Pages

အကုသိုလ် မှ ကုသိုလ်ပန်းတိုင် သို့

အကုသိုလ် ဖြစ်တိုင်း စိတ်ဆင်းရဲ နေရမယ်ဆိုရင်တစ်သက်လုံး စိတ်ဆင်းရဲနေ ရတော့မှာပါ၊
သာသနာဟာ အားလုံးရဲ့ ထောက်ရာ တည်ရာ အားကိုးရာပါ။ကိလေသာ မကင်းသေးတဲ့
ပုထုဇဉ်ဘဝမှာ အကုသိုလ်ကတော့ ပြုမိကြမှာပါပဲ။

◙ ဒါပေမယ့် ပြုမိတဲ့ အကုသိုလ်ကို အမှီပြုပြီး စီးပွားရေး
စကားနဲ့ ပြောရမယ် ဆိုရင်တော့ ဖြစ်လာတဲ့ အကုသိုလ်ကိုပဲ အရင်းအနှီး လုပ်ပြီး ကုသိုလ်ကုန်ချော ပြန်ထုတ် ယူရမှာပါ။ တစ်ဆင့် မြှင့်ပြီး ပြောရရင် ဝိပဿနာ ကုန်ချော
အထိ ဖြစ်အောင် ကြိုးစားကြရမှာပါ။ ဗာရာဏသီမင်းဟာ ဖြစ်ပေါ်လာတဲ့ အကုသိုလ် ကိုပဲ အရင်းအနှီး လုပ်ပြီး ပစ္စေက ဗုဒ္ဓါ ဖြစ်သွားတာပါ။ မနက်အိပ်ရာက နိုးရင်မထသေးဘဲ
ကိုယ့်ကိုယ်ကို တိုးတိုးလေး ပြန်မေးသင့်တဲ့ မေးခွန်း တစ်ခုရှိပါတယ်။
လူ့ဘဝ ရောက်လာတာ ဘာလုပ်ဖို့လဲ?

◙ အဖြေကတော့ လမ်းသုံးသွယ်ကို အာရုံပြုကြည့်ရမှာပါ။
လမ်းသုံးသွယ် ရှိပါတယ်။ ကံလမ်းရယ်၊ ဈာန်လမ်းရယ်၊ ဉာဏ်လမ်း ရယ်ပါ။ ဒါန သီလတွေ ပြုတာက ကံလမ်းက သွားတာပါ။ ကံလမ်းက သွားရင် လူ့ပြည်၊ နတ်ပြည်ကို
ရောက်ပါတယ်။ သမထ တရားတွေ ပွားများအားထုတ် တာက ဈာန်လမ်းက သွားတာပါ။ ဈာန်လမ်းက သွားရင်ဗြဟ္မာ့ပြည်ကို ရောက်ပါတယ်။
 ဝိပဿနာ တရားတွေ ပွားများ အားထုတ်တာက ဉာဏ်လမ်းက သွားတာပါ။ ဉာဏ်လမ်းကသွားရင် နိဗ္ဗာန်ကို ရောက်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ပန်းတိုင်ဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန် ရောက်ဖို့ အတွက် ဉာဏ်လမ်းက သွားရမှာပါ။ ဒီတော့ ကံလမ်း၊ ဈာန်လမ်းလောက် နဲ့ တင်းတိမ်
နေလို့ မရပါဘူး။ ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာ တရားကိုလည်း အားထုတ်ရဦး မှာပါ။ ပြီးတော့ လမ်းသုံးသွယ်ကို အာရုံပြုလိုက်ရင်လည်း ရာထူးဌာနန္တရ, ငွေကြေးဥစ္စာ, ခြွေရံသင်းပင်း
ဆိုတာတွေလည်း ဘာမှမဟုတ်တော့ပါဘူး။ လူ့ဘဝတော့ ရောက်လာပါရဲ့ ဒါပေမယ့် လူ့ဘဝ ရောက်လာပြီး ဒီဝိပဿနာ တရားလေးမှ အားမထုတ်ရဘဲ သေသွားရတယ် ဆိုရင်တော့
လူ့ဘဝရလာတာ မတန်ပါဘူး။ ဝိပဿနာတရား အားမထုတ်ရဘဲ
သေသွားကြရတဲ့ သူတွေလည်း အများကြီးရှိမှာပါ။

◙ ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာ တရားဟာ သာသနာတွင်း ကာလ
မှာပဲ ရရှိတာပါ။ သာသနာပ ကာလမှာမရပါဘူး။ သာသနာပ ကာလမှာ ကံလမ်းနဲ့ ဈာန်လမ်းပဲ ရှိတာပါ။ ဆိုလိုတာက ကံလမ်း၊ ဈာန်လမ်း လောက်နဲ့ စိတ်မချရ သေးပါဘူး။ ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာ တရားအားထုတ်ပြီး အနည်းဆုံး သောတာပန်ဖြစ်မှ ဘဝကစိတ်ချရတာပါ။ သောတာပန် ဖြစ်သွားရင်တော့ အပါယ် မကျတော့ပါဘူး။

◙ သောတာပန် ဖြစ်အောင် အားမထုတ်နိုင် သေးရင်တောင် အငယ်စား
သောတာပန် လို့ခေါ်တဲ့ စူဠသောတာပန် အဆင့်လောက်တော့ ရအောင် အားထုတ်ကြရမှာပါ။
စူဠ သောတာပန်ဆိုတာ အကြောင်းနဲ့ အကျိုးကို ခွဲခြားသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ် အထိ ရောက်တဲ့ ယောဂီကို စူဠသောတာပန်လို့ ခေါ်တာပါ။ စူဠသောတာပန် ဖြစ်ရင်လည်း သုဂတိဘဝ မြဲတယ်လို့ ဆိုပါတယ်။ ဉာဏ်စဉ်အတိုင်း ပြောမယ်ဆိုရင်တော့ ပစ္စယပရိဂ္ဂဟဉာဏ်က
ဒုတိယဉာဏ်စဉ် ပါ။

◙ ပထမဉာဏ်စဉ်က နာမ်ရုပ်ကို ပိုင်းခြားသိတဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်စဉ်ပါ။
ဒီဉာဏ်စဉ် နှစ်ပါးကိုတော့ တရားကို ရိုရိုသေသေ ရှုမှတ်တဲ့ ယောဂီတိုင်းတွေ့ကြ ရတာ များပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ ဝင်တိုင်း ဒီဉာဏ်စဉ် နှစ်ခုလောက်တော့ ရအောင် အားထုတ်ကြရမှာပါ။ တချို့ အလေ့အကျင့်များတဲ့ ယောဂီတွေဆို ကိုယ့်အိမ် ဘုရားခန်း ထဲမှာ ထိုင်လိုက်တာနဲ့
ဒီဉာဏ်စဉ် နှစ်ခုကို ချက်ချင်း တွေ့ကြရတယ်လို့ ဆိုပါ တယ်။

◙ ဘဝမှာ ဝိပဿနာတရားထက် ပျော်စရာကောင်းတာ ဘာမှမရှိပါဘူး။
ဝိပဿနာ တရားတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။ မြတ်စွာဘုရားက ဝိပဿနာ ပီတိသုခနဲ့ ပျော်မွေ့ နေရတာဟာ လူသာမန်တွေ မဆိုထားနဲ့ နတ်သာမန်တွေ တောင်မှ မပျော်မွေ့နိုင်တဲ့ ပျော်မွေ့ခြင်းကို ရရှိပါတယ်လို့ ဟောပြထားတာပါ။ ဘယ်နေရာမှာပဲ ရောက်နေရောက်နေ၊ ဘယ်လို အခြေအနေပဲ ရှိနေနေ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ တကယ်
လျှောက်ရမှာက ဉာဏ်လမ်းပါ။

[ ဆရာတော်၏ အကုသိုလ် နှင့် ပန်းတိုင် တရားတော်မှ ကောက်နှုတ်ပူဇော်ခြင်းဖြစ်ပါသည်။

No comments:

Post a Comment