Pages

ကထိန်အကြောင်း တစေ့တစောင်း


အလှူရေစက်လက်နှင့်မကွာ လှူဒါန်းကြသော မြန်မာဗုဒ္ဓဘာသာများအတွင်း“သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်၊ ” ဟူသော ဆိုရိုးစကားလေးကို လူတိုင်း ကြားဖူးကြမှာပါ။

ကျောင်းလှူတာခြင်း အတူတူ “သိမ်ကျောင်း” လှူတာက ပိုမြတ်တယ်လို့ ဆိုရင်းပါ။ ဘာကြောင့်ပါလဲ။

သိမ် ကျောင်းမှာ ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စတို့ကို အကျိုးပြုတဲ့အတွက်ကြောင့်ပါ

သင်္ကန်းလှူတာခြင်း အတူတူ “ကထိန်သင်္ကန်း”လှူဒါန်းခွင့်ရခြင်းက ပိုမြတ်တယ်လို့ ဆိုလိုခြင်းပါ။ဘာကြောင့်လဲဆိုတော့ ကထိန်သင်္ကန်း လှူဒါန်းရာမှာ ထူးခြားချက်များစွာ (စည်းကမ်း များစွာ)ရှိနေတာကြောင့်ပါ။

ကထိန်သင်္ကန်းအလှူရဲ့ထူးခြားချက်(စည်းကမ်းတို့ )ကို အနည်းငယ်မျှ ရှင်းပြပါမယ်။

ကထိန်ဆိုတာ လှူဒါန်းမှု ဖြစ်ပေါ်လာပုံအနေနဲ့ဖြစ်စေ၊ အချိန်ကာလအနေနဲ့ဖြစ်စေ၊အလှူခံအနေနဲ့ဖြစ်စေ၊ လှူဒါန်းဖွယ်ရာ ပစ္စည်းအနေနဲ့ဖြစ်စေ၊လှူနည်းအနေနဲ့ဖြစ်စေ၊ (၀ိနည်းသိက္ခာပုဒ် ကင်းလွတ်ခွင့်ရခြင်း )အကျိုးအနေနဲ့ဖြစ်စေ၊တစ်ခြားသော ဒါနတို့နှင့်မတူဘဲ “ မူ”များစွာ ထူးခြားနေပါတယ်။

၁။ တခြားသော ပစ္စည်းတွေကို လိုအပ်ပါက မိဘကိုဖြစ်စေ ၊ဆွေမျိုးတွေကိုဖြစ်စေ ၊ဖိတ်မံထားသူ (ရဟန်းဒကာ ရဟန်းအမ စသူ) တို့ကဖြစ်စေ နှုတ်မြွက်၍ အလှူခံ ကောင်း (တောင်းကောင်း )ပါတယ်။ ကထိန်သင်္ကန်းကိုတော့ မိဘကိုတောင်မှလည်း နှုတ်မြွက်၍ သိစေခြင်းငှာ (အလှူခံခြင်းငှာ) မအပ်ပါဘူး။ တစ်ခြားသူတို့ဆိုရင်တော့ ဘယ်လို ဆိုဘွယ်ရာရှိပါတော့မလဲ။ အလှူရှင်က သူ့အလိုလို သဒ္ဓါတရားဖြစ်ပေါ်ပြီး လှူသော ကထိန်သင်္ကန်းကိုသာ အလှူခံခွင့်ရှိပါတယ်။ အလှူခံကောင်းပါတယ်။၊ ( ကောင်းကင်မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေမိုးပေါက်ကဲ့သို့သဒ္ဓါတရား သန့်သန့် လေးဖြင့်လှူသော “ကထိန်သင်္ကန်း” ဖြစ်ရပေမည်။ ယင်းကဲ့သို့သော ကထိန်သင်္ကန်းကိုပင် “မိုးကျကထိန်” ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ (ကထိနံနာမ အတိဥက္ကဋ္ဌံ ၀ဋ္ဋတိ ၊ မာတရမ္ပိဝိညာပေတုံ န၀ဋ္ဋတိ၊အာကာသတော သြတိဏ္ဏသဒိသမေ၀ ၀ဋ္ဋတိ ၊)

၂။ကထိန်သင်္ကန်းမှာ တစ်ခြားသော လှူဖွယ်များကဲ့သို့ လှူချင်သည့်အချိန်တိုင်းလှူခွင့် မရနိုင်ပါဘူး။ သတ်မှတ်ထားတဲ့ သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတိတိ အချိန်ကာလ အတွင်းမှာသာ လှူခွင့်ရှိပါတယ်။ ကျန်တဲ့ အချိန်များတွေမှာတော့ လှူခွင့် လုံးဝမရှိပါဘူး။ ထို့ပြင် ကထိန်သင်္ကန်းသည် တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှ (တစ်ကျောင်း ) တစ်ကြိမ်သာ လှူခွင့် ရှိပါတယ်။

၃။လှူဖွယ်ပစ္စည်းအားဖြင့် ကထိန်ခင်းရန် အတွက် သင်းပိုင်၊ ဧကသီ ၊ ဒုကုဋ် ( နှစ်ထပ် ) သင်္ကန်းတို့မှာ တစ်မျိုးမျိုး ဖြစ်ရပါတယ်( တခြားသော လှူဖွယ်ပစ္စည်းများကို အခြံအရံအဖြစ် လှူဒါန်းနိုင်ပါတယ်။)

၎။ လှူနည်းအားဖြင့်သံဃိကဒါနအဖြစ် သံဃာကိုသာ လှူဒါန်းရပါတယ်။ပုဂ္ဂိုလ်စွဲဖြင့် ပုဂ္ဂလိကဒါနအဖြစ် လုံးဝမလှူကောင်းပါဘူး။ သံဃာတော်များက ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်းမှာ ဉတ်ကမ္မ၀ါ ရွတ်ဖတ်ပြီးသင့်တော်တဲ့ရဟန်းတော် တစ်ပါးပါးအား လှူဒါန်းရပါတယ်။ ဉတ်ကမ္မ၀ါ ရွတ်ဖတ်ပြီး လှူဒါန်းရတာကြောင့် ကထိန်ခင်းမယ့် သင်္ကန်းကို “ ဉတ်သင်္ကန်း”လို့ ခေါ်ကြတာပါ။

၅။အလှူခံသော ရဟန်းမှာလည်း ပုရိမ၀ါ ကပ်ပြီး(၀ါမကျိုး မပျက်သော ) သီတင်းကျွတ် လပြည့် နေ့မှာ ၀ါမှကျွတ်တဲ့ ရဟန်းတော်များသာအလှူခံ ခွင့် ရှိပါတယ်။ (ထိုရဟန်းတို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်းကို ပထမဦးစားပေး၍ လှူဒါန်းရမှာပါ။) ဆင်းရဲနွမ်းပါးတဲ့ရဟန်း မရှိမှ မထေရ်ကြီးစတဲ့ ရဟန်း တစ်ပါးပါးကို လှူဒါန်းရမှာပါ။
၆။ အကျိုးအားဖြင့်ကတော့ ကထိန်အာနိသင်ရသော (ကထိန်ခံသော ရဟန်းနှင့်အနုမောဒနာပြုသော) ရဟန်းတော်များသည် ၀ိနည်းသိက္ခာပုဒ်နှင့်သက်ဆိုင်သည့် ကင်းလွတ်ခွင့် (၅)မျိုးကို သီတင်းကျွတ်လပြည့်ကျော် - ၁ -ရက်နေ့မှစ၍ တပေါင်းလပြည့် နေ့ထိ ၅ - လ တိုင်တိုင် ရရှိကြပါတယ်။

ကထိန်သင်္ကန်းကြောင့် ရဟန်းတော်များ ရနိုင်တဲ့ အကျိုး (၅) ပါးကတော့
======================
၁။ မပန်မကြား ၊ လိုရာသွား ၊ ပြစ်များမသင့်ပြီ။
ဒကာ ဒကာမများ အိမ်သို့( မြို့တွင်းရွာတွင်းသို့ ) သွားလိုသောအခါ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားနိုင်ပါတယ်။

(အကယ်၍ ကထိန်အာနိသင်မရမူ ခွင့်မပန်ပဲ သွားပါက အာပတ်သင့်ပါတယ်။ )
၂။ သုံးထည်ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်သည်။
တိစီဝရိတ်ဓုတင်ဆောင် ရဟန်းတော် ဖြစ်ပါက သင်္ကန်း သုံးထည်တို့မှ (သင်းပိုင် ဧကသီ ဒုကုဋ် )တစ်ထည်ထည်ကို ထားခဲ့ပြီး သွားလိုရာသွားနိုင်ပါတယ်။ (အကယ်၍ ကထိန်အာနိသင် မရပဲ သင်္ကန်းတစ် ထည်ထည်ကို ထားခဲ့ပြီး သွားလိုရာ သွားပါကအာပါတ်သင့်ပါတယ်။ )

၃။လေးပါးတူပင် ၊ ဂိုဏ်းဘောဇဉ် ၊ စားလျှင် စားနိုင်သည်။
ပင့်ဖိတ်ထားသော ဒကာ၊ ဒကာမများက အပင့်အဖိတ်မတတ်ဘဲ””အရှင်ဘုရား၊ တပည့်တော်တို့အိမ် ထမင်းစားကြွပါ ဘုရား၊ မုန့်ဟန်းခါးစား ကြွပါဘုရား”” စသည်ဖြင့် မအပ်သော အသုံးအနှုံးဖြင့် ပင့်ဖိတ်ပေမယ့်လည်း ဘုဉ်းပေးခွင့် ရှိပါတယ်၊(အကယ်၍ ကထိန်အာနိသင် မရပဲ ဘုဉ်းပေးပါက အာပါတ်သင့်ပါတယ်။)

၎။ သင်္ကန်းများစွာ ၊ ငါးလမှာ ၊ သိမ်းကာ ထားနိုင်သည်။
ရဟန်းတော်များ ရရှိသောသင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ (သင်္ကန်းကာလ- ၅ -လအတွင်း ) ထားပိုင်ခွင့် ရှိပါတယ်။
( အကယ်၍ ကထိန်အာနိသင် မရရှိဘဲ ကိုယ်ပိုင်သင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုဘဲ ထားရှိပါက - ၁၀ - ရက်ကျော်လျှင် အာပါတ်သင့်ပါတယ်)

၅။သံဃာလှူငြား ၊ သင်္ကန်းများ ၊ သူအားသာ ဖြစ်သည်။
ကထိန်ခင်းသောကျောင်းမှာ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော(ကထိန် အာနိသင်ရသော) ရဟန်းများ ပိုင်ဆိုင်ခွင့် စိတ်ကြိုက် ဝေဘန်ခွင့် ရှိပါတယ်။ (အကယ်၍ကထိန်အာနိသင်မရပဲ ထိုကဲ့သို့စိတ်ကြိုက် ဝေဘန်ပါက အာပါတ်သင့်နိုင်ပါတယ်။)
ကထိန်နှင့်ပါတ်သက်၍ ရဟန်းတော်များ ထူးခြားသော အကျိုးများကို ရရှိနိုင်သလို ကထိန် သင်္ကန်း လှူဒါန်းကြတဲ့ အလှူရှင်များမှာလည်း အကျိုးထူးများ ရရှိနိုင်ပါတယ်။

လှူသူမှာလဲ ၊ နည်းတူပဲ ၊ ရမြဲကျိုးငါးမည် ။
၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။
မိမိသွားလိုရာအရပ်ကို အဆီး အတား အပိတ်အပင် အနှောင့်အယှက်မရှိ လွတ်လွတ်လပ်လပ် သွားလာ နိုင်ပါတယ်။

၂။တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။
မည်သည့်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာဝန်ကြီး လေးသည်ဟု မရှိ ၊ပေါ့ပေါ့ပါးပါးဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ပါတယ်။

၃။ စားလိုရာများ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။
မည့်သည့် အစားအစာကိုပဲစားစား အစား အသောက် ကြောင့် ဘေးဖြစ်ခြင်း ၊ အစာအဆိပ် သင့်ခြင်း မဖြစ်နိုင်ပါ။ (အစာကို ကြေညက် အောင် ချေဖျက်နိုင်သော ပါစက ၀မ်းမီးနှင့် ပြည့်စုံပါတယ် )။

၎။ ပစ္စည်းအများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။
မိမိပိုင်ဆိုင်သောပစ္စည်းများ ပျက်စီးအောင် ဖျက်ဆီး တတ်သော ဘေးရန်များ မကျရောက်ပါ။

၅။ ကိုယ့်ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။
မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို မိမိကမပေးဘဲ မည်သူတစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်ပါ။

ကထိန်ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။
=====================
ကထိန်သင်္ကန်းလှူဒါန်းသော အလှူရှင်များမှာ --
ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသား အရေရှိခြင်း၊
ခန္ဓာကိုယ်၌ ( မြူစသော ) အညစ်အကြေး ကင်းစင်ခြင်း ၊
အလှဖျက် အနာအဆာ မရှိခြင်း ) ၊
ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း ၊
ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း ၊
ညိုရွှေဖြူနီစသော ခေတ်ပေါ် အ၀တ်အထည် အမျိုးမျိုးကို ဆင်မြန်းခွင့် ၀တ်ဆင်ခွင့်ရခြင်း ၊
ကျောင်းအမကြီး ၀ိသာခါတို့လို မဟလ္လတာ တန်ဆာကို ဆင်မြန်းခွင့်ရရှိ ခြင်းနဲ့
အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်မျက်မှောက် ပြုနိုင်ခြင်း ဆိုတဲ့ အကျိုးတရားများစွာကိုလည်း ရရှိနိုင်ပါတယ်။

အဂ္ဂပ္ပတော ပမောဒတိ။
အမြတ်ဆုံးသို့ရောက်၍ ၀မ်းမြောက်ကြပါစေ။
@@@သာသနာနွယ်
 

No comments:

Post a Comment