Pages

ဦးငွေ၏ မေတ္တာအရိပ်

ဦးငွေမှာ ကွယ်လွန်သွားပြီဖြစ်သော်လည်း ၎င်းစိုက်ပျိုးခဲ့သော သစ်ပင်များက 
မန္တလေးမြို့ကို အေးမြစေလျက်ရှိသည်/ဓာတ်ပုံ - ညီညီဇော်

မန္တလေးတွင် တပို့ပွဲလပြည့်ကျော်လာတာနဲ့ မနက်ခင်းနှင့် ညပိုင်းတွေမှာ အေးနေဆဲဖြစ်ပေမယ့် နေ့လယ်ပိုင်းတွင် အနည်းငယ် ပူချင်ချင်ဖြစ်လာသည်။ မကြာမီ တပေါင်း၊ တန်ခူးရောက်ပြီး ပူပေဦးမည်။ သို့သော် ဘယ်လောက်ပင် ပူသော်ငြား မြို့တွင်းလမ်းတစ်လျှောက်က အရိပ်အာဝါသကောင်းမွန်လှသည့် သစ်ပင်အိုကြီးများရဲ့ အရိပ်အောက် ခေတ္တ၀င်ခိုလိုက်မည် ဆိုလျှင်တော့ အပူဒဏ်တွေ ခဏတာ သက်သာသွားစေနိုင်ပါသည်။  အရိပ်အာဝါသ ကောင်းမွန်လှသည့် သစ်ပင်များကို တစ်ချိန်က ရည်ရွယ်ချက်ရှိရှိ စိုက်သွားခဲ့သည့် တစ်ကိုယ်တော် ပရဟိတသမားကြီးတစ်ယောက် မန္တလေးမြို့တွင် ရှိခဲ့ဖူးပါသည်။ ထိုသူက အခြားမဟုတ်။ မန္တလေးမြို့တွင် သစ်ပင်များကို ဆိုက်ကားတစ်စီးဖြင့် လှည့်လည်စိုက်ပျိုးခဲ့သူ ဆိုက်ကားသမားကြီး ဦးငွေပင် ဖြစ်ပါသည်။

ဦးငွေသည် မန္တလေးမြို့တွင် မွေးဖွားသူတစ်ယောက်မဟုတ်ပါ။ မြင်းခြံခရိုင် ငါန်းဇွန်မြို့သား တစ်ယောက်ဖြစ်သည်။ မြို့ကလေးကနေ တစ်ဝမ်းတစ်ခါးအတွက် မန္တလေးမြို့ပေါ်တက်ကာ အလုပ်လုပ်ခဲ့သည်။ ဖြစ်ချင်တော့ ဦးငွေ မန္တလေးရောက်ပြီး မကြာမီ ၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစစ်မီးကြီးက မန္တလေးမြို့ကို မီးဟုန်းဟုန်းတောက်စေခဲ့သည်။ မြို့ပေါ်မှာ အခြေအနေမကောင်းတော့ ဇာတိငါန်းဇွန်မြို့ကလေးဆီ ဦးငွေ ပြန်ပြေးရသည်။

စစ်ဘေးစစ်ဒဏ် ငြိမ်သက်သွားတော့ ဦးငွေ မန္တလေးမြို့ပေါ် ပြန်တက်သည်။ သို့သော် ဦးငွေ မြို့ပေါ်ပြန်ရောက်ချိန်မှာတော့ မန္တလေးက အရင်မန္တလေးမဟုတ်တော့။ အရှေ့မှာ ရှမ်းရိုးမတောင်တန်းကြီးက ငေါငေါကြီးပေါ်နေသည်။ အနောက်ကို ပြန်လှည့်လိုက်ပြန်တော့ စစ်ကိုင်းမင်းဝံတောင်တစ်ရိုးက ငေါင်စင်းစင်းကြီး မြင်နေရပြန်သည်။ အိုးအိမ်တိုက်တာတွေလည်း မီးလောင်ပြာကျသွားခဲ့ပြီ။ မန္တလေးသည် လွင်တီးခေါင်တစ်မျှ ဖြစ်သွားခဲ့ရပါပြီ။
မြို့အပြန်မှာ မိန်းမရလာခဲ့သည့် ဦးငွေတစ်ယောက် မိန်းမနဲ့ ကလေးတွေအတွက် ဆိုက်ကားနင်းရင်း မြို့ပတ်ရသည်။ အဲသလို မြို့ပတ်ရင်း ဦးငွေတစ်ယောက် အပူဒဏ်ကို အပြင်းအထန်ခံစားရသည်။ မောလို့ပန်းလို့မှ ခိုနားစရာ နေရာမရှိတဲ့ အခြေအနေတွေ မန္တလေးမြို့ပေါ်မှာ ကြုံတွေ့လာရသည်။  ဒါကြောင့် လွင်တီးခေါင်ပြင် မန္တလေးမှာ သစ်ပင်တွေ စိုက်ချင်စိတ် တဖွားဖွားပေါ်လာခဲ့ရသည်။

ထို့နောက်မှာတော့ ဦးငွေ မြို့အနှံ့လှည့်ကာ သစ်ပင်စိုက်ဖို့ စီစဉ်ပါတော့သည်။
သစ်ပင်စိုက်မည်ဆိုသော်လည်း ထိုအချိန်က ယခုကဲ့သို့ ပျိုးခြံအရောင်းခြံတွေ ကောင်းကောင်းရှိသေးသည်မဟုတ်။ ရှိလည်း ဦးငွေလို အခြေခံလူတန်းစား ဆိုက်ကားသမားတစ်ယောက် ၀ယ်ယူစိုက်ပျိုးနိုင်မည်လည်း မဟုတ်။ ဒါတွေကြောင့် ဦးငွေ သစ်ပင်တွေရှိတဲ့ဘက်လိုက်ကာ မျိုးစေ့တွေ ကိုယ်တိုင်လိုက်ကောက်သည်။ သူတို့နေထိုင်သည့် တောင်ကြယ်ခတ်ဝင်းထဲက ရေတွင်းလေးနားမှာ သစ်ပင်လေးတွေကို ပျိုးယူခဲ့သည်။
မနက်လေးနာရီလောက် အိပ်ရာကထသည်။ အသံအကျယ်ကြီးဖြင့် ဘုရားဝတ်ပြုပြီး ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်နဲ့ ၀င်းတံခါးစောင့်နတ်တွေကအစ မေတ္တာပို့သည်။ ပြီးနောက် သူ့ကိုယ်ပိုင်ဆိုက်ကားပေါ် ရေပုံးတွေတင်သည်။ တံမြက်စည်းတွေ၊ ဓားတွေ တင်သည်။ ပေါက်ပြား၊ တူရွင်းတွေလည်း ပါသည်။ ပြီးနောက် ပျိုးပင်လေးတွေကို ဆိုက်ကားပေါ်တင်ကာ မြို့အနှံ့လှည့်ကာ သစ်ပင်စိုက်တော့သည်။

ဦးငွေက စိုက်ပြီးသည့်သစ်ပင်ကို ၀ါးခြံလေးခတ်ပေးသည်။ တိရစ္ဆာန်တွေ ဖျက်ဆီးမသွားနိုင်အောင် ဆူးကိုင်းလေးတွေ ကပ်ထားသည်။ ပြီးနောက် မြေအိုးလေးတွေကို သံမှိုသေးသေးဖြင့်ဖောက်ကာ ရေအပြည့်ဖြည့်ပြီး သစ်ပင်ရေရအောင် စီမံခဲ့သည်။ စိုက်ပျိုးပြီးသစ်ပင်များကိုလည်း နေ့စဉ် နီးစပ်ရာချောင်းနှင့် ရေတွင်းများဆီက ရေကိုသယ်ယူကာ ရေလိုက်လောင်းသည်။ ပါလာသည့် တံမြက်စည်းဖြင့် လမ်းပေါ်က သစ်ရွက်တွေ လိုက်လံလှည်းကျင်းသည်။ လမ်းပေါ်ရောက်လာသည့် ကိုင်းဖျားကိုင်းနားတွေကိုလည်း လမ်းသွားလမ်းလာကားတွေနဲ့လွတ်အောင် အမြဲခုတ်ပေးတတ်သည်။ သစ်ပင်အကိုင်းကြီးမျိုးဆို ခုတ်ပြီး အလကားလွှင့်မပစ်တတ်။ သစ်ပင်အောက်တွင် လမ်းသွားလမ်းလာများ ထိုင်ရအောင် ခုံတန်းလေးတွေ လုပ်ပေးထားပြန်သည်။ ဒါတင်ပဲလားမကသေး။ သူစိုက်ထားတဲ့ သစ်ပင်အောက်မှာ သူရိုက်ပေးတဲ့ ခုံပေါ်ထိုင်ရင်း အမောပြေသောက်ရန်အတွက် ရေအိုးစင်လေးများလည်း တည်ပေးထားတတ်ပြန်ပါသေးသည်။

ဦးငွေက သူတင် သစ်ပင်စိုက်ရုံနဲ့ အားမရ။ သူမွေးထားသည့် သားသမီးခုနစ်ယောက်ကိုလည်း သူ့လို သစ်ပင်စိုက်ဖြစ်အောင် ၀ါသနာမျိုးစေ့တွေ ချပေးသည်။ သားသမီးတစ်ယောက်ယောက်၏ မွေးနေ့မျိုးဆို ဦးငွေက သစ်ပင်လေးတစ်ပင် လိုက်စိုက်ပေးကာ မွေးနေ့လက်ဆောင် ပေးတတ်သည်။ အဲဒီလိုနေ့မျိုးဆို ရှိတဲ့သားသမီးအကုန် ဆိုက်ကားပေါ်တင်သည်။ ရှေ့ကဘောင်တန်းပေါ်မှာ တစ်ယောက်၊ နောက်က ကယ်ရီယာပေါ်မှာ တစ်ယောက်၊ ဘေးက ဆိုက်ကားပေါ် သစ်ပင်စိုက်ပစ္စည်းတွေကြား နှစ်ယောက်၊ သုံးယောက် ပြုံတင်ကာ လူပဒေသာပင်ဖြင့် သစ်ပင်စိုက်ထွက်သည်။ ဆိုက်ကားနဲ့မဆံ့တော့တဲ့ ကလေးတွေကျတော့ စက်ဘီးလေးတွေစီးကာ လိုက်ခိုင်းသည်။ ကလေးတွေက သစ်ပင်စိုက်ဖို့ မြေကျင်းတူးပေးရတာမျိုး၊ ရေဆွဲပေးရတာမျိုး ကူညီစေခဲ့သည်။ နောက်ပြီး သစ်ပင်သစ်ကိုင်း ချိုင်မည်ဆိုလျှင် လမ်းသွားလမ်းလာများ ထိခိုက်မှုမရှိစေဖို့ ၀ါးလုံးတစ်လုံးပေါ် ပုဆိုးတစ်ထည်ချည်နှောင်ကာ သားသမီးတွေကို ကိုင်ဆောင်ထားခိုင်းခဲ့သည်ဟု ဦးငွေသားသမီးများကဆိုပါသည်။

ဦးငွေက သားသမီးတင်လားဆိုတော့မဟုတ်။ ဦးငွေသားသမီးခုနစ်ယောက်ရှိသည့်အနက် အိမ်ထောင်ကျပြီး သားသမီးများ၏ သမက်များ၊ ချွေးမများကိုလည်း သားသမီးများကဲ့သို့ပင် မွေးနေ့မွေးရက်များ၌ သစ်ပင်လေးတွေ စိုက်ပေးတတ်ပြန်ပါသေးသည်။ သစ်ပင်များစွာပျိုးနေရသည့်မို့ သစ်ပင်ပျိုးလို့ရသည့် အိုးအကွဲလေးတွေ ဘူးခွံအဟောင်းလေးတွေဆိုလျှင် သားသမီးများရော သား၊ သမက်၊ ချွေးမများကိုပါ အချိန်မရွေး နေရာမရွေး သွားကောက်ခိုင်းတတ်သည်။ ငယ်တဲ့ကလေးတွေကတော့ အိုးစုတ်ခွက်စုတ်တွေ လိုက်ကောက်ရတာရှက်တော့ ဦးငွေက တစ်ခွန်းပဲပြောသည်။ ‘‘ကုသိုလ်တွေရတာ။ ခိုးစားတာမဟုတ်ဘူး’’ တဲ့။
ဦးငွေက ၈၄ လမ်း မီးပွိုင့်နားလောက်ကနေ ဟိုးအနောက်ဘက် ဂေါဝိန်နဲ့ သင်္ဘောကျင်းတွေဘက်ထိ သစ်ပင်တွေစိုက်သည်။

အဲသည်နေရာတွင်သာမက ဘုရားကြီးနား၊ အမှတ်(၆)ကားဂိတ်၊ ကျုံးတောင်ဘက်တစ်လျှောက်၊ ရွှေကျီးမြင်ဘုရား၊ ပေါက်မြိုင်၊ ဖာသာလဖုန်းကျောင်း အစရှိသည့် နေရာတွင်မှာလည်း သစ်ပင်တွေ စိုက်ခဲ့ပါသည်။ ဦးငွေက အရိပ်အာဝါသကောင်းမွန်စေမည့် သစ်ပင်တွေ  ဦးစားပေးစိုက်သည်။ ကုက္ကို၊ တမာ၊ ထနောင်း၊ မည်စည်၊ ဗာဒံ၊ ခရေ၊ တည်ပင်၊ ညောင်ပင်တွေ ဖြစ်သည်။ ပန်းသပြေ၊ စိန်ပန်း၊ သရက်၊ မဲဇလီ၊ သစ်ဆိမ့် အစရှိသည့် အမျိုးအစားစုံ သစ်ပင်တွေလည်း စိုက်ခဲ့ပါသည်။

ဦးငွေက သူစိုက်ခဲ့တဲ့ သစ်ပင်လေးတွေ နည်းနည်းကြီးလာ၊ မာလာပြီဆိုလျှင် သံပြားကလေးပေါ် သဘောင်္ဆေးဖြင့် အပင်နံပါတ်မှတ်၊ စာအချို့ရေးထိုးကာ အမှတ်သညာပြု လိုက်တပ်တတ်သည်။ ထိုသံပြားလေးပေါ်တွင် အပင်နံပါတ်နှင့်အတူ ‘‘လူထုကြီးအရိပ်ခိုဖို့ စိုက်ထားသော သစ်ပင်ပေါင်း(……) ဦးငွေကောင်းမှု၊ နတ်လူသာဓုခေါ်စေသော်၊ သာဓု၊ သာဓု၊ သာဓု’’ ဟူ၍ဖြစ်သည်။ ဦးငွေသည် သစ်ပင် ၅၀၀ အား သံပြားရိုက်နိုင်ခဲ့ပြီး စိုက်ပျိုးခဲ့သော သစ်ပင်ပေါင်းမှာ တစ်ထောင်ခန့်ရှိခဲ့သည်ဟု ဦးငွေ၏သားသမီးများကပြောသည်။

ဦးငွေ သစ်ပင်စိုက်သည်ကို သိသူတချို့က ဦးငွေကို ငွေစကြေးစအနည်းငယ်ပေးပြီဆိုလျှင် ဦးငွေက သစ်ပင်စိုက်ရာတွင် အသုံးပြုမည့်အကြောင်း ပြန်ပြောတတ်သည်။ တကယ်လည်း ဦးငွေက ပေးသွားသည့် ငွေကြေးကို အိမ်စားအိုးထဲ မထည့်တတ်။ သစ်ပင်စိုက်ဖို့ လိုအပ်တဲ့ ရေအိုး၊ ရေပုံး၊ ပျိုးအိုးလေးတွေ ၀ယ်ခဲ့ပါသည်။

အဲသလို သစ်ပင်တွေစိုက်၊ ပရဟိတတွေလုပ်ခဲ့သည့် ဦးငွေတစ်ယောက် သူ့သစ်ပင်တွေအတွက် စိတ်ထိခိုက်ခဲ့ရသည့် အချိန်တစ်ခုရှိခဲ့ဖူးသည်။ မြို့လမ်းချဲ့ဖို့အတွက် အတော်အတန်ကြီးနေပြီဖြစ်သည့် သစ်ပင်တွေ ခုတ်သွားသည့် အခါမျိုးဖြစ်သည်။ သို့သော် အများကောင်းဖို့အတွက်ဆိုတော့ ဘာမျှမတတ်နိုင်သည်မို့ ဦးငွေ စိတ်သာမကောင်းပေမယ့် သစ်ပင်အစိုက်တော့မပျက်။ အသက်(၇၀)ကျော်သည်အထိ သစ်ပင်တွေ သူ့ကိုယ်ပိုင် ဆိုက်ကားဖြင့် လိုက်လံစိုက်နေခဲ့တုန်း ဖြစ်သည်ဟု ဦးငွေသားသမီးများကဆိုသည်။

ဦးငွေက မကွယ်လွန်မီ ဇနီးဖြစ်သူ ဒေါ်သိန်းငွေနှင့် သားသမီးများ၊ သမက်နှင့် ချွေးမများကိုခေါ်ကာ သူကွယ်လွန်လျှင် ခန္ဓာကိုယ်ကို ဆေးတက္ကသိုလ်သို့ လှူချင်သည့်အကြောင်း ခွင့်တောင်းလာခဲ့သည်။ မိသားစုက သူ့ဆန္ဒအတိုင်း အလွယ်တကူ ခွင့်ပြုရုံသာမက ဇနီးဖြစ်သူ ဒေါ်သိန်းငွေကပင် ဦးငွေနှင့်အတူ ဆေးတက္ကသိုလ်သို့ ခန္ဓာကိုယ်လှူဒါန်းရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ဦးငွေတို့လင်မယား ဘုန်းကြီးငါးပါးပင့်ကာ သရဏံဂုံတင်ပြီး ခန္ဓာကိုယ်လှူဒါန်းခဲ့ပါတော့သည်။



မန္တလေးမြို့တွင် သစ်ပင်ပေါင်း ထောင်ချီစိုက်ခဲ့ဖူးသည့် ဦးငွေကတော့ ၁၉၉၀ ပြည့်နှစ်တွင် အသက်(၇၆)နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသည်။
ဦးငွေက ၁၂၇၆ ခုဖွားမို့ ယခုနှစ်တွင် နှစ် (၁၀၀) ပြည့်ခဲ့ပြီ ဖြစ်သည်။ ဦးငွေ ကွယ်လွန်သွားပေမယ့် ဦးငွေအမှတ်တရ သစ်ပင်စိုက်ပျိုးပွဲတွေကို နှစ်စဉ်ဦးငွေမွေးနေ့ရောက်တိုင်း ဦးငွေကဲ့သို့ပင် စက်တပ်ယာဉ်မသုံးဘဲ ဆိုက်ကားတွေကိုယ်စီဖြင့် သစ်ပင်စိုက်ပွဲတွေ ကျင်းပလာသည်မှာ လေးကြိမ်တိုင်ခဲ့ပြီဖြစ်သည်။

ကွယ်လွန်သွားပြီဖြစ်သည့် မန္တလေးက သတင်းစာဆရာ၊ စာရေးဆရာမကြီး အမေလူထု ဒေါ်အမာကတော့ ဦးငွေကို ‘‘လူသာဓုခေါ် နတ်သာဓုခေါ် ပုဂ္ဂိုလ်ကြီး’’ ဆောင်းပါးဖြင့် ရေးသားဂုဏ်ပြုခဲ့ဖူးပြီး အဆိုပါဆောင်းပါးပါသည့် မန္တလေးသူမန္တလေးများစာအုပ်အမှာတွင် ဤသို့မှတ်ချက်ပြုခဲ့ဖူးသည်။
‘‘အလှူဆိုတာ ငွေကြေးဓနရှိကြမှ လုပ်နိုင်တယ်လို့ အများအားဖြင့် ယုံကြည်ကြတယ်လေ။ ဆိုက်ကားသမားကြီး ဦးငွေကတော့ ငွေကြေးမရှိပေမယ့် စေတနာတွေ၊ မေတ္တာတွေ၊ သဒ္ဓါတွေရှိပါတယ်။ ဒါကြောင့် သူက ပူအိုက်တဲ့ မန္တလေးမှာ အေးမြတဲ့ အရိပ်အာဝါသတွေပေးမယ့် သစ်ပင်တွေကိုစိုက်ပြီး လှူခဲ့တယ်။ တစ်ယောက်ချမ်းသာ ကိုယ့်ဖို့ရှာ သတ္တ၀ါအပေါင်း ဆင်းရဲကြောင်းတဲ့။ ဟစ်တလာတို့ ဘုန်းမီးနေလထွန်းပတော့ ဥရောပတစ်တိုက်လုံး မီးလောင်ပြာကျပြီး လူတွေ အနန္တ သေကျေဒုက္ခရောက်ခဲ့ရတယ်။ လူ့လောကဆိုတာ ဒီလိုပုဂ္ဂိုလ်မျိုး ပေါ်ပေါက်ချင်ရင် ပေါ်ပေါက်လာတာပဲ။ ဦးငွေလို ဘယ်လောက်ဆင်းရဲဆင်းရဲ၊ ဘယ်လောက်ခွန်အားမဲ့မဲ့ မေတ္တာစေတနာကောင်းမွန်ဖြူစင်ရင် လူတွေအများကြီးကို ချမ်းသာသုခရအောင် လုပ်နိုင်တာပဲဆိုပြီး ဒီလိုသူတော်စင်ကြီးအကြောင်းကိုလည်း ရေးသားမော်ကွန်းတင်ခဲ့တာပါ’’ဟု ပြောကြားခဲ့ပါသည်။

မန္တလေးမှာတော့ နွေက တစ်စတစ်စပူပြင်းလို့လာပါပြီ။ ဦးငွေ မရှိတော့ပေမယ့် ဦးငွေစိုက်ထားသည့် သစ်ပင်တွေကတော့ မန္တလေးမြို့ကို အရိပ်အာဝါသကောင်းစွာပေးကာ အေးမြနေဆဲ။

http://7daydaily.com/story/31496#.VNtul3vdXLU

No comments:

Post a Comment