Pages

ယိုစီးမှုပြဿနာ


        
(Written By - မောင်စံပေါ)
 

( ၁ )
သတ္တ၀ါမှန်ရင် ဇာတိဒေသကို ခင်တွယ်ကြပါတယ်။ အဟိတ်တိရစ္ဆာန်တွေ မှာတောင်မှ အဲဒီဗီဇစိတ် ရှိပါတယ်။ ဒါကြောင့်လည်း ဆောင်းခိုငှက်တွေဟာ မိုင်ထောင်ချီပြီး ခရီးနှင်ကြတာ။ ကိုယ်ကျင်လည်ကျက်စားရာ ဒေသမှာ ရာသီဥတု အခြေအနေအရ ရှင်သန်နေထိုင်ဖို့ ခက်ခဲချိန်မှာ မူလနေရာကို ခဏတာ စွန့်ခွာလာခဲ့ကြပေမယ့် ရာသီဥတု ကောင်းချိန်မှာ ပြန်ကြတယ်။

( ၂ )
မိုင်ရာထောင်ခရီးဝေးမှာ ရောက်နှင့်ပြီးသားလူတွေ ဇာတိမြေ ပြန်ချင်ပါရက်နဲ့ အပြန်ခက်နေချိန်မှာ နောက်ထပ်ရောက်လာတဲ့ ကိန်းဂဏန်း အရေအတွက်တွေ များများလာတယ်။ အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားလို့ အိမ်မကပ်တဲ့ လူတချို့ကလွဲရင် ကိုယ့်အိမ်မှာ ကိုယ်နေချင်ကြသူတွေ များပါတယ်။ အမေက အဝေးရောက် သားသမီးတွေ အိမ်ပြန်ပြီး အိမ်မှာမိသားစုဝင်တွေ စုံစုံညီညီ ရှိနေနိုင်ပါစေကြောင်း ဆုတောင်းနေချိန်မှာ လက်ကျန်သားသမီးတွေ အမေ့ရင်ခွင်အောက်က တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားကြတယ်။ အရင်လူတွေနောက် လိုက်ကြတယ်။

( ၃ )
အမေ့ရင်ခွင်အောက်မှာ လူလားမြောက်ပြီး ပညာတတ်ကြီးတွေ ဖြစ်သွားကြတဲ့ သားသမီးတွေအတွက် အမေဂုဏ်ယူမဆုံး ဖြစ်နေချိန်မှာ အခြေအနေဆိုတဲ့ အရာက ဆွဲထုတ်ပြီး အဝေးကိုပို့တယ်။ ကြိုးစားရုန်းကန်နေကြရတဲ့ ပညာမဲ့သားသမီးတွေကို အသနားပိုပေမယ့်လည်း သူတို့တစ်တွေ မနေနိုင် နေမဖြစ်လို့ အမေ့ကို ထားရစ်ခဲ့ကြတော့ အမေ့မှာလည်း မတားသာခဲ့ပါ။ ပြန်လာကြပါလို့ တစာစာခေါ်နေရုံနဲ့ သူတို့ပြန်လာကြမှာတဲ့လား။

( ၄ )
၂၀၁၄ ဧပြီ ၉ ရက်နေ့စွဲနှင့် မလေးရှားသတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ “Face up to real reasons Malaysians not returning home” ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။
 

နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြတဲ့ မလေးရှားပညာရှင်တစ်သန်း ပြန်လာရေးအတွက် မလေးရှားအစိုးရက ၂၀၁၁ ကတည်းက စတင်ဆောင်ရွက်ခဲ့ပါတယ်။ Talent Corp ကို ဖွဲ့စည်းတာဝန်ပေးခဲ့တယ်။ သတင်းပါချိန်အထိ မလေးရှားရင်းဂစ်ငွေ ၆၅ သန်း (အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်) သုံးစွဲခဲ့ပေမယ့် ပြန်လာခဲ့တဲ့ မလေးရှားပညာရှင် အရေအတွက်က ၂၅၀၀ ပဲ ရှိပါသတဲ့။

ဒါကြောင့် မလေးရှားအစိုးရရဲ့ ဒီအစီအစဉ်ဟာ မအောင်မြင်ခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြည်ပရောက် မလေးရှားပညာရှင်တွေ ပြန်မလာချင်ကြတဲ့ အကြောင်းရင်းတွေကတော့ မြင့်မားတဲ့ လစာရရှိမှု၊ ပိုမိုကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းနဲ့ သက်သောင့်သက်သာရှိတဲ့ဘ၀တို့ ဖြစ်ကြတယ်လို့ Talent Corp ရဲ့ အကြီးအကဲဖြစ်သူ Johan Mahmood Merican က ပြောပါတယ်။

အတိုက်အခံ ပါလီမန် အမတ်တစ်ဦးဖြစ်တဲ့ Teresa Kok ကတော့ အဲဒီအချက်တွေအပြင် တခြားအဓိက အကြောင်းရင်းနှစ်ခု ရှိသေးတယ်။ အဲဒါတွေကတော့ လူမှုဘ၀ မညီမျှမှုနဲ့ မလေးရှားရဲ့ နိုင်ငံတကာ ပုံရိပ်တွေပဲလို့ ဆိုပါတယ်။

( ၅ )
မလေးရှားပညာရှင်တစ်သန်း ပြည်ပမှာ အလုပ်သွားလုပ်နေကြတယ်ဆိုတော့ ပြည်ပရောက် မြန်မာပညာရှင် အရေအတွက်ကို မှန်းဆကြည့်မိတယ်။ မှန်းဆရတာ ခက်လှတာမို့ သူများတွေ သုတေသနလုပ် ရှာဖွေတွေ့ရှိထားတဲ့ ကိန်းဂဏန်းတွေများ ရှိလေမလားဆိုပြီး လျှောက်ရှာမိတယ်။ အဲဒီမှာ Paul Keijzer နဲ့တွေတယ်။

သူက စွန့်ဦးတီထွင် စီးပွားရေးပညာရှင် ဖြစ်သလို လူ့စွမ်းအင်ပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူ ၂၀၁၃ မေ ၁၃ ရက်က ရေးခဲ့တဲ့ Myanmar's Talent Gold Rush ဆိုတဲ့ ဆောင်းပါးဖတ်ရပါတယ်။

သူအရင် ရက်သတ္တပတ်က မြန်မာပြည်ကို ရောက်ခဲ့ပြီး ရက်တော်တော်များများ နေထိုင်ခဲ့ရာမှာ စိတ်လှုပ်ရှား အံ့အားသင့်ဖွယ်ကာလတွေ ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုတွေအောက်မှာ အထီးကျန်စွာနဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ နေလာခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အခုအခါမှာ အောင်မြင်တိုးတက်မှုရဲ့ တံခါးဝမှာ ရောက်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။ စိန်ခေါ်မှုတွေ အများကြီး ရှိနေတယ်လို့ ထောက်ပြပါတယ်။

“အခက်အခဲဆုံး အပိုင်းကတော့ မြန်မာပညာရှင်တွေကို ရှာဖွေဖော်ထုတ် လေ့ကျင့်ပျိုးထောင် ထိန်းသိမ်းနေရာပေးဖို့ပါပဲ။ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု နည်းခဲ့တာ၊ နိုင်ငံအထီးကျန်ဖြစ်ခဲ့တာ၊ မြန်မာပညာတတ်တွေ နိုင်ငံခြားထွက်သွားခဲ့ကြတဲ့ ဦးနှောက်ယိုစီးမှုဆိုတဲ့ အချက်တွေဟာ သူပါ မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်စေခဲ့တယ်။ နိုင်ငံတကာနဲ့ ဆက်စပ်လုပ်ကိုင်ရတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကောင်းကောင်းဦးဆောင်ဦးရွက်ပြုနိုင်မယ့် မြန်မာပညာတတ်တွေ ရှားပါးသွားစေခဲ့တယ်။

“ပညာရှင် လိုအပ်မှုမြင့်မားပြီး ရရှိနိုင်မှုနည်းပါးနေတဲ့ အခြေအနေဟာ ၁၉၉၀ ပြည့်နှစ်က တရုတ်ရဲ့ အခြေအနေနဲ့ ၂၀၀၀ ပြည့်နှစ်ဦးပိုင်းနှစ်တွေက ဗီယက်နမ်ရဲ့ အခြေအနေတွေနဲ့ အတော်ကြီးတူပါတယ်” တဲ့။

( ၆ )
ပညာတတ်တွေ နိုင်ငံခြားထွက်သွားလို့ ဖြစ်ပွားရတဲ့ ဦးနှောက်ယိုစီးမှုအကြောင်း စဉ်းစားရင်းနဲ့ အခြေခံအလုပ်သမားတွေ ပြည်ပမှာ အလုပ်သွားလုပ်ကြတဲ့ ကိစ္စက ခေါင်းထဲဝင်လာတယ်။ လုပ်အားယိုစီးမှု။ ဟုတ်ပါတယ် ယိုစီးသွားတဲ့ လုပ်အားတွေ များလှပါပကော။ ထွက်သွားတဲ့ လုပ်သားတွေဟာ ထိုင်းမှာနဲ့ မလေးရှားမှာ အများဆုံးပါ။ ငွေမျက်နှာကြည့်ပြီး အလုပ်လုပ်နေရတဲ့လူတွေ လူမျက်နှာ ငယ်နေကြပါတယ်။ လူမျက်နှာ ငယ်နေရပါတယ်။ ထွက်သွားပြီဆိုမှတော့ ကွက်လပ်တွေ ကျန်ခဲ့ရပြီပေါ့။ (၂၀၁၃ မတ် ၁ ရက်ထုတ် Bi Weekly Journal စာမျက်နှာ ၁၆၊ တက်သူမဲ့ထန်း ထွန်သူမဲ့ယာ စိုက်သူမဲ့လယ်)

နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေကြတဲ့ အလုပ်သမားတွေနဲ့ မိသားစုတွေ အရေအတွက်ဟာ သုံးသန်းထက် မနည်းနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဒါတောင် ယောက်ျားရောမိန်းမပါ အလုပ်သွားလုပ်သူတွေ ကလေးမွေးပြီးရင် မြန်မာပြည်က အဘိုးအဘွားဆီ ပြန်ပို့ကြလို့သာ။ အဲဒီလိုပြန်ပို့ကြတဲ့ အရေအတွက်ကလည်း နည်းနည်းနောနော မဟုတ်သလို ကလေးပို့ ၀န်ဆောင်မှုပေးတဲ့ လူတွေလည်း ၀င်ငွေမဆိုးလှကြောင်း ထိုင်းနယ်စပ်က သူငယ်ချင်း အရာရှိတစ်ယောက်က ပြောပါတယ်။

( ၇ )
နာမည်ကြီးအောင်လို့ စကားလုံးတစ်ခု ဖန်တီးတာ မဟုတ်ရပါဘူး။ ဒါပေမဲ့ ပြဿ နာဟာ ပြဿနာပါပဲ။ ပြဿနာတက်ပြီဆိုရင် ဖြေရှင်းရပါတယ်။ မျက်နှာလွှဲနေလို့ မရပါဘူး။ ပြဿနာသေးသေးကလေးကနေ ပြဿ နာအကြီးကြီး ဖြစ်လာနိုင်ပါတယ်။ ပြဿနာအကြီးကြီးကနေ ပြဿနာဧရာမကြီးဘ၀ ရောက်သွားနိုင်ပါတယ်။

ယိုစီးမှုပြဿနာ။ ဟုတ်ကဲ့ ဒီပြဿနာ ဟာ ပေါ့သေးသေး မဟုတ်ပါဘူး။ ဧရာမပြဿနာကြီးလို့ ထင်မြင်ယူဆမိပါတယ်။

ယိုစီးတော့ လေလွင့်တယ်။ သုံးမရဘူး။ အခြေမြင့်အောင် တည်ဆောက်နေရာမှာ မလေလွင့်ဖို့ လိုပါတယ်။ တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွားအတွက်ဆို သူသူကိုယ်ကိုယ် လိုလိုလားလား စေတနာထားကြမယ့် လူတွေချည်းပါပဲ။

တစ်ပြည်တစ်ရွာမှာ ငွေရှာမသွားရစေဖို့ ပြည်မြန်မာမှာ အခြေအနေ များလှစေကြောင်း ဆုတောင်းလိုက်ရပါရဲ့ဗျာ။

(သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံသို့ပြန်ရန် စောင့်ဆိုင်းနေသည့် ရွှေ့ပြောင်းအလုပ်သမားများအား မြန်မာ-ထိုင်း နယ်စပ်တံတားအနီး ထိုင်းဘက်ခြမ်းတွင် ဧပြီလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း))

EMG


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35101

No comments:

Post a Comment