Pages

စိတ်ကျန်းမာရေး အာဟာရ

နေ့စဉ် တဒင်္ဂလောက် ဖြစ်ဖြစ် ကိုယ့်ရဲ့ အာရုံကို သတိထားကြည့်ပါ
နေ့စဉ် တဒင်္ဂလောက် ဖြစ်ဖြစ် ကိုယ့်ရဲ့ အာရုံကို သတိထားကြည့်ပါ

  ဒေါက်တာသက်ဦး

ကျန်းမာရေးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ရုပ်ရော စိတ်ပါ အကျုံးဝင်ပါတယ်။ စိတ်ကျန်းမာရေးဆိုတာ ဘယ်လိုမျိုးလို့ ယူဆပါသလဲ။ စိတ်ကြည်လင် ရွှင်ပျနေတာ၊ နေ့စဉ်လုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေကို နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်တာ တွေနဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အခွင့်အလမ်းပေါ် မူတည်ပြီး ရင်ဆိုင်နိုင်ဖို့ ယုံကြည်ချက်တွေ ရှိနေတယ် ဆိုရင်စိတ်ကျန်းမာရေး ပုံမှန်ရှိ နေတယ် လို့ ဆိုရမှာပါ။ ကိုယ်ခန္ဓာကျန်းမာဖို့ လုပ်ဆောင်ကြသလို စိတ်ကျန်းမာဖို့လည်း လုပ်ဆောင် လို့ရတဲ့ အချက်လေးတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ တပတ်က စိတ်ကျရောဂါ အကြောင်းကို ရေးပြီးခဲ့ပြီမို့ ဒီတပတ်တော့ လွယ်ကူရိုးရှင်းတဲ့ နည်းနာလေးတွေနဲ့ စိတ်ကျန်းမာရေး တိုးတက်အောင် လုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုပါတယ်။

တခြားသူတွေနဲ့ ပေါင်းသင်းဆက်သွယ်ပါ
ကိုယ့်ကို ကူညီဖေးမခြင်းရော၊ စိတ်ရွှင်လန်းမှုပါ ပေးနိုင်မယ့် ကိုယ့်ဝန်းကျင်က လူတွေနဲ့ ခိုင်မာမြဲမြံတဲ့ ဆက်ဆံရေး တည်ဆောက် ကြည့်ပါ။ လူသားချင်း ပေါင်းသင်းဆက်သွယ်မှုက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထောက်ကူပေး ပါတယ်။ အဲသလို ပေါင်းသင်း ဆက်ဆံရေးအတွက် အချိန်နဲ့ စိတ်အား စိုက်ထုတ်မှုက အချည်းနှီး မဖြစ်ဘဲ အကျိုး ရှိတာကို တွေ့ရမှာပါ။

ပျော်ရွှင်ဖို့ အချိန်ပေးပါ
ကိုယ့်အတွက် ပျော်ရွှင်ဖွယ်ရာ၊ ဝါသနာပါရာလေးတွေ လုပ်ဖို့ အချိန်ပေးပါ။ အဲဒါက တီထွင်ဖန်တီး မှုတွေနဲ့ အလို အလျောက် ဆောင်ရွက်မှုတွေ အတွက် တွန်းအားပါပဲ။ ကိုယ်စိုက်ထားတဲ့ သစ်ပင်တွေ အကြား လမ်းလျှောက်တာ၊ ကိုယ်နှစ်သက်တဲ့ စာအုပ်တအုပ်ဖတ်တာ၊ ပုံဆွဲတာ၊ ဇာထိုးပန်း ထိုးလုပ်တာ၊ ကလေးတွေနဲ့ ဆော့ကစားတာ၊ အိမ်မွေး တိရစ္ဆာန်တွေနဲ့ ဆော့ကစားတာတွေ အားလုံးလိုလိုက စိတ်ပျော်ရွှင်စေပါတယ်။

ပူးပေါင်းပါဝင် မျှဝေစေချင်
ကိုယ်နဲ့ စိတ်ဝင်စားမှု တူညီတဲ့ အသင်း အပင်း အဖွဲ့အစည်း တခုခုမှာ ပူးပေါင်း ပါဝင်ပါ။ အဲဒီလို လုပ်တာက ကိုယ်နဲ့ ဝါသနာတူတွေနဲ့ အတူ စုပေါင်း ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုတခု ရရှိသလို ခံစားကြည်နူးရ ပါတယ်။ အားကစား အသင်း၊ တီးဝိုင်းတဝိုင်း၊ နံနက်ခင်း လမ်းလျှောက်တဲ့ အုပ်စု၊ အကအဖွဲ့၊ သီချင်းဝိုင်းဖွဲ့ဆိုတာ၊ စာအုပ်ဝိုင်းပြီးဖတ်ကြတာ စသဖြင့် လှုပ်ရှားမှုတွေက စိတ်ကျန်းမာရေး အထောက်အကူတွေ ပါပဲ။

ပရဟိတ ဆောင်ရွက်ကြစို့ 
စေတနာ့ဝန်ထမ်း အလုပ်တခုခု အတွက် အချိန်ပေးတာ ကလည်း စိတ်ကို ကျန်းမာစေပါတယ်။ အိမ်နီးချင်းကို လိုအပ်တာလေး ကူညီတာက အစ၊ အရပ်ထဲမှာ သာရေးနာရေး လုပ်တာအဆုံး၊ အားလုံးလုပ် သင့်ပါတယ်။ ပါဝင်ကူညီ ဆောင်ရွက်သင့်တဲ့ အလုပ်တွေက တပုံကြီးပါ။
အဲဒီ အလုပ်တွေ ဆောင်ရွက်တာ ကလည်း ကိုယ့်ဘာသာကိုယ် စိတ်ကျေနပ်မှု ဖြစ်စေသလို ကမ္ဘာကြီးမှာ ကိုယ်လည်း တထောင့်တနေ ရာ ပါဝင်နေပါလား ဆိုတဲ့ အသိလေးနဲ့ အားရစေပါတယ်။ အများအကျိုးဆောင် ကိုယ့်အကျိုးအောင် ဆိုတာမျိုးလို တခြားဘဝတွေ တိုးတက်အောင် ဖြည့်ဆည်း ပေးရင်းက ကိုယ့်ဘဝလည်း တိုးတက်စေပါတယ်။

မိမိကိုယ်မိမိ ဂရုစိုက်ပါ
တက်ကြွလှုပ်ရှားနေသူ ဖြစ်အောင် ကြိုးစားပြီး အာဟာရပြည့်အောင် စားသောက်တတ်ပါစေ။ ဒါမှလည်း ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ပြည့်စုံမှာ ပါ။ ရုပ်ကျန်းမာမှုနဲ့ စိတ်ကျန်းမာမှုက ဒွန်တွဲနေရမယ့် ကိစ္စတွေ မဟုတ်လား။ စိတ်နဲ့ ရုပ်ကျန်းမာရေးက တခုနဲ့တခု အမှီသဟဲ ပြု နေကြရ တာပါ။ကိုယ်လက် လှုပ်ရှားဖို့ အားကစားရုံသွား နေစရာ မလိုပါဘူး။ ခြံဝင်းလေးရှိရင် သစ်ပင်စိုက်၊ ရေလောင်း၊ ချုံရှင်းပေါ့။ တိုက်ခန်းနဲ့ နေရရင်လည်းဖုန်သုတ်၊ အမှိုက် လှဲပေါ့။ ကိုယ်လက် လှုပ်ရှားတာရယ်၊ အာဟာရ မျှတတဲ့ အစာတွေ စားတာရယ်က ရုပ်ရောစိတ်ပါ ကျန်းမာနေအောင် ထိန်းပေးတာ ပါပဲ။

မိမိကိုယ်မိမိ စိန်ခေါ်ပါ
လုပ်စရာ အသစ်အဆန်းလေး တခုခုကို ရည်ရွယ်ချက် ထားပြီး ကျွမ်းကျင်မှုအသစ်တွေ သင်ယူ ကြည့်ပါ။ ကိုယ် လုပ်နေကျ ကိုယ့်ရဲ့ လုပ်ငန်းခွင်က အရာတွေနဲ့ ကွဲပြားတာမျိုး ပေါ့။ ဥပမာ- အားကစားနည်း တခုခု လုပ်ကြည့်တာ၊ ဟင်းအမည် တမျိုးမျိုးစမ်း ချက်ကြည့်တာ မျိုးတွေပါ။ သင်ယူမှုက စိတ်ပိုင်း ဆိုင်ရာကြံ့ခိုင်မှု ဖြစ်စေပါတယ်။ နောက်ပြီး ကိုယ်လုပ် ချင်တာလေး ဖြစ်အောင် လုပ်ကြည့်မယ် ဆိုတဲ့ ဆန္ဒနဲ့ ယုံကြည်မှုက ကျွမ်းကျင်မှုနဲ့ ယုံကြည်မှုတွေ ရရှိ စေပြီး အလုပ်မှာ ပြီးမြောက်အောင်မြင်မှုနဲ့ တိုးတက်မှုတွေ ရစေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ရင်ဆိုင်ပါ
ကိုယ့်ကို စိတ်ဖိစီးမှု ဖြစ်စေတာ ဘာတွေလဲ လို့ သတိပြုပြီး ဘယ်လို တုံ့ပြန်မလဲ ဆိုတာ ဆုံးဖြတ်ရမှာ ပါ။ တချို့ စိတ်ဖိစီးမှု ဖြစ်စရာတွေကို ရှောင်ကြဉ်နိုင် သလို တချို့ကိုကျတော့လည်း ဖြေရှင်းဖို့ ကြိုတင် ပြင်ဆင်နိုင်လာမှာ ပါ။ စိတ်ဖိစီးမှု ဆိုတာကလည်း ဘဝရဲ့ အစိတ်အပိုင်းတခု အဖြစ် လူတွေကို ပုံစံအမျိုး မျိုးနဲ့ ထိခိုက်စေတာ မဟုတ်လား။ ဒါပေမယ့် ကိုယ့်အတွက် သိပ်ခက်ခဲပြီး မဖြေရှင်းနိုင်တဲ့ အခြေအနေ ရောက်မှသာ ပြဿနာအဖြစ် မှတ်ယူရမှာပါ။ ယောနိသော မနဿီကာရ ဆိုသလို သင့်တင့်မျှတတဲ့ သဘောထား ခံယူချက်ရှိရင် စိတ်ဖိစီးမှုကို ခံနိုင်ကြမှာပါ။ စိတ် မသက်မသာ ဖြစ်လာချိန်တွေမှာ တရားထိုင်၊ ရှူရှိုက်၊ ယောဂလေ့ကျင့်မှု တွေနဲ့ လျော့ပြေအောင် ကြိုးစားလို့ ရပါတယ်။

လန်းဆန်းဖို့ အားဖြည့်ပါ
ယာဉ်တွေမှာ ဆီဖြည့်သလိုမျိုး လူမှာလည်း စွမ်းအင် ဖြည့်တင်းပြီး မောင်းနှင်မှ အဆင်ပြေနိုင်မှာပါ။ အိပ်ရေးဝ၀ အိပ်ပါ။ နေ့စဉ် အိပ်ရာဝင်ချိန် မှန်အောင် လေ့ကျင့်ပေးတာက ကောင်းမွန်စွာ အိပ်စက်နိုင်ရေးမှာ အရေးပါဆုံး ပေါ့။ အိပ်ရေးဝမှ ကိုယ်ရော စိတ်ပါ လန်းဆန်းပါတယ်။ ဒါပေမယ့်လည်း အိပ်ရေးဝတဲ့ တိုင်အောင် နွမ်းနယ်နုံးချည့်နေတဲ့ ခံစားမှုမျိုး လည်း ရှိနေတတ်ပါတယ်။ ဒီလိုဆိုရင်တော့ နေ့စဉ် လန်းဆန်းမှုရဖို့ အချိန်တခုတော့ ပေးရပါ လိမ့်မယ်။ ဥပမာ- စိတ်ကို လွှင့်ပြီး ထားလိုက်တာမျိုး၊ နေ့လယ် ခင်းမှာ တွေးချင်ရာ တွေးနေလိုက်တာမျိုး၊ တိမ်တွေကို ခဏငေးကြည့် နေလိုက်တာမျိုး ပေါ့။ ဖြစ်နိုင်ရင် တနေ့တာ လုပ်ရမယ့် အချိန်ဇယားမှာ ဘာမှမလုပ်ရန်ဆိုတဲ့ အချိန်လေးတခု ထည့်သွင်းသင့်တာ ပါပဲ။

ပစ္စုပ္ပန်ကိုသတိပြုပါ
နေ့စဉ် တဒင်္ဂလောက်ဖြစ်ဖြစ် ကိုယ့်ရဲ့ အာရုံကို သတိထားကြည့်ပါ။ ရိုးရိုးလေးပဲ ပစ္စုပ္ပန်ကို ခံစား ကြည့်လိုက်ပါ။ မျက်နှာပေါ်ကို ထိုးကျနေတဲ့နေရောင် ခြည်နဲ့ ပါးပြင်ကို တိုးဝှေ့နေတဲ့ လေပြည်၊ ပြီးတော့ နှာသီးဖျားလေးကနေ ဝင်ထွက်နေတဲ့ လေ အစရှိတာ လေးတွေကို ခံစားကြည့်ရုံပါပဲ။ သိပ်တော့ လွယ်တဲ့ ကိစ္စ မဟုတ်လှပါဘူး။ အတိတ်က အကြောင်းတွေ တွေးရတာ၊ အနာဂတ်ကို ကြိုပြီး စိတ်ကူးယဉ် တွေးတောရတာက လွယ်ကူသလို လူတိုင်းလည်း လုပ်ဖြစ် ကြပေမယ့် ပစ္စုပ္ပန်မှာ နေဖို့ကတော့ အတော်လေး ကြိုးစားရမှာပါ။

ဒါပေမယ့် အချိန်တိုလေးတွေ လေ့ကျင့်ပေးတာကနေ စတင်ကြည့်ပါ။ ကိုယ့်ရဲ့ အတွင်းအပ ဖြစ်ပျက်နေတာလေးတွေ ကို သတိပြုမိတာကလည်း  စိတ်ကျန်းမာရေးကို  အတော်လေး အထောက်အကူပြုပါတယ်။ သမထ တရား ရှုမှတ်တာ ကလည်း အဆင်ပြေ တာပါပဲ။

အကူအညီတောင်းခံပါ
ရိုးရိုး စင်းစင်းလေးပါ ပဲ။ ကိုယ့်မိတ်ဆွေကို မအားလပ်တဲ့  အခိုက်မှာ ကလေးထိန်းကူဖို့ အကူအညီ တောင်းတာမျိုး၊ ကိုယ့်ရဲ့ ပြနေကျဆရာ ဝန်ကို စိတ်နဲ့ပတ်သက် ပြီးတိုင်ပင် နှစ်သိမ့်ဆွေး နွေးမှုခံယူဖို့ ဘယ်ကိုသွား သင့်သလဲ မေးမြန်းတာမျိုး ပေါ့။ လူတိုင်းမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေ ကြုံတတ် တာပါပဲ။ ကိုယ်ကလည်း ကူညီဖို့ ဝန်မလေး သင့် သလို ကိုယ့် အတွက် အကူအညီ တောင်းခံဖို့လည်း ဝန်မလေး သင့်ပါဘူး။ တလုံးတဝ မရနိုင်ပါဘူး ဆိုတဲ့ တိုင်အောင် အကူအညီ တောင်းတတ်တဲ့ အလေ့လေး လုပ်ပေးသင့်ပါတယ်။

တကယ်တမ်း ကျတော့လည်း ဘယ်သူမှ ပြီးပြည့် စုံပြီး ချမ်းမြေ့နေတဲ့ဘဝကို ရနေကြတာ မဟုတ်ပါဘူး။ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေး အတွက် လိုအပ်ချက်တွေ ရှိသလို ဖြည့်ဆည်းပေးလို့ ရတာတွေလည်း ရှိပါတယ်။ အခု တင်ပြခဲ့တာ လေးတွေကို ကြည့်ရင် ငွေကုန် ကြေးကျ မရှိဘဲ စိတ်ကျန်းမာရေးကို အထောက်အကူပြုမှာ လေးတွေ ပါပဲ။ အမူအကျင့်လေးတွေ၊ အတွေးအမြင် လေးတွေ ပြင်ဆင်သင့်တာ ပြင်ဆင်ရတာမျိုးက မလွယ်ကူလှပေမယ့် လေ့ကျင့်ပေးရင် အဆင်ပြေ ချောမွေ့လို့ စိတ်ရောကိုယ်ပါ ကျန်းမာကြ လိမ့်မယ်လို့ ယုံကြည်မိပါရဲ့။     ။

No comments:

Post a Comment