနေ ဟိုဘက်ကမ်းကို ကာထားတာ နှင်းပဲ
လမ်းကိုပိတ်ထားတာနှင်းပဲ။
ကမ်းမမြင် လမ်းမမြင် ပင် လယ်သမုဒ္ဒရာထဲတွင် မဟုတ် သည့်တိုင် နှင်းက ကမ်းကိုမမြင် နိုင်အောင် ကာထားသည်။ ရှေးရှု ရာလမ်းကိုေ၀၀ါးသွားအောင် ပိတ်ထားသည်။ နှင်းတွေပိတ်နေ ပြီဆိုပြီး သင်္ဘောကိုရပ်ထားလိုက် မည်လား၊ နောက်ပြန်ဆုတ်မည် လား။ ကဗျာဆရာကတော့ ရှေ့ နည်းနည်းတိုးရဲမှ နောက်နည်း နည်းထပ်သဲကွဲမယ့် အခြေအနေ ဟု သူ့အမြင်ကိုဆိုသည်။ ပဲ့ကိုင် မာလိန်မှူးကကော ဘယ်လိုလဲ။
ဘွားခနဲပေါ်လာနိုင်တဲ့
မျက်နှာချင်းဆိုင် အဆီးအတား
မြစ်ရေထဲ ခင်းထားတဲ့
ဝဲဂယက်တွေရဲ့ ခွန်အား
လဆုပ်ဒီရေကိုပါ
နှင်းက ဆွဲငင်ထားပေါ့

နှင်းပိတ်နေသည့် လမ်းမှာမှ မြစ်ကြမ်းပြင်က မငြိမ်၊ လှိုင်းဂ ယက်တွေ ထန်ချိန်၊ လဆုပ်ဒီရေ ကိုပင် နှင်းကဆွဲငင်ထားသည်ဟု ကဗျာဆရာက နှင်းလမ်းမှာကြုံ တွေ့နေရသည့် အခြေအနေကိုပြ သည်။ အန္တရာယ်အနေအထား။ ဘွားခနဲပေါ်လာနိုင်သည့် မျက်နှာ ချင်းဆိုင်က အန္တရာယ်။ကြိုတွက်၊ ကြိုခန့်မှန်း၍မရသော အတားအ ဆီး၊ အခြားသင်္ဘောတစ်စီးလေ လား၊ ရေထဲမျောလာမည့် သစ် ပင်သစ်တုံးတွေလား၊ သင်္ဘော ပန်ကာကို အလည်ရပ်စေမည့် အမှိုက်သရိုက်လေလား၊ ငါးဖမ်း လှေလား။ ကျောက်တန်းကျောက် ဆောင်တွေလား၊ ငါးပုစွန်တွေ ဖမ်းဖို့ ကာဆီးထားသည့် ပိုက်တွေလား၊ သောင်ပြင်သောင်တန်းလား။ လားပေါင်းများစွာက အချိန်မရွေး သင်္ဘောကို အန္တရာယ် ပြုနိုင်သည်။

ကဗျာဒုတိယပိုဒ်ကို ဖတ်မိ စဉ်မှာပင် ကဗျာဆရာပြောချင် သည့် နှင်းလမ်းကိုရေးတေးတေး မြင်လာရသည်။ နှင်းပိတ်သည့် လမ်း၊ ဘွားခနဲပေါ်လာနိုင်သည့် အန္တရာယ်တွေပြွမ်းနေသည့်လမ်း၊ သင်္ဘောကဘယ်အရာကို ကိုယ် စားပြု၍ နှင်းလမ်းက ဘယ်ပုံရိပ် ကို ညွှန်းဆိုလေသလဲ။

သင်္ဘောက အမိမြန်မာနိုင်ငံ တော်ဟုများ ဆိုလေရော့သလား။ ဒါဆိုရင် နှင်းလမ်းက ဒီမိုကရေစီ ကိုသွားတဲ့လမ်းပေါ့ဟု အတွေး နယ်ချဲ့မိသည်။ ကဗျာဆရာ၏ နှလုံးသားထဲက သင်္ကေတကို မိမိ ရရ ဖမ်းဆုပ်ဖို့ မဖြစ်နိုင်ပေမယ့် ကဗျာဆရာ၏ စေတနာကိုတော့ ခပ်ရေးရေး မြင်လာသလိုရှိသည်။ ဟိုဘက်ကမ်းကို ကာထားတာနှင်း ပဲ။ လမ်းကိုပိတ်ထားတာနှင်းပဲဟု ကဗျာဆရာကတော့ အပ်ကျမပ် ကျဆိုနေလေပြီ။ ကဗျာကို ဆက် ဖတ်မိသည်။
မကြောက်မရွံ့
နောက်မတွန့်စတမ်း
သတိတမံ ဉာဏ်မြေကတုတ် အစွမ်းနဲ့
နှင်းကာစီးသောလမ်းမှာ
ရှေ့ကိုလှမ်းနေသရွေ့
တစ်နေ့ ...
နှင်းကြားကပဲ မြို့ကိုတွေ့မယ်။

ကျွန်တော်က လွန်ခဲ့သည့် နှစ်အစိတ်ကျော်က တွံတေးဝမြင် ကွင်းကို ပြန်မြင်လာသည်။ ပဲ့ကိုင် ဆလင်၏ ရဲဝံ့ကျွမ်းကျင်မှု၊ သ င်္ဘောသားများ၏ ညီညွတ်တက် ကြွမှုဖြင့် နှင်းထုထူထူကြား ကျွန် တော်တို့ သင်္ဘောလေး ရှေ့ကို ဆက်မောင်းခဲ့သည်။ ကဗျာဆရာ အစအဦးပြောခဲ့သလိုပင် ရှေ့ နည်းနည်းထပ်တိုးရဲမှ နောက် နည်းနည်းထပ်သဲကွဲမယ့် အခြေ အနေဆိုသည့်စကားက ဒုတ်ဒုတ် ထိမှန်ခဲ့သည်။ နှင်းကွဲတာကို စောင့်မနေနိုင်။ နှင်းကွဲတာကို ကျွန်တော်တို့ ရပ်စောင့်နေလျှင် အန္တရာယ်ကို ကျွန်တော်တို့ အရှုံး ပေးဖိတ်ခေါ်ရာ ရောက်ပေလိမ့် မည်။

လှိုင်းကြမ်းကြမ်း၊ နှင်း မှောင်မှောင်မှာ ကျောက်ကြိုးထွင် နေသည့် သင်္ဘောတစ်စီးကို ရဲရဲ ၀ံ့ဝံ့ ကျွမ်းကျွမ်းကျင်ကျင်ပိုင်ပိုင် နိုင်နိုင် မောင်းနှင်နိုင်သော ပဲ့ကိုင် နှင့် ညီညွတ်သော သင်္ဘောသား တို့မရှိလျှင် အန္တရာယ်က မတွေးဝံ့ စရာ။ လောလောလတ်လတ် ကျောက်ဖြူ-တောင်ကုတ်က အောင်တံခွန် (၃)။ ကိုရီးယားက ဆူဝိုးလ်ကူးတို့ သင်္ဘော။ ကြည့် စမ်း ... တာဝန်မဲ့သည့် ပဲ့ကိုင်များ လက်ထဲက သင်္ဘောများ။
ကျွန်တော် ကဗျာကိုဖတ် အပြီးမှာ သက်ပြင်းမောတစ်ချက် ချမိသည်။

ကဗျာဆရာကတော့ ရှေ့ကိုလှမ်းနေသရွေ့၊ တစ်နေ့ နှင်းကြားကပဲ မြို့ကိုတွေ့မယ် ဟု အားတက်ဖွယ်ဆိုသည်။ သေ ချာရဲ့လား၊ သေချာပြီလားဟုသာ မေးခွန်းမေးမိသည်။
အပစ်အခတ်ရပ်စဲရေး၊ အ ခြေခံဥပဒေပြင်ဆင်ရေး၊ ဘင်္ဂါလီ အရေး၊ အစွန်းရောက်အမျိုးသား အရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားအရေး၊ လယ်ယာ မြေပြဿနာအရေး။ သည်အရေး ပေါင်းများစွာက ဘွားခနဲပေါ်လာ နိုင်တဲ့ မျက်နှာချင်းဆိုင် အဆီးအ တားဆိုလျှင် နှင်းထုက ၂၅ ရာခိုင် နှုန်းလေများလား၊ အာဏာရှင် စနစ် အကြွင်းအကျန်လား၊ ငါတို့ မှဆိုတဲ့ အတ္တစွဲလား။ ကျွန်တော့် အတွေးတွေမဆုံးတော့။
ဒါပေမဲ့လည်း ကဗျာဆရာ ပြောသလို မကြောက်မရွံ့၊နောက် မတွန့်စတမ်း ရှေ့ကိုရွေ့နေသရွေ့ တစ်နေ့နေ့မှာတော့ နှင်းထူထူထဲ ထဲ နှင်းကြားကပဲ မြို့ကိုတွေ့မယ် ဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့ဆက် ရွေ့ကြည့်မည်။ ပတ်ဝန်းကျင်မှာ တော့ နှင်းကထူထူထဲထဲ ကျနေ ဆဲ။ ပိန်းပိတ်မှောင်မည်းနေဆဲ။

http://7daydaily.com/story/36374#.VUjcPZMXW1m

No comments:

Post a Comment