Pages

မျိုးချစ်ဇာနည် ဗိုလ်ဗလ(ရဲဘော်သုံးကျိပ်) (၁၉၁၇-၁၉၉၈ )





မြန်မာ့သမိုင်းတွင် မှတ်တမ်းတင် ဂုဏ်ယူရသည့် ရဲဘော်သုံးကျိပ်တွင် ပါဝင်သော ဗိုလ်ဗလကိုဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ် ကျိုက်ပိကျေးရွာ၌ အဖဦးကျော်ဟန်၊ အမိ ဒေါ်သိန်းတို့မှ မွေးဖွားခဲ့သည်။ မွေးချင်းငါးဦးတွင် တတိယမြောက် ဖြစ်ပြီး ငယ်မည်မှာ ဦးသန်းရင်ဖြစ်သည်။

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့ အစိုးရ အထက်တန်းကျောင်း၌ သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။ နိုင်ငံတော် အတွင်း ဖွဲ့စည်းခဲ့သော တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့ပြီး သခင်ထွန်းလွင် ဖြစ်လာကာ အဖွဲ့တာဝန်များကို ဆောင်ရွက်ခဲ့သည်။

၁၉၃၈ ခုနှစ်တွင် မြောင်းမြမြို့ စီရင်စုအရပ်၌ တို့ဗမာ အစည်းအရုံးအဖွဲ့ကို ထူထောင်၍ နိုင်ငံရေးများကို ဆောင်ရွက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် လက်ရုံးတပ်များ တည်ထောင်သော အခါ စီရင်စုမှာပင် ခေါင်းဆောင်တစ်ဦး အဖြစ် ဆောင်ရွက်ခဲ့သည်။

သာယာဝတီ ခရိုင်တွင် တို့ဗမာ အစည်းအရုံး ညီလာခံ ကျင်းပခဲ့ရာ အဖွဲ့ဝင်များ တက်ရောက်ခွင့် ရခဲ့သဖြင့် မြောင်းမြခရိုင် ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည်။

ထို့နောက် တို့ဗမာ အစည်းအရုံး ဌာနချုပ် အလုပ် အမှုဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး ထိုနှစ် တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲခဲ့ရာ သခင် ကိုယ်တော်မှိုင်း၊ သခင်မြတို့ ဦးဆောင်သော တို့ဗမာ အစည်းအရုံးဝင် ဖြစ်ခဲ့သည်။

ဂျပန်နိုင်ငံသို့ စစ်ပညာ သင်ကြားရန် စတုတ္ထအသုတ် စေလွှတ်ရာတွင် ပါဝင်ပြီး မြန်မာမျိုးချစ်လူငယ်များနှင့် အတူ (၈-၇-၁၉၄၁) ခုနှစ်တွင် ကိုရီးယား ယုံမာဂူး သင်္ဘောဖြင့် ရန်ကုန်မှ စတင်ထွက်ခွာခဲ့ရာ (၂၂-၇-၁၉၄၁)ခုနှစ်တွင် ရှန်ဟိုင်းသို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် လေယာဉ်ဖြင့် ဂျပန်နိုင်ငံ ကျူရှုးကျွန်း၊ နာဂါစကီမြို့အနီးရှိ ရေတပ်သို့ ရောက်ခဲ့သည်။

ထိုမှတစ်ဆင့် ဟာလိုနီတောင် စခန်းသို့ သွားရောက်ခဲ့သည်။ ၁၉၄၁ ခုနှစ် သြဂုတ် ၈ ရက် နံနက်၌တိုကျိုမှ ဟိုင်နန်ကျွန်းသို့ လေယာဉ်ဖြင့် သွားခဲ့သည်။ ဟိုင်နန်ကျွန်း၊ ထိုင်ဝမ်ကျွန်းများတွင် စစ်ပညာသင်ခဲ့သည်။

ဂျပန်ပြည်တွင် စစ်ပညာများ သင်ကြားနေစဉ်က အမည်မှာ ''အိုတာနီဟိရှိရှိ'' ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်တွင် ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဗိုလ်အမည် ခံယူရာတွင် ''ဗိုလ်ဗလ'' ဟု အမည်ခံခဲ့သည်။

ဖက်ဆစ်တော်လှန်ရေး ကာလ ဗိုလ်ဗလ ဦးစီးသည့် တပ်ရင်း(၇)သည် ရှေ့တန်း စစ်ဦးစီး ဌာနချုပ်၏ တိုင်းကွပ်ကဲရေး တိုင်း(၆)တိုင်း၊ (၇)ဒေသတွင် ဖက်ဆစ်တို့ကို တော်လှန်ခဲ့သည်။

ဗမာ့လွတ်လပ်ရေး တပ်မတော် ဘီအိုင်အေသည် ထားဝယ်စစ်ကြောင်းဖြင့် မြန်မာနိုင်ငံအတွင်း ချီတက်ခဲ့ပြီး ဗြိတိသျှတို့ကို တိုက်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ဘီအိုင်အေတပ် ဖွဲ့စည်းထားသော အခါ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ သည်။

၁၉၅၈ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်။ ၁၉၆ဝ ပြည့်နှစ် တတိယအကြိမ် ပါလီမန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် သန့်ရှင်း ဖဆပလ အမတ်အဖြစ် ချောက်မြို့ မဲဆန္ဒနယ်မှ ဝင်ရောက် အရွေးခံခြင်း ခံရပြီး လွှတ်တော်အမတ် အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။

ဗိုလ်မှူးဗလသည် ၁၉၇၃ ခုနှစ် ဇူလိုင် ၁၈ ရက်၌ ကြေးမုံသတင်းစာတွင် ''ထိုနေ့'' ဆောင်းပါးကို ရေးသားခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ''လွတ်လပ်ရေး ခရီးတစ်ထောက်'' စာအုပ်ကို ရေးသားခဲ့သည်။ ထိုနှစ် ဧပြီ ၁၁ ရက်တွင် ကြေးမုံသတင်းစာ၌ ''ရဲဘော် သုံးကျိပ် ၃၄ နှစ်ခရီး'' ခေါင်း စဉ်ဖြင့် ဆောင်းပါးရေးခဲ့သည်။

ဗိုလ်မှူးဗလသည် ၁၉၅၅ ခုနှစ် ဇန်နဝါရီလတွင် ယူဂိုဆလားဗီးယား သမ္မတကြီး တီတိုး၏ စစ် သည်တော်ကောင်း (တတိယဆင့်) ဆုချီးမြှင့်ခြင်းကို ခံခဲ့ရသည်။

၁၉၅၉ ခုနှစ် မတ် ၂၇ ရက်တွင် နိုင်ငံတော်က လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) တံဆိပ် ချီးမြှင့်ဂုဏ်ပြုခြင်း ခံရသည်။ နိုင်ငံတော် အတွင်း နိုင်ငံအကျိုးပြု လုပ်ငန်းများ ကိုယ်ကျိုးစွန့် စွမ်းဆောင်ခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ၁၉၈ဝ ပြည့်နှစ် ဇွန် ၈ ရက်တွင် နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ကို ချီးမြှင့်ခဲ့သည်။

ဗိုလ်မှူးဗလသည် ၁၉၄၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ဒေါ်ခင်ခင်ပြုံးနှင့် လက်ထပ်ခဲ့ပြီး သမီးနှစ်ယောက်၊ သားလေးယောက် ရရှိခဲ့ကာ ဇနီးမှာ ၁၉၉၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်မှူးဗလသည်လည်း အသက် ၈၂ နှစ်အရွယ် တွင် လူကြီးရောဂါဖြင့် ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ကွယ်လွန်ခဲ့သည်။ ။
 

No comments:

Post a Comment