Pages

အဝေးရောက် အနီးရောက်တို့ ပြည်တော်ပြန်ဖို့



 
အညာဘက်က လူတွေဆီက ရင်ဖွင့်သံတွေ ကြားရတာ စိတ်မကောင်းစရာပါ။ ထန်းတက်မယ့် ထန်းသမား ရှားလာတယ်တဲ့။ ပဲစိုက်မယ့်၊ ကြက်သွန်တူးမယ့် လုပ်သားတွေလည်း နည်းလာနေသတဲ့။ အညာဖျင်ကြမ်းထည်တွေ ရက်လုပ်ဖို့ အညာကထွက်တဲ့ ၀ါ ဂွမ်းကလည်း အထွက်ကျလာသ တဲ့။ ၀ါစိုက်နေကျ တောင်သူတွေ လည်း ဂွမ်းမစိုက်ချင်တော့ဘူးလို့ ကြားရတယ်။ ကိုက်မှ မကိုက်တာ ကိုး။ ယာထဲဆင်းဖို့ အရွယ်ကောင်း အလုပ်သမားတွေတဖြည်းဖြည်း ချင်း ရှားပါးလာနေတာ ကာလ အတော်ကြာခဲ့ပါပြီ။ ဘယ်ရောက် ကုန်တာလဲဆိုတာ မေးရတော့ တာပေါ့။ လူငယ်တွေ တိုင်းပြည် တာဝန်ထမ်းဆောင်ဖို့ စစ်ထဲကို လှိမ့်ဝင်ကုန်လို့ လုပ်သားရှားပါး လာတာလား။ လုံးဝမဟုတ်ပါ။ အိမ်နီးချင်းတိုင်းပြည်အသီးသီးမှာ အလုပ်အကိုင်ရှာဖွေဖို့ ကိုယ့် နည်းကိုယ့်ဟန်နဲ့ ရောက်ကုန်ကြ တယ်ဆိုတာ အဖြေထွက်လာပါ တယ်။

ချင်းပြည်နယ်မှာလည်း အ ညာဘက်ကလို အလားတူပြဿ နာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရ ပြန်ပါတယ်။ ချင်းပြည်နယ်နဲ့ ကပ် လျက် အိန္ဒိယနိုင်ငံက မီဇိုရမ်ပြည် နယ်ထဲမှာ ချင်းလူငယ် လူရွယ် ပေါင်း ငါးသောင်းလောက် ရရာ အလုပ်တွေ ရှာဖွေလုပ်ကိုင်ရင်း အသက်မွေးနေရတယ်လို့ ဆိုပါ တယ်။ ရခိုင်ပြည်နယ်ထဲက လူ ငယ်တွေကတော့ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်လုပ်တာက အများစုလို့ ဆိုနိုင်ပါတယ်။ ကယားပြည်နယ်ထဲက လူငယ်တွေကတော့ နယ်စပ်မျဉ်းနဲ့ ကပ်လျက်သား ထိုင်းနိုင်ငံကို ၀င်ငွေရှာဖို့ ထွက်ကြပါတယ်။

မြန်မာပြည်က နိုင်ငံသားအ များစုကြီး လူတစ်ဦးချင်းအနေနဲ့ ယေဘုယျအားဖြင့် ပြောရမယ်ဆို ရင် ဆင်းရဲသားက အများစုပါ။ ကျောင်းထွက်တာလည်း စောကြ ပါတယ်။ ထမင်းနပ်မမှန်တော့ ကျောင်းထွက်ရတော့တာပေါ့။ ရရာအလုပ်ကို ရှာဖွေလုပ်ကြရ တော့တာပေါ့။ ပြည်နယ်တစ်ခု ချင်းအနေနဲ့ ကြည့်မယ်ဆိုရင် ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ကယား ပြည်နယ်ဟာ အဆင်းရဲဆုံး ပြည် နယ်တွေလို့ ဆိုနိုင်ပါတယ်။ အဲဒီ လို ဆိုလိုက်လို့ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်တွေက ချမ်းသာနေတယ်လို့ မဆိုလိုပါ။ အဆိုပါ ပြည်နယ်သုံးခုဟာ အဆင်းရဲဆုံးထဲက ပိုပြီး ဆင်းရဲနေဆဲ ပြည်နယ်တွေ၊ ဒေသတွေ ဖြစ်တယ်လို့ ပြောချင်တာပါ။

ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံ သားလုပ်သားတွေ လက်ညှိုးထိုး မလွဲ တွေ့နိုင်ပါတယ်။ ဥပမာ တစ်ခုလောက် ပြောပါ့မယ်။ ထိုင်းနိုင်ငံအရှေ့ဘက်ပင်လယ်ထဲက ကိုထောင်ဆိုတဲ့ ကျွန်းငယ်လေးတစ်ခုကို ဟိုးတစ်လောက ကျွန်တော်ရောက်သွားပါတယ်။ မြန်မာပြည်တောင်ဖျားဆုံးက ကော့သောင်းမြို့နဲ့ အမည်က ဆင်ပါတယ်။ ကျွန်းကလေးက အတော်လေးသေးပေမယ့် လှပါတယ်။ ကျွန်းရဲ့ အရှေ့အနောက် မော်တော်ဆိုင်ကယ်စီးလိုက်ရင် ဆယ်မိနစ်လောက်သာ ကြာပါတယ်။ အဲဒီကျွန်းကို သွားလည်တဲ့သူအများစုက အနောက်တိုင်းသားတွေ ဖြစ်ပါတယ်။ အဲဒီကျွန်းမှာ အဓိကလုပ်ကိုင်ကြတဲ့ လုပ်ငန်းကတော့ ရေငုပ်ဒိုင်ဗင်လုပ်ငန်းပဲ ဖြစ်ပါတယ်။
 
အဲဒီကိုလာတဲ့ နိုင်ငံခြားသားတွေက ရေငုပ်ဝတ်စုံတွေ အောက်ဆီဂျင်ဘူးတွေနဲ့ ရေတိမ်ပိုင်း ဒါမှမဟုတ် ရေနက်ပိုင်းတွေမှာ အပျော်တမ်းရေငုပ်ကြတာ များပါတယ်။ တစ်ခါမှ ရေမငုပ်ဖူးတဲ့သူတွေလည်း ရေငုပ်နိုင်အောင် စီစဉ်ထားပါတယ်။ နိုင်ငံခြားသားနဲ့ ထိုင်းလုပ်ငန်းရှင်တွေ ဖက်စပ်လုပ်ကိုင်နေတဲ့ ရေငုပ် ဒိုင်ဗင်ရက်တိုသင်တန်းတွေ အ များကြီး ရှိပါတယ်။ လိုအပ်တဲ့ အခြေခံရေငုပ်သင်တန်းကို ပို့ချ ပါတယ်။ နှစ်ရက်လောက် ရက် တိုသင်တန်း တက်ပြီးရင်ရေငုပ် ဆရာနဲ့အတူ ပင်လယ်ထဲမှာ ရေ ငုပ်လို့ ရပါတယ်။ ပိုက်ဆံတော့ နည်းနည်းပိုကုန်တာပေါ့။
နိုင်ငံခြားသားတွေ လာပြီး ရေငုပ်တယ်ဆိုတော့ တည်းခို ခန်းနဲ့ စားသောက်ဆိုင်တွေ၊ ဘား ခန်းတွေ အစရှိတဲ့ လုပ်ငန်းတွေ လည်း တွဲပါလာပါတယ်။ အဲဒီ စားသောက်ဆိုင်နဲ့ တည်းခိုခန်း တွေမှာ မြန်မာနိုင်ငံသားတွေ အ လုပ်လုပ်ကြတာပါ။ ရခိုင်အမျိုး သား အများအပြား အဲဒီကျွန်းပေါ် မှာ အလုပ်လုပ်ပါတယ်။ ပဲခူး တိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း ဘက်က လူတွေလည်း အတော် များပါတယ်။ ကျွန်တော်တည်းခို ခဲ့တဲ့ အသေးစားတည်းခိုခန်းနဲ့ စားသောက်ဆိုင်မှာတော့ မန်နေဂျာက မြန်မာလူမျိုးပါ။ လုပ်သက်က နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ ပိုင်ရှင်က ရာထူးတိုးပေးထားတာလည်း ဖြစ်ပါတယ်။

အဲဒီ မြန်မာမန်နေဂျာကို ကျွန်တော်က မေးပါတယ်။ ဒီ ကျွန်းပေါ်မှာ မြန်မာနိုင်ငံသားဘယ်လောက်များ အလုပ်လုပ်ကြသလဲလို့ မေးတော့ တစ်သောင်းဝန်းကျင်လောက်ရှိမယ်လို့ သူက ဆိုပါတယ်။ အဲဒီလောက်များမှန်း ဘယ်လိုလုပ်ပြီး သိသလဲလို့ ကျွန်တော်က ပြန်မေးပါတယ်။ မန်နေဂျာက ဒီလိုရှင်းပြပါတယ်။ မြန်မာပြည်က နာမည်ကြီး ဆရာတော်တစ်ပါးကို တစ်နှစ်မှာ ဖိတ်ကြားပြီး တရားပွဲလုပ်တယ်လို့ ဆိုပါတယ်။ တရားပွဲက နှစ်ညလုပ်တာလို့ သိရပါတယ်။ တစ်ညကို မြန်မာလုပ်သားလေးထောင်ဝန်းကျင်လောက် လာပြီး တရားနာကြတယ်လို့ ဆိုပါတယ်။ နှစ်ညဆိုတော့ ရှစ်ထောင်ပေါ့။အဲဒါအပြင် ထိုင်းအလုပ်ရှင်က ခွင့်မပေးလို့ လာပြီး တရားနာခွင့်မရတဲ့ အလုပ်သမားတွေပါ ထည့်ပေါင်းရင် တစ်သောင်းလောက်ရှိမယ်လို့ ခန့်မှန်းခြင်း ဖြစ်ပါတယ်။
 

No comments:

Post a Comment