Pages
▼
အကယ်ဒမီ ခိုင်သင်းကြည်နဲ့ တွေ့ဆုံခြင်း
၂၀၁၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ရရှိခဲ့သူက ခိုင်သင်းကြည် ပါ။ ခိုင်သင်းကြည် အကယ်ဒမီရတာကို ပျော်ရွှင်ကြတဲ့ ပရိသတ်ကို ကြည့်ပြီး သူ့ရဲ့ ပရိသတ်တွေက သူ့ကို ဘယ်လောက်တောင် အကယ်ဒမီဆု ရစေချင်တယ်ဆိုတာ ပြောပြစရာမလိုလောက်အောင် ထင်ရှားမြင်သာ နေတာ အမှန်ပါပဲ။ ဆုတောင်းပေးတဲ့ ပရိသတ်တွေ ဆုတောင်းပြည့်တဲ့ ဒီနှစ်အတွက် အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ အနုပညာ ဖြတ်သန်းမှု အကြောင်းများနဲ့ အကယ်ဒမီ ခံစားချက်များကို ပရိသတ်များ အတွက် ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က မေးမြန်းဖော်ပြလိုက် ပါတယ်။
မေး။ ။ မခိုင်သင်းကြည်ရဲ့ အနုပညာ ဖြတ်သန်းမှု အကြောင်းကနေ စပြီးတော့ ပြောပြပေးပါလား။ အနုပညာ သက်တမ်း ဘယ်လောက်အကြာမှာ အကယ်ဒမီ ရရှိခဲ့တာပါလဲ။
ဖြေ။ ။ အစ်မက ၁၉၉၂ ခုနှစ် ကျော်သူ စပါယ်ရှယ် ပြက္ခဒိန်မှာ ရှေ့ဆုံးစာမျက်နှာမှာ စပြီးပါခဲ့တယ်။ ၁၉၉၃ ခုနှစ် လောက်မှာ ကြော်ငြာလေးတွေ စရိုက်တယ်။ ၉၃-၉၄ လောက်မှာပဲ မန္တလေးဘီယာနဲ့ ပရိသတ် စပြီးသိခဲ့တယ်။ ၁၉၉၄ ခုနှစ် လောက်ကစပြီး ပရော်ဖက်ရှင်နယ် အဖြစ် ပထမဆုံး စရိုက်ခဲ့တယ်။ ဇာတ်ကားတွေ မရိုက်သေးဘဲနဲ့ ကြော်ငြာနဲ့ပဲ နှစ်နှစ်၊ သုံးနှစ်လောက် ရပ်တည်ခဲ့သေးတယ်။ နောက်တော့မှ ဇာတ်ကားတွေ စရိုက်ခဲ့တယ်။
ပထမဆုံး စရိုက်ခဲ့တဲ့ ဇာတ်ကားကြီးက ချစ်လိုက်တော့ ဝမ်း၊ တူး၊ သရီး ဆိုတဲ့ ကားပါ။ အနုပညာ သက်တမ်း တလျှောက် ရုပ်ရှင်ကားကြီးပေါင်း ဘယ်နှကားလောက် ရိုက်ကူးဖြစ်ခဲ့လဲ ဆိုတာတော့ အတိအကျ မမှတ်မိ တော့ဘူး။ လေးဆယ်၊ ငါးဆယ် လောက်တော့ ရှိမယ်ထင်တယ်။
မေး။ ။ ဒါဆို အနုပညာသက်တမ်း အနှစ် ၂၀ လောက်မှ အကယ်ဒမီ ရရှိခဲ့တာပေါ့နော်။ အဲဒီ အပေါ်ရော ကိုယ့်ကိုယ်ကိုယ့် ဘယ်လိုမြင်မိလဲ။ သုံးသပ်မိလဲ။
ဖြေ။ ။ ဘယ်လိုသုံးသပ်မိလဲ ဆိုတော့ အစ်မ အမြဲပြော နေကျ ရှိတယ်၊ ဒါဟာ ကံပါပဲ။ တချို့က အကယ်ဒမီ မှန်းလို့ ကားကြီး များများရိုက်ကြတယ်။ ဒါပေမယ့်လည်း မနှစ်က ဆိုရင် တကားတည်းနဲ့ ဖွေးဖွေးလေးက စစချင်းကား မှာ အကယ်ဒမီ ရခဲ့တယ်။ ဒါဟာ ဘာမှ ပြောလို့ မရပါဘူး။ ဒါဟာ ပေးတဲ့သူ အပေါ် မူတည်တာပါ။ ပေးတဲ့သူက သူ့ရဲ့ အကြိုက်ကလေးမှာ ပေးချင်တဲ့အခါမှာ ဖြစ်သွားတာပေါ့။ အစ်မတို့ ဆိုရင် အချစ်ကိုစားသော ကိန်းဂဏန်း လို ကားမျိုးတွေမှာ တော်တော်များများ အစ်မ လုပ်ခဲ့ရတယ် ပေါ့။
နှလုံးလှလူမိုက် ကားနဲ့ အမေနဲ့သမီးများ ကားတွေကလည်း အားလုံးသိတဲ့ ကားတွေ ပေါ့။ နောက်ပြီး မိုးကုတ်စက်ဝိုင်း ကို ဗဟိုပြု၍ ဆိုတဲ့ ဇာတ်ကားမှာ ဆိုရင်လည်း အမေနဲ့ ရည်းစားကြား ဗျာများရတဲ့ ကာရိုက်တာကို ပါးပါးလေး လုပ်ပြရ တာပေါ့။ တချို့ ကျတော့လည်း ပါးပါးလေးလုပ်ပြီး အကယ်ဒမီ ရသွားကြတာလည်း ရှိတာပဲလေ။ အစ်မကျတော့ ပါးပါးလေး မပြောနဲ့ ထူထူတောင် မရခဲ့ဘူးပေါ့ နော်။
နောက် ကဝေပျို၏ ပစ္စုပ္ပန် လို ဇာတ်ကားတွေမှာလည်း အရူးမလို ပုံစံမျိုးလေး လုပ်ခဲ့တယ်။
ဒါတွေက ပေးမယ် ဆိုရင်တော့ ပေးလို့ရတဲ့ ပြကွက်ကားလေးတွေ ဆိုပေမယ့် ကံ ပေါ့နော်။ တချို့ဆို အဲဒီလိုမှာ ရပေမယ့် မရတဲ့ကားတွေမှာ ပိုကောင်းနေတာ မျိုးတွေလည်း ရှိတယ်လေ။ နှလုံးလှလူမိုက်ကားနဲ့ အစ်မကို ပြောကြတုန်းက ဆိုရင် အစ်မ အနုပညာသက်တမ်း နည်းသေးတယ် ပြောရမှာပေါ့။
နောက်ပြီး အဲဒီ အချိန်တုန်းက ဒီအပေါ် အာရုံ သိပ်မစိုက်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အစ်မ သမီးလေးမွေးပြီး ပေါင်ချိန် ၂ ပေါင်တည်း ရှိလို့ ဆေးရုံရောက်နေတဲ့ အချိန်လေ။ အစ်မ ကလေးလေးက တလသား၊ ပေါင်ကလည်း သုံးပေါင်ပဲ ရှိသေးတော့ အစ်မက ဆေးရုံက မဆင်းချင်သေးဘူး။ အဲဒီမှာ ဆေးရုံအုပ်ကြီး ဦးအေးသောင်းက အကယ်ဒမီပွဲ ရှိတယ်၊ နင်လည်း နာမည်ကြီး နေတယ်၊ ဒါနဲ့ ဇွတ်ဆင်းခိုင်းလို့ အိမ်ရောက်ပြီး အစ်မ ပွဲတက်ဖြစ်တာ။ နို့မို့ဆိုရင်လည်း အစ်မ အဲဒီပွဲကို တက်ဖြစ်မှာ မဟုတ်ဘူး။ ကလေးကလည်း နေမကောင်းတော့ ကိုယ့်အပူနဲ့ကိုယ် ဖြစ်နေတယ်။ သက်တမ်းကလည်း အရမ်းနုတော့ မမှန်းဘူးပေါ့။
ဒါပေမယ့် ပရိသတ်တွေက ရမယ်၊ ရမယ်ဆိုပြီး ပြောနေကြတော့ ဆရာဝန်ကြီးကလည်း တော်ကြာ ငါဆေးရုံက ပေးမဆင်းလို့ မရတာ ဖြစ်နေဦးမယ် ဆိုပြီး ပေးဆင်းလိုက်လို့သာ ပွဲကို တက်ဖြစ်တာပါ။ အကယ်ဒမီက လွဲခဲ့ပေမယ့် အစ်မ ကိုယ်တိုင်လည်း မမှန်းခဲ့ပါဘူး။ အဲဒီကား ကလည်း ရုပ်ရှင်ကားကြီးရိုက်တဲ့ လေးကားမြောက်လားပဲ ရှိသေးတာ လေ။
နောက် အမေနဲ့သမီးများ ဇာတ်ကားမှာလည်း ဇာတ်ပို့မှာ အစ်မတယောက်ပဲ တစ်ပြေး ခဲ့တာလေ။ အစ်မလေ အခု အချိန်ထိ ဘယ်သူကိုမှ မေးလည်း မမေးဘူး၊ မမေးရဲတာလည်း ပါတယ်။ မမေး တတ်တာလည်း ပါတယ်။ အကယ်ဒမီ ဘုတ်အဖွဲ့ထဲမှာ ကိုယ်နဲ့သိတဲ့သူ ပါပေမယ့်လည်း ဖုန်းဆက်ပြီးလည်း မမေးတတ်ဘူး၊ မမေးရဲဘူး။အဲဒီတုန်း ကတည်းက ကိုယ်က မမေးပေမယ့် အတွင်းသိတွေက မခိုင်တို့က သေချာနေပြီပေါ့၊ စာရင်းမှာပါနေပြီပေါ့။ အကယ်ဒမီ ပေးဖို့ နှစ်ရက်၊ သုံးရက်အလိုမှာ သိပြီပေါ့နော်။ အစ်မတို့နာမည်တွေ ပါနေတယ်ပေါ့။
ဒါပေမယ့် မနက်ဖြန်ပေးမယ့် အချိန်မှာ ဒီနေ့လို အချိန်မျိုးမှာ မင်းသမီးတွေကို မပေးဘူး ဆိုပြီး ဖြုတ်လိုက်တဲ့အခါ ကျတော့ အစ်မတို့ မရဘူးပေါ့။ အဲဒါလေးကတော့ လွဲသွားတာပေါ့။ နှလုံးလှ လူမိုက်တုန်းကတော့ အစ်မကိုယ်တိုင်က သက်တမ်းနုတယ်၊ ကိုယ့်ရှေ့မှာ ကိုယ့်စီနီယာတွေ ရှိတယ် ဆိုပြီး အစ်မက မမှန်းတာပါ။ ကိုယ့်အပူနဲ့ကိုယ် ဆေးရုံ ရောက်နေပြီး ဆရာဝန်ကြီးက အတင်းဆင်းခိုင်းပြီး သွားတက်ဆိုတော့ ရယ်လည်း ရယ်ရပါတယ်။ အစ်မ ရောက်တော့ တော်တော်လည်း နောက်ကျပါတယ်။ ဖိတ်စာတွေကလည်း ပျောက်၊ အစ်မရဲ့ ခုံနံပါတ်တောင် ပျောက်နေတယ်။ ပေးဖို့ နေနေသာသာ ခုံနံပါတ်တောင် ဘယ်နားရောက်နေ မှန်း မသိပါဘူး။
မေး။ ။ အကယ်ဒမီကို ထင်ကြေးပေးခံရပြီး လွဲခဲ့ရတဲ့ အနုပညာရှင်ရဲ့ ဖီလင်က ဘယ်လိုရှိခဲ့လဲ။
ဖြေ။ ။ အစ်မ အမှန်အတိုင်း ပြောရရင်လေ မရတော့ဘူးဆိုတာ သိနေပါတယ်။ မနက်ဖြန်လို ပေးတော့မယ် ဆိုရင် ဒီနေ့လို အချိန်မျိုးမှာ လာပြောကြတယ်။ မင်းသမီးတွေ မပေးတော့ဘူး ကြားတယ်၊ အဲဒီတော့ ဟယ်၊ ဟုတ်လား၊ တယောက်မှ မပေးတော့ ငါလည်း မရရင် ဘာဖြစ်လဲ ပေါ့။
တကယ်လည်း အထဲရောက်တော့ မပေးဘူးပေါ့ နော်။ မပေးတော့လည်း ဘာဖြစ်လဲ ပေါ့။ အစ်မရဲ့ သဘော သဘာဝက အစ်မက သိပ်လောဘ မကြီးတတ်ဘူး။ ဘာကြီး ဖြစ်ရမှဆိုတာလည်း ငယ်ငယ်ကတည်းက မရှိခဲ့ဘူး။ အနုပညာ လောကမှာလည်း ငါ ဘာကြီးဖြစ်ရမှ မဟုတ်ဘဲ ပုံမှန်လေးပဲ ကြိုးစားတယ်။ အိုက်တင်လုပ်ဖို့ အသက် ထွက်ရင် ထွက်ပါစေ ဆိုပေမယ့်၊ ကျန်တဲ့ အပိုင်းတွေ မှာ အစ်မ မသိတတ်ခဲ့တာတွေ အများကြီးပါ။
အနုပညာ လောကထဲမှာ အစ်မ စဝင်လာတဲ့အချိန်က အသက်ငယ်တာလည်း ပါတယ်။ အဖေတို့နဲ့ပဲ နေခဲ့ရပြီး ယောက်ျားလေးတွေနဲ့ ရင်းရင်းနှီးနှီး မနေခဲ့ရ တာလည်း ပါတယ်။ မင်းသားတွေ ဆိုရင်လည်း ပြောဖို့၊ နှုတ်ဆက်ဖို့ အတွက် လူမှုရေး အရမ်းအားနည်း ခဲ့တယ်။ တွေ့လို့ နှုတ်ဆက်ရကောင်းမှန်းလည်း မသိ၊ စကား ပြောရ ကောင်းမှန်း လည်း မသိ၊ ကိုယ်က စပြီး လေးလေးစားစား လုပ်ရကောင်းမှန်းလည်း မသိလေ။ တော်တော်လေးကို လူမှုရေးပိုင်းမှာ အားနည်းခဲ့ပါတယ်။ အိုက်တင်ပိုင်း မှာသာ ကြိုးစားခဲ့ရတာ။ ကျန်တာတွေကိုလည်း ဘာမှ မသိခဲ့တာလေ။ ကိုယ်ရချင်ရင် ရလိမ့်မယ် ဆိုတဲ့ ကံဆိုတာပဲ ရှိခဲ့တယ် ပေါ့။
ဘယ်လိုအိမ်နဲ့ နေရမှ၊ ဘယ်လိုကား စီးရမှ၊ ဘယ်လိုလူ ဖြစ်ရမှ ဆိုတဲ့ အတွေးလည်း မရှိခဲ့ပါဘူး။ မရတော့လည်း ဘယ်လိုမှ မနေဘူးပေါ့။ မရတဲ့နေ့က အစ်မ မရလို့ဆိုပြီး ငိုတဲ့သူ ရှိတယ်၊ ဝမ်းနည်း စိတ် မကောင်းဖြစ်တဲ့သူ ရှိတယ်။ ဖုန်းတွေ ဆက်ကြ၊ ငိုသံတွေနဲ့ ဆက်ကြတယ်။ အစ်မ အမေကလည်းငို၊ အစ်မယောက်ျားကလည်း စိတ်မကောင်းဖြစ်၊ အကုန်လုံးက အဲဒီလိုတွေ ဖြစ်ကြတော့မှ အစ်မက တော်တော်ကြီး စိတ်မကောင်းဖြစ်သွားတာ။
ငါကလည်း ဘာလို့ မရခဲ့တာလဲဆိုပြီး စိတ်မကောင်း ဖြစ်သွားတာ၊ လန့်လည်းသွားတာ။ ဟုတ်တာပေါ့၊ သူတို့ ရစေချင်တာ ငါမရတော့ ပရိသတ်ကလည်း ကိုယ့်မိသားစုလို ဖြစ်နေတော့ ပရိသတ်အပေါ်မှာ ကိုယ်က တာဝန် မကျေသလို ဖြစ်သွားတာပေါ့။
အဲဒီတော့မှ တနုံ့နုံ့နဲ့ တော်တော် စိတ်မကောင်းဖြစ်ပြီး အစ်မ ကြိုးစားပေမယ့် အရာတော့မထင်လာသေးဘူး ပေါ့။ နောက်ပိုင်း ကျတော့လည်း ဟာသကားတွေက အရမ်းခေတ်စား လာတယ်လေ။ ကိုယ့်ဘာသာကိုယ် ဒရာမာကားတွေ ကို လူဝင်ချင်ဝင်၊ မဝင်ချင်နေ ဆိုပြီး ဇာတ်ကားတွေ ထုတ်ရိုက်တော့မှပဲ တချို့မင်းသမီးတွေလည်း အကယ်ဒမီ ရကြပါတယ်။ အစ်မ ကျတော့လည်း ဟာသတွေပဲ ရိုက်နေရတာနဲ့ တချို့ဇာတ်တွေမှာ လုပ်ကွက်ရပေမယ့် ပေးချင်တဲ့ အခါနဲ့ မကြုံသေးတာရယ်၊ ရမယ့်ကံ မပါသေးတာနဲ့ လွဲခဲ့ရတာပေါ့။
အခုရတော့လည်း ဇာတ်ပို့ဆုလေး ပါပဲ။ ပရိသတ်တွေ ကျတော့လည်း ဇာတ်ဆောင်ဆုနဲ့ ရစေချင်တာပေါ့ နော်။ အစ်မ ကတော့ ဇာတ်ပို့ဆုနဲ့ပဲရရ၊ အနှစ် ၂၀ ကျော်မှပဲရရ၊ အသက်ကြီးမှပဲ ရရ၊ အများကြီး တန်ဖိုးထားပါတယ်။ အကယ်ဒမီ ထက်ကို ပရိသတ်ရဲ့ မေတ္တာကို တန်ဖိုးထားပြီး ဒါရတာဟာလည်း အရမ်း တန်ဖိုးရှိတယ်လို့ ယုံပါတယ်။
အခုဆိုရင် ဘယ် ရပ်ကွက်ထဲမှာ ခိုင်သင်းကြည် အကယ်ဒမီရလို့ ခေါက်ဆွဲကြော် ကျွေးတာ၊ ဘယ်က အသက် ၉၀ ကျော် ဦးသောင်းက ဘယ်လိုပျော်တာ၊ ဘယ်ရွာ၊ ဘယ်မြို့နယ်က အသက် ၇၀ ကျော် အဘွားက ထခုန်တယ်၊ ဘယ်သူက ထခုန်လိုက်တာ ခါးမျက်သွားတယ်။ ဘယ်ဒီဇိုင်နာကတော့ ထအော်လိုက်တာ အသံတောင်ကွဲတယ်။ Facebook မှာရော အကုန်လုံးက ပျော်ကြတော့ အစ်မက ဇာတ်ပို့ဆုပဲရရ တန်ဖိုး ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပရိသတ်က အရမ်းဆုတောင်းပေးပြီး ရတဲ့ဆုပါ။
မေး။ ။ ဒီနှစ် ရုပ်ရှင်အစည်းအရုံးက ပထမဆုံးလုပ်တဲ့ အကယ်ဒမီပွဲအပေါ် မခိုင်သင်းကြည်ရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ကောင်းပါတယ်၊ ဘယ်ဟာမဆို နေရာတိုင်းမှာတော့ ပြည့်စုံပြီး ကောင်းလွန်းတော့ မရှိပါဘူး။ အစ်မတို့ တိုင်းပြည် ဆိုတာလည်း ကိုယ့်ရဲ့ အခြေအနေလေးနဲ့ ကိုယ် လုပ်ရတာ။ အစ်မတို့ တိုင်းပြည်ကလည်း သိပ်ချမ်းသာပြီး ဘာမဆို လိုတရတဲ့ တိုင်းပြည် မဟုတ်ဘူးလေ။ အစ်မတို့က အစ ဘာပစ္စည်းလိုလို နိုင်ငံခြားမှာ ဝယ်ရတာလေ။
သူ့ အနေအထားလေးနဲ့ သူမှာ ဒီလောက်ထိ ကောင်းအောင် လုပ်သွားနိုင်တယ်ဆိုတော့ ဘာပဲပြောပြော အစ်မကတော့ ကျေနပ်ပါတယ်။ မလိုအပ်ဘူး မဟုတ်ဘူး၊ လိုအပ်တာကတော့ ရှိမှာပဲလေ။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ အနေအထားလေးနဲ့ လုပ်ရတဲ့ အတိုင်းအတာမှာ စစဦးချင်း အတွေ့အကြုံပဲလေ။ ဒါတောင်မှ စပွန်ဆာကြီးတွေလည်း ဝိုင်းဝန်း ပံ့ပိုးပေးလို့လေ။ ကျေးဇူးလည်း အရမ်းတင်ပါတယ်။ ဘာပဲပြောပြော ဒါလေးကတော့ အောင်မြင်တယ် လို့ပဲ ပြောရမှာပေါ့။
မေး။ ။ စုန်းပြူး ဇာတ်ကားမှာ ဇာတ်ပို့ဆု အတွက် မှန်းထားတဲ့ တခြား သရုပ်ဆောင်တွေလည်း ရှိတယ် ပေါ့။ ဒီ ဇာတ်ပို့ဆု ပေးတဲ့အပေါ် တရားမျှတမှု ရှိတယ်၊ မရှိဘူး ပြောလာကြတဲ့ အပေါ်ကိုရော မခိုင်သင်းကြည်က ဘယ်လို ပြောပြချင်ပါလဲ။
ဖြေ။ ။ အစ်မကတော့ အဲဒီအပေါ် ဘာမှ မပြောချင်ပါဘူး။ ဘယ်လိုခေါ်မလဲ ဆိုတော့ ကိုယ်ချင်းစာ ပါတယ်။ အစ်မ ဆိုရင်လည်း လိုချင်တာပဲလေ။ မရတဲ့သူကလည်း လိုချင်မှာပဲ လေ။ ဒါတွေဟာ သဘာဝတရားပါ။ အစ်မအနေနဲ့ ကတော့ ဘာကိုမှ မပြောချင်ပါဘူး။ ကိုယ်မရလည်း တခြားတယောက်ရမှာပဲ၊ တခြား တယောက်မရလည်း ကိုယ်ရမှာပဲပေါ့ နော်။ အခုခေတ်ကတော့ ပုံမှန် တယောက်ကိုပဲ ရွေးပေးတာကိုး၊ အရင်တုန်းကလို အရမ်းပေးချင် ဇောတွေ ကြီးပြီး နှစ်ယောက်တွေ တွဲပေးတယ် ဆိုရင်တော့လည်း တမျိုးပေါ့လေ။ ကောင်းတဲ့သူ၊ တော်တဲ့သူကလည်း ရချင်မှာ ပါပဲ။ ကိုယ်ချင်းစာပါတယ်။
မေး။ ။ စုန်းပြူးကား ရိုက်တုန်းက အမှတ်တရ ရှိခဲ့ရင်လည်း ပရိသတ်ကို ပြန်ပြောပြပေးပါဦး။
ဖြေ။ ။ အမှတ်တရ ကတော့ အစ်မတို့ ပုံမှန်သာမန် ပါပဲ။ ပျော်ပျော်ပါးပါး ရိုက်သွားကြတယ်။ နေတိုးနဲ့ အစ်မနဲ့ ရိုက်တဲ့ အခန်းမှာ ဆိုရင် မေမြို့က ၀က်ဝံရေတံခွန် လေးက အစွန်းလေးမှာ ရိုက်တုန်းက ဆိုရင် ဒါရိုက်တာ ဦးဝင်းထွန်းထွန်းကလည်း ထော်လီတွေ၊ ကရိန်းတွေနဲ့ သေချာအကောင်းဆုံး ရိုက်ခဲ့တာပါ။
အဲဒီမှာ မီးထိုး မှန်ထိုးတွေကလည်း ဟိုး ချောက်အောက် အထိ ဆင်းပြီးရိုက်တော့ သူတို့က မခိုင်လေးတို့၊ ကိုနေတိုးတို့ နောက်ကို မဆုတ်နဲ့နော် တဲ့၊ ဟဲ့ မဆုတ်ပါဘူး၊ နောက်ဆုတ်ရင် ပြုတ်ကျပြီး သေသွားမှာပေါ့၊ နင်တို့ကလည်း ဆိုတော့၊ မဟုတ်ဘူးတဲ့ အနောက်မှာ မြွေတက်လာလို့တဲ့၊ အဲဒီတော့မှ ထွက်ပြေးရတာပေါ့နော်။ ကိုခန့်စည်သူ အကယ်ဒမီ ရတုန်းကလည်း မထွန်းအိန္ဒြာဗိုက ပြောတယ် တဲ့၊ ငါတို့ ရိုက်နေတဲ့ အပင်ပေါ် မှာ မြွေလေးတဲ့၊ မခိုင်လေးလည်း ကံကောင်းမယ် ထင်တယ် တဲ့၊ အဲလိုတော့ ပြောပါတယ်။
မေး။ ။ မခိုင်သင်းကြည် အကယ်ဒမီရပြီး နောက်ဆက်တွဲ ပရိသတ် စိတ်ဝင်စားကြတာက အစ်မ လက်ကောက် ပျောက်သွားတယ် ဆိုတဲ့ ကိစ္စပဲ။ အဲဒီကိစ္စကရော ဘယ်လိုများ ဖြစ်လဲ ဆိုတာ ပရိသတ်ကို ပြောပြပေးပါဦး။
ဖြေ။ ။ လက်ကောက်ကိစ္စက ဒီလိုပါ။ အစ်မ အတွက် လက်ကောက်ကိုလည်း စပွန်ဆာတွေက ပေးတယ် ပေါ့။ အဲဒါကို ဝတ်ပြီးတော့ တက်ပါတယ်။ အဲဒီမှာ ပျောက်သွား ပါတယ်။ ကိုယ့်ဘက်ကလည်း တာဝန်ရှိတယ် ဆိုတော့ အစ်မက ပြန်အလျော်ပေး ပါတယ်။ သူတို့ကလည်း မခိုင်လေး မလုပ်ပါနဲ့ မလျော်ပါနဲ့ ပြောပေမယ့် ကိုယ်ယူ ဝတ်တယ်၊ ပျောက်သွားတယ် ဆိုတော့ ကိုယ့်မှာ တာဝန်ရှိတယ်လေ။
မလုပ်ပါနဲ့ အစ်မ လျော်ပေးပါမယ် ဆိုပြီး အကုန်လုံး လျော်ပေးလိုက်ပါတယ်။ လျော်ပေးလိုက်တယ် ဆိုတာကလည်း သူတို့ ပုံမှန်ဈေးထက် အလျော့တွက်၊ လက်ခတွေ မယူဘဲ လျော်ပေးတယ် ပေါ့နော်။ ငွေသားပဲ သူတို့ကို တွက်ခိုင်းပြီး လျော်ပေးလိုက်ပါပြီ၊ ပြန်ရဖို့ကလည်း မလွယ်တော့ဘူး လေ။
မေး။ ။ အဲဒီ လက်ဝတ်ရတနာတွေက မခိုင်လေး အကယ်ဒမီပွဲတက်ဖို့ သီးသန့်ဒီဇိုင်း လုပ်ပေးထားတာလား။
ဖြေ။ ။ ဟုတ်ပါတယ်။ အစ်မ ပွဲတက်ဖို့ သီးသန့် ဒီဇိုင်း လုပ်ပေးတာပါ။ အစ်မ လိုချင်တဲ့ ပုံလေးနဲ့ အဝတ်အစားနဲ့ လိုက်ဖက်မယ့် ဟာကို သူတို့က သီးသန့် ဒီဇိုင်းလုပ်ပေး တာပါ။ ပျောက်တုန်းကလည်း အစ်မဘာသာ ပျော်နေတော့ ဒါကိုလည်း ဦးနှောက်ထဲမှာ မရှိပါဘူး။ ပျောက်တော့ အစ်မ အမျိုးသားကို သူ့ သူငယ်ချင်းတွေ ကလည်း Facebook မှာ တင်လိုက် ပါလား ဆိုတော့ သူကလည်း စိတ်ပူပြီး တင်လိုက်တာပါ။
အစ်မက သိတော့ သူ့ကို ပြန်ဖျက်ခိုင်း လိုက်တယ်။ အစ်မက မတင်စေချင်ဘူး။ ပရိသတ်ကိုလည်း စိတ် အနှောင့်အယှက် မဖြစ်စေချင်ဘူးလေ။ အပျော်လေးနဲ့ပဲ ဖြစ်စေချင်လို့ ဖျက်ခိုင်းလိုက်ပေမယ့် အဲဒါက ပြန့်သွားပြီလေ။ ဒါက ဖြစ်တတ်ပါတယ်။ အမှတ်တရ တွေပေါ့နော်။
မေး။ ။ ရုပ်ရှင်အစည်းအရုံးက ပေးတဲ့ အကယ်ဒမီနဲ့ နိုင်ငံတော်ကပေးတဲ့ အကယ်ဒမီဆိုပြီး ဒီလိုတွေ ခွဲခြား ပြောလာတဲ့ အပေါ်ကိုရော ဘယ်လို ပြောချင်လဲ။
ဖြေ။ ။ ကိုယ်က ရုပ်ရှင်အစည်းအရုံးက လုပ်တဲ့နှစ်ကျမှ ရတော့ ဒါကလည်း ကံပေါ့နော်။ တိုက်ဆိုင်တာလည်း ပါတာပေါ့။ အရင်တုန်းက ကိုယ့်နာမည်တွေ ထွက်ပြီး မပေးတော့၊ မရခဲ့တဲ့နှစ်တွေလည်း ရှိတယ်။ အစ်မ ဆိုရင် နိုင်ငံတော်ကားတွေမှာ အရိုက်အများဆုံးပဲ။ အကယ်ဒမီရတဲ့ မင်းသမီးတွေတောင်မှ စာထွက်ရင် အစ်မနာမည်ရဲ့ အောက်ကလေ။ နိုင်ငံတော်ကား ရိုက်ရင်းနဲ့ မပွတ်ကျွတ် နာမည် ရခဲ့တာလေ။ တနိုင်ငံလုံးလည်း နိုင်ငံတော် ကားရိုက်ပြီး သိလာကြတာ။
နောက်ပြီး အစ်မက ကြော်ငြာရိုက်ရင်း ပေါက်ခဲ့တာ။ ဇွန်စီကြော်ငြာ ဆိုရင် အဲဒီတုန်းက အရမ်းပေါက်ခဲ့တာ။ အဲဒီ အချိန်တုန်းက ဒီလိုခါတဲ့သူ နည်းတော့ ပရိသတ်အကြိုက် ဖြစ်နေခဲ့ တာပေါ့နော်။ ကောင်လေး တွေလည်း ကြိုက်ကြတာပေါ့။ ဒါပေမယ့်လည်း မကြိုက်တဲ့သူလည်း အများကြီး ရှိပါတယ်။ ရွှေဘိုဘက်က ရပ်ဆွေရပ်မျိုးထဲက ကောင်မလေးတွေကို၊ ဟဲ့၊ နင်တို့ရွာမှာ ဘယ်မင်းသမီးကို ကြိုက်ကြလဲ၊ ငါ့ကိုရော ကြိုက်ကြလား မေးရင် အစ်မကို ဘယ်သူမှ မကြိုက်ကြဘူးတဲ့၊ ဟဲ့ ဘာဖြစ်လို့လဲမေးရင်၊ အစ်မက ဖင်ခါလို့တဲ့လေ။
အဲဒီလို မကြိုက်တဲ့သူကလည်း အများကြီး ရှိပါတယ်။ ကြိုက်တဲ့သူကလည်း အရမ်း အုံးအုံးကျွက်ကျွက် ဖြစ်ခဲ့သလို မကြိုက်တဲ့သူ ကလည်း အများကြီးပါ။ ဒါပေမယ့် အစ်မက နိုင်ငံတော်ကားတွေ ရိုက်တော့၊ မပွတ်ကျွတ်ဆိုပြီး ဖြစ်လာတော့ အရင်က မကြိုက်ကြတဲ့ အသက်ကြီးပိုင်း တွေကပါ အစ်မကို ကြိုက်လာကြတယ်။ အရင်က လူငယ်တွေပဲ ကြိုက်ကြတာ လေ။ အခု အသက်ကြီးပိုင်းတွေက အစ်မကို ကြိုက်လာကြတယ်။
အစ်မကို ဆုတောင်းပေးတယ်ဆိုတာ အဲဒီ အစ်မတွေ၊ အန်တီတွေလေ။ သူတို့က အရမ်းရစေချင်လာကြတယ်။ အနှစ် ၂၀ ကျော် စွဲလာတဲ့ သူနဲ့ မနေ့တနေ့ကမှ တက်လာတဲ့သူနဲ့တော့ မတူဘူးပေါ့ လေ။ မနေ့တနေ့က တက်လာတဲ့ သူကို စွဲလမ်းတာနဲ့ ကိုယ့်ကို နှစ်ပေါင်းများစွာ စွဲလမ်းလာတာတော့ မတူဘူးပေါ့လေ။ ကွာသွားတာပေါ့။ သူတို့က အရမ်း ရစေချင်တာလေ။
အစ်မတို့ ခေတ်က နိုင်ငံတော် ကားက စပါတယ်။ အစ်မတို့ထက် စောတဲ့ မင်းသမီးတွေက နိုင်ငံတော်ကားတွေ ခေတ်မစားသေးဘူး လေ။ အစ်မတို့ ခေတ်မှာ နိုင်ငံတော်ကားကို အလှူလို ရိုက်ရပါတယ်။ အစ်မတို့ ခေတ်မှာ နိုင်ငံတော်ကား အရိုက်ဆုံး မင်းသမီးလို့ ပြောရအောင် အရိုက်ရဆုံး မင်းသမီး သုံး၊ လေး၊ ငါးယောက်ထဲမှာ ပါတယ်လို့ ထင်ပါတယ်။
နိုင်ငံတော်ကားမှာ ကြည့်ရင် အကယ်ဒမီ မင်းသမီးအပေါ်က ကိုယ်က စာတန်းထိုးခံရတာ၊ အပြင်က ဇာတ်ကားမှာ အကယ်ဒမီ မင်းသမီးက ကိုယ့်အပေါ်က စာတန်းထိုးရင် ထိုးဦးမယ်။ ရှေ့ဆုံးက ခိုင်သင်းကြည်ပါ။ အောက်ကမှ အကယ်ဒမီ ဘယ်သူ၊ အကယ်ဒမီ ဘယ်သူဆိုပြီး လာတာပါ။ အမှတ်တရတောင် သိမ်းထားပြီး ပြချင်ပါတယ်။ နိုင်ငံတော်ကား ရိုက်မယ် ဆိုရင် ရိုက်မယ့် ကားတွေ အကုန်ဖျက်ပြီး ရိုက်ပေးခဲ့တာပါ။
လေးငါး ကားလောက်ကို အကုန်ဖျက်ပြီး နာဂစ်ဆိုရင်လည်း အလောင်းတွေကြားထဲမှာ စားစရာခက်၊ နေစရာခက်၊ အိပ်စရာ မရှိ၊ ပိုက်ဆံရှိလည်း ဝယ်စားလို့ ရတဲ့ ဆိုင် မရှိတဲ့နေရာမှာ ရှေ့တန်းထွက်သလို သွားရိုက်ခဲ့ ရပါတယ်။ ဒါပေမယ့် နိုင်ငံတော်ဆီကနေ ဘာတခုမှ ယနေ့ထက်ထိ မရခဲ့ပါဘူး။ အဲဒါလေးကတော့ကံပေါ့။ နိုင်ငံတော်ကားတွေ ရိုက်ပြီး နိုင်ငံတော်က ပေးတဲ့ဆုကို မရခဲ့တာပေါ့။ ဒါတွေကလည်း အမှတ်တရတွေပါပဲ။ ဒါကလည်း မပေးချင်လို့လည်း မဟုတ်ဘူးပေါ့ ညီမရယ်၊ လွဲချော်မှုလေးတွေ ပေါ့။
မေး။ ။ ဒီနှစ်လည်း အရင်တုန်းကလို ထင်ကြေးပေးခံ ရပြီး မရခဲ့ရင် အကယ်ဒမီဆိုတာ ကိုယ့်အတွက် ဘယ်လို ခံစားချက် ဖြစ်သွားမလဲ။
ဖြေ။ ။ အစ်မကတော့လေ ပရိသတ်ကိုပဲ ကြောက်တာ။ ပွဲနီးတော့ ယနေ့ စူပါစတား မင်းသမီးတွေ၊ မင်းသား တွေထက် အစ်မကိုပဲ ပိုပြောကြတာ။ ရစေချင်ကြတာ ဆိုတော့ အရမ်းလန့်နေတာ၊ ဒုက္ခပဲ မရရင်တော့ ဘယ်လို ပြောရမလဲ ပေါ့။ အမှန်အတိုင်း ပြောရရင် မရရင်တော့ ဂျာနယ်တွေကို ဘယ်လို ပြောရမယ် ဆိုပြီး ခေါင်းထဲ စီထားတယ်။ ဘယ်လို ပြောရင်ကောင်း မလဲ၊ ပရိသတ်ကို ဘယ်လို ဖြေသိမ့်ရင် ကောင်းမလဲ ဆိုပြီး စဉ်းစားထားတာ။
ကိုယ့်ကို ကြိုက်တဲ့ ပရိသတ်နဲ့ မကြိုက်တဲ့ ပရိသတ်ကလည်း ရှိတယ်လေ။ အစ်မတို့ တုန်းကတောင် ကျော်သူ၊ စိုးသူ ဆိုပြီး ရန်ဖြစ်သေး တာလေ။ ဇော်ဝင်းထွဋ်နဲ့ လေးဖြူမှာ ငါတို့က ဇော်ဝင်းထွဋ်ပဲ ဆိုပြီး ရန်ဖြစ်သေးတာလေ။ ဘာရယ် လည်း မဟုတ်ဘဲနဲ့ ရန်တွေ ဖြစ်ကြတာလေ။ ကိုယ့်ကို အားပေးတဲ့ ပရိသတ်ကို သူများက ဟဲ့၊ နင်တို့ မင်းသမီးက အခု အချိန်ထိ၊ အနှစ် ၂၀ ကျော် အထိ အကယ်ဒမီလည်း မရသေးဘူး ပြောခံရရင် သူတို့လည်း မျက်နှာငယ်တာပေါ့နော်။ အဲလိုဟာ ဆိုရင် ကိုယ်ကလည်း အားငယ်တယ်လေ။ ကိုယ့် ပရိသတ်ကို မျက်နှာပူရတာ မကောင်းဘူးလေ။
ကိုယ်က မရဘူး ဆိုရင် သူတို့က ပေါက်ကွဲတော့မှာ လေ။ ပထမ တခေါက် တုန်းကလည်း ဖုန်းတွေ ဆက်ပြီး ငိုကြတယ် ဆိုတော့ ဒီတခေါက်ကျတော့ ဘုရားရေ၊ ငါဘယ်လို ရင်ဆိုင်ရမှာလဲ ဆိုတာပေါ့။ အဲဒါကို ကြောက်နေတာ။ ကိုယ့်ဟာနဲ့ ကိုယ် ဆိုရင် ဒါဟာ ကံတရားပါပဲ။ လောဘတော့ မရှိဘူး မဟုတ်ဘူး၊ ရှိပါတယ်။ ဒါပေမယ့်လည်း မရလို့ အတင်းကာရော ပူလောင်နေတဲ့ စိတ်တော့ မရှိပါဘူး။ မရတော့လည်း ခံစားတရက်၊ ပြီးသွားတာပေါ့ နော်။ ပရိသတ် အတွက် ဆိုရင်တော့ စိတ်ထဲမှာ ခံစားရတော့မှာလေ။ အဲဒီ စိတ်လေးတခုပါပဲ။
မေး။ ။ အခုဆိုရင် ဇာတ်ကားတွေမှာ စာတန်းထိုးရင် ခိုင်သင်းကြည်ကနေ အကယ်ဒမီ ခိုင်သင်းကြည်လို့ စာတန်း ပြောင်းထိုး ရတော့မှာဆိုတော့ အစ်မရဲ့ စိတ်ခံစားချက်က ဘယ်လိုများ ရှိနေမလဲ။
ဖြေ။ ။ ပိတီဖြစ်တာပေါ့။ ဒါကတော့ သဘာဝတရား ပါပဲ။ ဒါပေမယ့် အရင်ကတည်းက တော်တော်များများက အကယ်ဒမီ ခိုင်သင်းကြည်ပဲ၊ အကယ်ဒမီမရ သေးဘူး ပြောလည်း မရဘူး။ အကယ်ဒမီ ခိုင်သင်းကြည်ပဲ။ မန္တလေးမှာ သီချင်း သွားဆိုရင် အကယ်ဒမီ ခိုင်သင်းကြည်ပဲ ခေါ်တယ်။ အကယ်ဒမီ မရသေးပါဘူးရှင့် လို့ ပြောလည်း နောက်နှစ် အကယ်ဒမီ ခိုင်သင်းကြည်ပဲ ခေါ်တယ်။ ကိုယ့်လောကသားတွေ လုပ်တဲ့ပွဲတောင် တခါတလေ အကယ်ဒမီ ခိုင်သင်းကြည် လို့ခေါ်ရင် အကယ်ဒမီ မရသေးဘူး လေ၊ မသိဘူးလား ပြန်ပြောရတယ်။
မေး။ ။ နှစ်သစ်မှာ မခိုင်သင်းကြည်ရဲ့ ပရိသတ်ကို ဆုတောင်းစကားလည်း ပြောပေးပါဦး။
ဖြေ။ ။ ပရိသတ်တွေ ကျန်းမာချမ်းသာကြပါစေ၊ လိုချင်တာများလည်း ပြည့်ဝကြပါစေ လို့ ဆုတောင်းပေးပါတယ်။ နှစ်ပေါင်းများစွာ အားပေးလာတဲ့ ပရိသတ်ကြီးက တကယ် ကိုယ့်ရဲ့ ထမင်းရှင်တွေ ပါပဲ။ နှစ်သစ်မှာ ပရိသတ်ကြီး ကျန်းမာ ချမ်းသာကြပါစေ။ ။
http://burma.irrawaddy.org/interview/2015/01/11/69650.html
No comments:
Post a Comment