ဒီတစ်ပတ်လည်ပတ်စရာ ကဏ္ဍမှာတော့ ရန်ကုန်ကနေ နေပြည်တော်ကိုသွားပြီး တာဝန်ထမ်းဆောင်နေတဲ့သူတွေနဲ့ နေပြည်တော်ကို အလည်အပတ်ခရီး ထွက်ချင်သူတွေအတွက် လည်ပတ်လို့ကောင်းမယ့်နေရာတချို့ကို ရွေးချယ်ဖော်ပြလိုပါတယ်။
နေပြည်တော်ဆိုရင်လည်ပတ်စရာ ဘာမှမရှိတဲ့ ၀န်ကြီးဌာန အစိုးရရုံးတွေချည်းရှိတဲ့နေရာလို့ ထင်မိမှာပါ။ ဒါပေမဲ့ နောက်ပိုင်းခရီးသွားဆွဲဆောင်ရာနေရာ အသစ်တွေ ဖော်ထုတ်ထားတာကြောင့် လည်ပတ်ဖို့သင့်တဲ့နေရာလေးတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာတော့ နေပြည်တော်ကနေ ရန်ကုန်ကို မပြန်နိုင်တဲ့သူတွေ၊ နေပြည်တော် ဒေသခံတွေ၊ အနယ်အနယ်အရပ်ရပ်ကနေ နေပြည်တော်မြို့ကြီးကို လာရောက်ပြီး အလုပ်လုပ်နေတဲ့သူတွေအတွက် သဘာဝတောတောင်ဒေသတွေကို ခံစားနိုင်မယ့် လည်ပတ်စရာတွေကို ညွှန်ပြလိုက်ပါတယ်။
အဲဒီနေရာတွေကတော့ နေပြည်တော် တိရစ္ဆာန် ဥယျာဉ်၊ ဆာဖာရီနဲ့ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တို့ပဲ ဖြစ်ပါတယ်။ အဲဒီနေရာသုံးခုက တစ်ဆက်တည်း တည်ဆောက်ထားတာကြောင့် သွားရောက်လည် ပတ်သူအတွက် အဆင်ပြေမှာပါ။ နေရာကတော့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရဲ့ဘေး မိုင်တိုင် ၂၅၀ မှာပါ။ နေပြည်တော်မြို့မဈေးတို့၊ သပြေကုန်းတို့ကနေ ဆိုရင် ၄၅ မိနစ်၊ တစ်နာရီလောက် ကားမောင်းပြီးတော့ သွားရတဲ့ နေ ရာပါ။
နေပြည်တော်တိရစ္ဆာန်ဥယျာဉ်
နေပြည်တော် တိရစ္ဆာန်ဥယျာဉ်က ဧက ၆၀၀ ကျော်မှာ တည်ဆောက်ထားတာကြောင့် တကယ်ကိုကျယ်ဝန်းပြီး သဘာဝ တောတောင်ရေမြေ စစ်စစ်ကို ခံစားရမယ့် နေရာပါ။ တိရစ္ဆာန်ဥ ယျာဉ်ထဲကိုဝင်လိုက်တာနဲ့ တစ်ပြိုင်နက် တကယ်ကို အညာဒေသရဲ့ တောတောင်သဘာဝစစ်စစ်ကိုခံစားရမှာ ဖြစ်ပါတယ်။
ဥယျာဉ်အတွင်း ၀င်ဝင်ချင်းမှာတော့ ဆင်စခန်းအကျယ်ကြီးကို လေ့လာခွင့်ရမှာပါ။ ပြီးရင် ရေနေငှက်တွေထားတဲ့ ဥယျာဉ်၊ ဟိမ၀န္တာ မျောက်ဝံတွေကို လေ့လာနိုင်မှာပါ။ သမင်လေးတွေကိုတော့ ဘေးမဲ့လွှတ်ပေးထားပါတယ်။
ကျားဖြူ၊ ကျားသစ်၊ ခြင်္သေ့ တို့ကိုလည်း သေသေချာချာလေ့ လာနိုင်သလို ရေမြင်း၊ မိကျောင်း တို့ကိုလည်း လေ့လာနိုင်ပါတယ်။ ပြီးတော့ ဥယျာဉ်အတွင်းမှာ ငါးပြ တိုက်ကို တည်ဆောက်ပေးထားတာကြောင့် ငါးချစ်သူတွေ အကြိုက်တွေ့စေမယ့် နေရာလေးပါပဲ။
တွားသွားသတ္တ၀ါတွေဖြစ်တဲ့ မြွေ၊ လိပ်၊ ဖွတ်တို့ကို သီးသန့်လေ့လာနိုင်မယ့် ပြတိုက်ငယ်လေးနဲ့ ညထွက် သတ္တ၀ါတွေဖြစ်တဲ့ ဇီးကွက်၊ သစ်ကြောင် စတဲ့သတ္တ၀ါတွေကို လေ့လာနိုင်မယ့် ပြတိုက်ငယ်လေးကိုလည်း တည်ဆောက်ပေးထားပါတယ်။ ဒါကြောင့် တိရစ္ဆာန် အမျိုးအစား စုံစုံလင်လင်ရှိပြီး တော်တော်ကျယ်ဝန်းလှတာ ကြောင့် တိရစ္ဆာန်ဥယျာဉ်ကို လေ့ လာမယ်ဆိုရင်တော့ အချိန်တစ် နာရီခွဲလောက်ပေးရမှာပါ။
ဥယျာဉ်အတွင်းလည်ပတ် မယ်ဆိုရင် ၀င်ကြေးကတော့ လူကြီး ကျပ် ၁,၀၀၀၊ ကလေး ၅၀၀ သတ်မှတ်ထားပြီး အ၀င်ဝမှာတော့ ဥယျာဉ်အတွင်း လည်ပတ်ဖို့ရာ ဘက်ဂီကားငယ်လေးတွေရှိနေတာမို့ လည်ပတ်သူအတွက် အဆင်ပြေလှပါတယ်။ ကားငယ်လေးတွေကို ငှားမယ်ဆိုရင် ငါးဦး စီးကားတစ်စီးကို ၅,၀၀၀ ကျပ်၊ ၁၅ ဦးစီးကားတစ်စီးကို ၁၅,၀၀၀ ကျပ်၊ ၂၅ ဦးစီး ကားတစ်စီးကို ၂၅,၀၀၀ ကျပ်ကျသင့်ပါတယ်။
ဆာဖာရီဥယျာဉ်
ဆာဖာရီ ဥယျာဉ်ကတော့ တိရစ္ဆာန်ဥယျာဉ်နဲ့ ကပ်လျက်တည် ဆောက်ထားပြီး သားရဲတိရစ္ဆာန် တွေအပါအ၀င် တိရစ္ဆာန်ငယ် လေးတွေကို သဘာဝအတိုင်းအနီးကပ်တွေ့မြင်လေ့လာနိုင်မယ့် နေရာပါ။ဆာဖာရီထဲကို သံကွန်ချာအ လုံကာရံထားတဲ့ ကားတွေနဲ့ သွားရောက်လေ့လာရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆာဖာရီဆိုတဲ့အတိုင်း တိရစ္ဆာန်တွေကို သဘာဝအတိုင်း ဘေးမဲ့လွှတ်ထားတာကြောင့်ပါ။
အဲဒီအထဲမှာတော့ သားရဲ များဖြစ်တဲ့ ကျား၊ ခြင်္သေ့တို့ကို လေ့လာနိုင်မယ့် နေရာတွေ၊ ကြံ့တွေ ကို လေ့လာနိုင်မယ့်နေရာတွေကို သေသေချာချာလိုက်ပို့ပေးပြီး တော့ ယာဉ်မောင်းက သေသေချာချာရှင်းလင်းပြောပြပေးပါတယ်။ နောက်ပြီး အဲဒီအထဲမှာ ငှက်ကုလားအုတ်တွေ၊ သစ်ကုလားအုတ်တွေ၊ မြင်းကျားတွေ၊ သမင်တွေကိုလည်း လွတ်လွတ်လပ် လပ်လွှတ်ပေးထားတာကြောင့် သဘာဝအတိုင်းရှိနေတဲ့ တောကြီး တစ်ခုထဲမှာ ကားစီးပြီး လျှောက်သွားရသလို ခံစားရမှာပါ။
ဝင်ကြေးကိုတော့ တစ် ယောက်ကို ၁,၀၀၀ ကျပ် သတ်မှတ်ထား ပြီး ကားခကတော့ တစ်ယောက်ကို၁,၀၀၀ ကျပ်သတ်မှတ်ထားပါ တယ်။ ဒါပေမဲ့ ကားကတော့ လူဆယ်ဦးပြည့်မှ ထွက်တာကြောင့် ဆယ်ဦးပြည့်အောင် စောင့်ပေးရပါတယ်။
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်
နောက်ထပ်သွားရောက်ဖို့ ရာအတွက် ညွှန်ပြချင်တဲ့နေရာက တော့ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်ပါပဲ။ နေရာကတော့ ဇေ ယျာသီရိအားကစားကွင်းကို ဖြတ်သွားရတဲ့ လမ်းပေါ်မှာဖြစ်ပြီး ဆာ ဖာရီတို့၊ တိရစ္ဆာန်ဥယျာဉ်တို့ကနေ ဆက်သွားမယ်ဆိုရင်တော့ တစ်ဆက်တည်းပါပဲ။
အဲဒီအထိမ်းအမှတ်ဥယျာဉ် မှာ ဘာတွေ ရှိလဲဆိုရင်တော့ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဒေသတွေရဲ့ အထိမ်းအမှတ်နေရာတွေကို ပုံစံငယ်လေးတွေ ပြုလုပ် ပေးထားပြီး လည်ပတ်သူတွေကို ဆွဲဆောင်ထားပါတယ်။
တစ်နိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးဆက်နွှယ်ထားပြီး သက် ဆိုင်ရာဒေသအလိုက် နာမည်ကြီး စေတီတွေ၊ အဆောက်အအုံတွေ ကို ပုံစံငယ်လေးတွေ ပြုလုပ်ပေး ထားတာကြောင့် အလှဓာတ်ပုံ ရိုက်ချင်သူတွေအတွက် အကြိုက် တွေ့စေမယ့်နေရာပါ။
ရန်ကုန်မြို့နဲ့ ဝေးနေတဲ့ သူ တွေအတွက်လည်း မြို့တော်ခန်းမကြီးနဲ့ ရွှေတိဂုံစေတီပုံတူကိုစီစဉ်ပေးထားပါတယ်။ မန္တလေးမှာဆို ရင်လည်း ရွှေနန်းတော်ကြီး၊ စစ် ကိုင်းဆိုရင် စစ်ကိုင်းတောင်၊ ကောင်းမှုတော်စေတီ၊ ရခိုင်ဆိုရင်ရှစ်သောင်းဘုရား၊ တနင်္သာရီဆို ရင် ဘုရားနောင်အငူ၊ ကရင်ပြည် နယ်ဆိုရင် ဇွဲကပင်တောင်စတာ တွေကို အသီးသီးပုံစံငယ်လေး တွေ လုပ်ပေးထားပါတယ်။
အဲဒီအထဲမှာ အပန်းဖြေနားနေစရာ ဟိုတယ် နှစ်ခုရှိနေပြီး သေနတ်ပစ်ကွင်း၊ တိုက်ကားကွင်း၊ သရဲခြောက်သောအိမ် ကြီး၊ အလှဓာတ်ပုံရိုက်ရာနေရာတွေလည်း စုံစုံလင်လင်ရှိနေပါတယ်။
တစ်ဝင်းလုံးကို လည်ပတ် မယ်ဆိုရင်တော့ ၀င်ကြေး ၁,၀၀၀ ကျပ် သတ်မှတ်ထားပြီး အတွင်း ထဲ လည်ပတ်ဖို့ ကားငယ်လေးတွေက နာရီဝက်ခြားတစ်စီး တစ် ယောက်ကို ၅၀၀ ကျပ်နှုန်းနဲ့ ထွက်ပေးပါတယ်။
ကိုယ်ပိုင်သီးသန့်သွားချင် ရင်တော့ တစ်နာရီကို ၅,၀၀၀ ကျပ်နဲ့ ငှားပေးတဲ့ ကားလေးတွေလည်းရှိပါတယ်။ တစ်ဝင်းလုံးကို အေးအေးဆေးဆေးလည်ပတ်မယ်ဆိုရင် အချိန် ၄၅ မိနစ်လောက်ပေးရမှာပါ။
ဒါကြောင့် ဒီတစ်ပတ်မှာ တော့ နေပြည်တော်မှာ အလုပ် တာဝန်တွေ ဖိစီးနေပြီး ပင်ပန်းနေ သူတွေအတွက်၊ ကိုယ်ဒေသကို လွမ်းနေသူတွေအတွက် အထက်က ဖော်ပြခဲ့တဲ့ အပန်းဖြေနေရာလေးတွေကို သွားရောက်ဖို့ အကြံပြုလိုက်ပါတယ်။ ။
http://www.7daydaily.com/story/30633#.VM-WynvdXLU
No comments:
Post a Comment