Pages

ထီး



ထိုနေ့က မိုးကလည်း သဲကြီးမဲကြီး ရွာချလိုက်ရာ မိုးက မစဲသေး အားပျော့ပြီး ဖွဲဖွဲရွာနေဆဲပင် ဖြစ်၏။ ရေတွေကလည်း စိုရွဲနေသောကြောင့် ကျွန်ုပ်တို့ စာသင်နေရသော ကုသိုလ်ဖြစ် အခမဲ့ စာသင်ကျောင်း (စာကျက်ဝိုင်း) ကလေးမှ ပညာ ဒါန ဆရာများ ရောက်မီ့ရောက်ရာ တွေးမိ့တွေးရာများကို ငေးမိ့ငေးရာများနှင့် ပေါင်းစပ်လို့ ရေနွေးကြမ်း တစ်အိုး လက္ဘက်ခြောက် ခါးခါးဖြင့် သောက်ရင်း ဖွင့်ကာစ ကျောင်းမှ ကျောင်းဆင်း ခေါင်းလောင်းနှင့် အတူ ကျောင်းသူ ကျောင်းသား တစ်စု အိမ် အပြန်ခရီးက ကြည့်ကောင်းနေလေ၏။ ထိုအချိန်တွင် ကျောင်းသားလေး တစ်ယောက်သည် မိုးထဲလေထဲတွင် ထီး စုတ်စုတ် တစ်ချောင်းကို ဆောင်းရင်း ကိုးရိုကားယားဖြင့် ကျောင်းမှ ပြန်လာနေသည်ကို အဝေးမှ လှမ်းတွေ့နေ ရလေသည်။

စာကားဝိုင်း အတွင်း ဟိုစစ ဒီစစ ပြောဆိုနေကြသော သူများကလည်း အဆိုပါ ကလေးကို ကြည့်ရင်း သူ့အထင် ကိုယ်အမြင် အမျိုးမျိုး ပြောဆိုနေကြရာ တစ်ယောက်က ကလေး မိဘတို့သည် ကိုယ့် ကလေးအား မိုးတွင်းကာလကျောင်း သွားကျောင်းပြန်အတွက် ယခုကဲ့သို့ ထီး အစုတ်ဖြင့် ပေးမသွားသင့်ကြောင်း မိုးရေစိုသဖြင့် ကလေး နေမကောင်းဖြစ်လျှင် ငွေကုန်များမည် ဖြစ်ပြီး ကျောင်းစာလည်း နောက်ကျမည် ဖြစ်ကြောင်း ပြောလေ၏၊ ထို့အခါ တစ်ယောက်က မိဘ၏ ငွေကြေး တတ်နိုင်ခြင်းကိုလည်း ထဲ့တွက်ရမည်သာ ဖြစ်ကြောင်း ကလေးများအနေဖြင့်လည်း လွန်စွာ ဆော့ကစား တတ်ကြသဖြင့် အကောင်းဖြင့်လည်း မတန်ကြောင်း ပြောနေပြန်၏၊ ကျောင်းပြန်လာသော ကလေးက မိုးထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။ သို့သော် စကားဝိုင်းတွင် ထီးနှင့် ပါတ်သက်သော စကားများက ဆက်၍ ပြောဖြစ်နေကြတော့သည်။

တစ်ကယ်တော့ ထီးဆိုသည်မှာ အဓိကအားဖြင့် နေဒဏ် မိုးဒဏ်ခံနိုင်ဖို့ ဆောင်းကြ၏။ အချို့က အလှဆောင်းသည်လည်း ရှိ၏။ ထီ အမျိုးအစားများမှာလည်း များစွာရှိရာ ဒေသအလိုက် ရိုးရာဓလေ့ ဆောင်းသော ထီးများလည်းရှိလေသည်။ ဘုန်းတော်ကြီးများ အတွက်က သီးသန်ဖြစ်သေး၏။ နိုင်ငံခြားပြန် ဆရာ တစ်ဦးကမူ သူနေထိုင်ခဲ့ဖူးသော တိုင်းပြည်တွင် ထီးများသည် ပိုင်ရှင် သီးသန့် မရှိဘဲ ကားဂိတ်များ ဘူတာရုံများတွင် ပုံးဖြင့် ထဲ့ထားပြီး မိုးရွာသည် ဖြစ်စေ နေပူသည် ဖြစ်စေ လိုအပ်သူက ယူဆောင်းသွားကြ၏။ မလိုတော့ပါက သတ်မှတ်ထားသော ပုံးတွင် ပြန်ထဲ့ပေးခဲ့လေရာ မပျောက်မပျက် စည်းကမ်းရှိစွာ သုံးစွဲကြပုံများကို အားပါးတရ ပြောပြလေသည်။ ထီးသည် နေပူဒဏ် မိုးရွာဒဏ်များကို ကာကွယ်ရန် အတွက် မရှိမဖြစ် လိုအပ်ကြောင်း စကားဝိုင်းတွင် ပြောဆိုကြရင်းက ထီးနှင့် ပါတ်သက်သော လောက ဥပမာများကိုလည်း ဆက်ပြီး ပြောပြ ကြပြန်ပါသည်။

အမှန်တော့ လူဘ၀တွင်လည်း ဘ၀ရဲ့ ခယောင်းလမ်းကို ဖြတ်သန်းကြရတဲ့ အချိန်တိုလေးတွင် လောက၏ နေပူ မိုးရွာဒဏ်ကို ခံနိုင်ဖို့အတွက် ဘဝရဲ့ထီး လိုအပ်ပါတယ်။ ဘ၀မှာ အေးချမ်းပြီး အပူဒဏ် အအေးဒဏ်ကို ကာကွယ်ဖို့အတွက် လူဘ၀ကို ရောက်လာတဲ့ သူတိုင်း မိဘဆိုတဲ့ ထီးကောင်း တစ်လက်ကို ဆောင်ဖို့လိုတယ်၊ မိဘဆိုတာ သားသမီးတို့အတွက် အကောင်းဆုံး ဖြစ်ရပါ့မယ် သားသမီးတွေကို ငယ်စဉ်ကတိုင်းက အစစအရာရာကို ကောင်းအောင် သင်ပေးရတဲ့ လက်ဦးဆရာ ဆိုရင်လည်း မမှာပါ။ မိဘက အကောင်းဆုံး တွေကို သင်ကြားပေးရင်းက ကလေးရဲ့ စရိတ်တွေဟာ မိဘရဲ့ အရောင်ဆိုးမှု့တွေနဲ့ ဖြတ်သန်းရတာပါ။ ဒါကြောင့် မိဘရဲ့ထီး အရိပ်ဟာ ကလေးရဲ့ ဘ၀ တစ်ခုလုံးကို လွမ်းမိုးနေတော့တာပါဘဲ ဒီထီးဟာ ထီးကောင်းတစ် လက်ဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။

မိဘရဲ့ထီးက အရေးကြီးသလို ဘ၀တစ်လျောက်မှာ အဓိက အရေးပါလှတဲ့ ထီးတစ်ချောင်းကတော့ ဆရာ ဆိုတဲ့ ထီးပါဘဲ။ ဆရာဆိုတဲ့ ထီးဟာ ဘ၀ တစ်ခုလုံးအတွက် တော်တော်လေးကို အရေးကြီးကြောင်း တွေးနေမိပါတယ်. . . . မိမိ ဆောင်းလိုက်တဲ့ ဆရာဆိုတဲ့ ထီးက ထီးကောင်း တစ်လက် ဖြစ်ဖို့ အလွန့် အလွန် အရေးကြီးပါတယ်။

ဘုရားရှင် လက်ထက်တော်က အဂုင်္လိမလဟာ ဆရာဆိုတဲ့ ထီး အဆောင်းမှားလို့ လူသတ်လက်ညိုး တစ်ထောင် ဖြတ်တဲ့ ဂန္ဓ၀င် လူဆိုးကြီး ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားရှင်ကို ဆရာအဖြစ် မှတ်ယူပြီး တရားရသွားတဲ့ အခါ ကိုယ်ဝန် ဆောင်မိခင်တွေကို ကူညီ အကျိုးပြုနိုင်ပြီး နိဗ္ဗာန် ချမ်းသာကို ရတဲ့ ရဟန္တာအရှင်မြတ် ဖြစ်ခဲ့ရပါတယ်။ ဒါက ဗုဒ္ဓဆိုတဲ့ ဆရာကောင်းထီးကို ဆောင်မိလို့ပါ။

စကားဝိုင်းလေးက တစ်ယောက်အမြင် တစ်ယောက် ပြောကြရင်း မိုးကလည်း မစဲနှင့် ရေနွေးကြမ်း တစ်အိုး ထပ်ဖြည့်ရင်း မြတ်စွာဘုရားရှင်ဟာ လောက သုံးပါအတွက် အကောင်းဆုံး ဆရာတည်းဟူသော ထီးကောင်း တစ်လက်ဖြစ်ကြောင်းကို မြတ်စွာဘုရားက အယူမှားများအား မေတ္တာတရား ကြီးမားစွာဖြင့် ကယ်ချွတ်ခဲ့ပုံများကို စီကာပတ်ကုန်း ပြောပြနေတော့သည်။

မွေးဖွားရာက မည်သူမျှ အတတ်ပညာစုံ ပါလာသည် မဟုတ် ဆရာနှင့် တွေ့မှသာ ပညာတို့ကို ဆည်းပူး တတ်မြောက်ရသည် ဖြစ်ရာ ဆရာ၏ မူဝါဒတို့သည် တပည့်ဖြစ်သူ အတွက် စံထားရာ ဖြစ်လေ၏။ ထို့ကြောင့်လည်း ဆရာတည်းဟုသော ထီးတစ်လက်သည် မဖြစ်မနေ လိုအပ်လှသည်ပင်ဖြစ်၏။ ဆရာသည်လည်း တပည့်ဖြစ်သူအား ကောင်းစွာ အုပ်မိုးနိုင်သော ထီးကောင်း ဖြစ်ရန် မိမိ အရင် ကြိုးစား ထားရမည် ဖြစ်ပြီး ထို ထီးကောင်း တစ်လက်ဖြင့် လက်ဆင့်ကမ်း ရမည်သာဖြစ်သည်။

တစ်ကယ်တော့ လူဆိုတာ မိဘဆိုတဲ့ထီး၊ ဆရာဆိုတဲ့ထီးတွေ ကောင်းခဲ့မှ အစစ အရာရာ အတွက် ဘ၀မှာ ရင်ဆိုင်နိုင်မှာပါ။ ဘဝ တစ်ခုလုံးအတွက် တစ်သက်လုံး ဆောင်းရမယ့် ထီး တစ်လက် ရှိပါသေးတယ်။ အဲဒါကတော့ ဘ၀ လက်တွဲဖော်ဆိုတဲ့ ထီးပါဘဲ သူက ခဏဆောင်းပီး ထားခဲ့လို့ရတာ မဟုတ်ပါဘူး။ ခရီးရှည်ကို ဆောင်းရမှာပါ။ ဒီချစ်ခြင်း မေတ္တာဆိုတဲ့ ထီးကတော့ဖြင့် အလွန့်အလွန် အရေးပါလှပါတယ်" ဟု တစ်ယောက်က ၀င်ရောက် ဆွေနွေးပြန်ရာ၊ စကားဝိုင်းက ငြိမ်သက်သွားလေ၏။

အားလုံး၏ အတွေးများထဲတွင် ချစ်ခြင်း မေတ္တာနှင့် တည်ဆောက်သော ဘ၀ လက်တွဲဖော် ဆိုသည့် ထီးအား လူအားလုံးက ဆုတ်ကိုင်ထားကြသည်ပင် ဖြစ်ရာ စကားဝိုင်းမှ ဆရာ တစ်ယောက်က ခင်ဗျားတို့ ပြောခဲ့တဲ့ ထီးတွေထဲမှာ ဒီထီး ကတော့ဖြင့် အလွန် အရေးကြီးတာဘဲ ကိုယ်က စ မဆောင်းခင် အပေါက်ပါလား အနာရှိလား မသိ့ခဲ့ရင် ဘ၀လမ်းရဲ့ တစ်နေရာမှာ မိုးသည်းခဲ့ရင်ဖြင့် လုံမှာ မဟုတ်တော့ဘူးလို့ ပြောပြနေလေ၏။၊ အဲဒီလို အရေးကြီးလှတဲ့ ဘ၀ လက်တွဲဖော်ဆိုတဲ့ ထီးကို ဆောင်းနိုင်ဖို့ မိဘ၊ ဆရာဆိုတဲ့ ထီးကောင်းတွေ ဆောင်းနိုင်ခဲ့တဲ့သူတွေ ဆိုရင်တော့ အဆင်ပြေသင့်သလောက် ပြေတန်ရာ၏။

သို့ပေမယ့် တစ်ကယ်တန်းတော့ ကိုယ်ဘ၀ရဲ့လမ်းကို လက်တွဲဖော် ဆိုတဲ့ ထီးနဲ့ ခရီးဆုံးအောင် ဆိုတာကတော့ ကိုယ်တိုင်ဘဲ ရွေးပြီး ကိုယ်ဘဲ ဆောင်းရမှာပါ။ ဒီထီးက မိုးမလုံလို့ ကျတဲ့ မိုးရေကလည်း ကိုယ်ဘဲ စိုရမယ် နေပူတော့လည်း ကိုယ်ဘဲ ပူရမယ်လေ ဘဝခရီးရဲ လိုရာကို ရောက်ဖို့ မရှိမဖြစ် အလွန် အရေးကြီးတဲ့ ထီး တစ်လက်ပါဘဲလို မှတ်ချက်ပြုကြ ပါတော့တယ်။

စကားပြောကောင်းနေရင်း မိုးကလည်း စဲသွားပြီဖြစ်၍ စကား လက်စသတ်နေကြလေပြီ အသက်ကြီးပြီဖြစ်သည့် ဆရာ တစ်ဦးကတော့ ဒီ ထီး သုံလက်လုံး ဆောင်းခဲ့ပြီးပါပြီ ကျုပ်ကတော့ မြတ်ဗုဒ္ဓရဲ့ သစ္စာလေးပါး တရားတရာနဲ့ ဓမ္မထီးကို သေသေချာချာ ဆောင်းနိုင်မှ သံသယာက လွတ်မှာပါ။

ဒီသံသယာ စက်ဝိုင်းက လွတ်ဖို့ အတွက်ကတော့ ဓမ္မထီးကို ဆောင်း ရမှာပေါ့ ဟုပြောရင်း သူ့တွင် ပါလာသာ ခေါက်ထီးကို ဖွင့်ကာ စကားဝိုင်းမှ ထရင်း လက်ပြ နုတ်ဆက်၍ အိမ်သို့ ပြန်သွားလေပြီ။ ကျွန်ုပ်လည်း ညနေပိုင်း သင်ပြရမည့် ကျောင်းသားများ ရောက်နေပြီဖြစ်ရာ စကားဝိုင်းမှထရင်း ထီးကိုယ်စီနှင့် အတန်းသို့ဝင်လာသော ကျောင်းသူ ကျောင်းသားများအား ငေးကြည့်နေမိပါတော့သည်။

Lazy Cat (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716

No comments:

Post a Comment