Pages

ငြင်းခုံခြင်းကို ရှောင်ကြဉ်၍ အမှားကို ၀န်ခံပါ





ငြင်းခုံခြင်းဟူသည် သူမှန်သည် ငါမှန်သည် စသည်ဖြင့် စကားအချေအတင် ပြောဆိုမှု ဖြစ်သည်။ လူမှုရေးရာ ကိစ္စအဖြာဖြာဖြစ်သော အုပ်ချုပ်ရေး ကိစ္စ၊ ပေါင်းသင်းဆက်ဆံရေး ကိစ္စ၊ အလုပ်ကိစ္စ၊ အိမ်မှုကိစ္စ၊ စီးပွားရေးရေးရာ စသောကိစ္စ အ၀၀တွင် စကားပြောဆို ဆက်ဆံမှုသည် အလွန်အရေးကြီးပေသည်။ ထိုသို့သော နေ့စဉ်နှင့်အမျှ ပေါ်ပေါက်ကြုံတွေ့ နေရသော ကိစ္စအ၀၀ကို ချောမောပြေပြစ်အောင် ဆောင်ရွက်ရာ၌ တစ်ခါတစ်ရံတွင် အကျဉ်းအကျပ်များနှင့် ထိပ်တိုက်ရင်ဆိုင် တွေ့ကြုံရတတ်သည်။ ပြောရဆိုရ ခက်သူများလည်း ရှိတတ်သည်။ ပြောမှားဆိုမှားလည်း ရှိတတ်သည်။ ထို့ကြောင့် အရေးပါသော အရေးကြီးသော၊ လေးနက်သော အကြောင်းအရာများကို ပြောဆိုဖြေရှင်းရာတွင် "စကားလိမ္မာ အောင်မြင်ရာ" ဟူသော စကားနှင့်အညီ လိမ္မာပါးနပ်စွာ ပြောဆိုတတ်ရန် အရေးကြီးပေသည်။

လူမှုဆက်ဆံရေး နယ်ပယ်တွင် မိတ်ဆွေကဲ့သို့ ဆက်ဆံပြောဆိုခြင်းသည် အကောင်းဆုံး နည်းလမ်းတစ်ရပ် ဖြစ်သည်။ မိတ်ဆွေဖြစ်ခြင်းသည် ချစ်ကြည်ရင်းနှီး မှုမှတစ်ဆင့် ပေါက်ဖွားလာခြင်း ဖြစ်သည်။ မည်သည့်အကြောင်း ကိစ္စတွင်မဆို စေတနာထား၍ ဆောင်ရွက်လျှင် မိတ်ဆွေကောင်းကို တွေ့ရစမြဲ ဖြစ်သည်။ ကြီးသည့်ကိစ္စ ငယ်သည့်ကိစ္စ မဟူ၊ ကူညီမစတတ်သူ၊ ဆောင်ရွက်ပေးတတ်သူတို့သည် မိတ်ဆွေပေါများသည်။ ခင်မင်သူ မိတ်ဆွေပေါများ လိုသူတို့သည် အာဃာတစိတ်ကို ပယ်ဖျောက်ထားရမည်။ အာဃာတစိတ်ဟူသည် တစ်စုံတစ်ဦးအပေါ် မကျေနပ်သောကြောင့် အန္တရာယ်ပြုရန် စိတ်တွင်တေးမှတ်ထားခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ရန်ငြိုးထားခြင်းပင် ဖြစ်သည်။ မိတ်ဆွေပေါများ လိုသူသည် အာဃာတ ရန်ငြိုး မထားသင့်ပေ။ အာဃာတရန်ငြိုး မထားခြင်းဖြင့် ရန်သူဟူ၍ မရှိဘဲ မိတ်ဆွေသာ ရှိစေသည်။

လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင် အာဃာတတရား မထားမှုနှင့်အတူ ငြင်းခုံမှုကိုလည်း ရှောင်ရှားရမည် ဖြစ်သည်။ တစ်ဖက်သားကို မိမိဘက်သို့ ပါလာစေရန် လုပ်ဆောင်မှုများတွင် အကောင်းဆုံး နည်းလမ်းတစ်ရပ်မှာ ငြင်းခုံခြင်းကို ရှောင်ရှားရမည်ဟူ၍ ပညာရှင်များ မိန့်ဆိုလမ်းညွှန်ခဲ့သည်။ ငြင်းခုံခြင်းသည် မိမိအတွက်လည်း အကျိုးမရှိနိုင် အခြားသူ တစ်ဦးအတွက်လည်း အကျိုးမရှိနိုင်ပေ။ ငြင်းခုံခြင်းဖြင့် မိမိက အနိုင်ရရှိမှုသည် အမြတ်ရရှိခြင်း မဟုတ်။ ဆုံးရှုံးမှုကို ဖြစ်စေသည်။ မိမိအတွက် မိတ်ဆွေတစ်ဦး ဆုံးရှုံးမှုပင် ဖြစ်သည်။ လူမှုဆက်ဆံရေး နယ်ပယ်တွင် ငြင်းခုံစရာ၊ အငြင်းထွက်စရာ အကြောင်းကိစ္စတစ်ရပ် တွေ့ကြုံပေါ်ပေါက်လာလျှင် ထိုအကြောင်းအရာကို ပြောင်းလွဲလိုက်ခြင်းသည် လည်းကောင်း ပြောဆိုမှုကို ရပ်နားလိုက်ခြင်းသည် လည်းကောင်း၊ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ စကားဖြင့် ငြင်းခုံ အနိုင်ရသူသည် လတ်တလောတွင် စိတ်ကျေနပ်မှု ရရှိမည် မှန်သော်လည်း ပေါင်းသင်းဆက်ဆံရေးတွင်မူ ကျဆုံးသူ ဖြစ်သွားစေသည်။

သင်သည် တစ်ဖက်သားကို ဆန့်ကျင်ဘက် ပြုလုပ်၍ ငြင်းခုံခဲ့လျှင် တစ်ခါတစ်ရံ သင်ပင်လျှင် အနိုင်ရကောင်း ရပေမည်။ သို့ရာတွင် ထိုသို့အနိုင်ရခြင်းသည် အကျိုးမရှိသော နိုင်ခြင်းပေတည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့ အနိုင်ရလိုက်ခြင်းဖြင့် သင်သည်တစ်ဖက်သား၏ ကြည်ညိုခြင်းကို

ခံယူရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်ကိုယ်တိုင် ချိန်ဆ၍ ကြည့်ပါ။ စကားအနိုင်ရမှုကို ယူမည်လော သို့တည်းမဟုတ် လူတစ်ယောက်၏ ကြည်ညိုခြင်းကို ခံယူမည်လော။ ဤမေးခွန်း နှစ်ခုသည် တစ်ပြိုင်တည်း အခွင့်အရေးရရန် ခဲယဉ်းသောကြောင့် ပေတည်းဟူ၍ အင်္ဂလိပ် စာပေပညာရှင် ဘင်ဖရန့်ကလင်က လမ်းညွှန်မိန့်ကြားခဲ့သည်။

ငြင်းခုံခြင်း၏ မကောင်းကျိုး တစ်ရပ်ကို အမေရိကန်သမ္မတ ၀ီလ်ဆင် အစိုးရအဖွဲ့၏ ဘဏ္ဍာရေး ၀န်ကြီးဖြစ်သော ၀ီလျံဂျီမက်အဒူးက "ကျွန်ုပ်သည် နှစ်ပေါင်းများစွာ နိုင်ငံရေး နယ်ပယ်တွင် ကျင်လည်ခဲ့ပြီးနောက်၊ လက်တွေ့သိရှိ ရရှိခဲ့ရသော ဘ၀သင်ခန်းစာ တစ်ရပ်မှာ "ငြင်းခုံခြင်းသည် လူပြိန်းတစ်ယောက် စိတ်ကိုပင် မပြောင်းလဲနိုင်ဟူသော သင်ခန်းစာပင် ဖြစ်သည်" ဟူ၍ ထုတ်ဖော်ဝန်ခံ ခဲ့သည်။

ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကလည်း "ဒေါသကို မေတ္တာဖြင့် အောင်နိုင်စေရာသည်" ဟူ၍ ငြင်းခုံခြင်းဟူသော ဒေါသကို သည်းခံခွင့်လွှတ်ခြင်းဟူသော မေတ္တာဖြင့် အောင်မြင်စေကြောင်းကို မိန့်ကြားလမ်းညွှန်ခဲ့သည်။ တစ်ဦးနှင့်တစ်ဦး အယူအဆ ကွဲပြားနေမှုကို ငြင်းခုံခြင်းဖြင့် ကွယ်ပျောက်သွားအောင် မပြုလုပ်နိုင်။ သာယာချေငံ ချိုသာစွာ ပြောဆိုခြင်း၊ တစ်ဖက်သားကို အလျှော့ပေးခြင်း၊ တစ်ဖက်သား၏ ဆန္ဒကို အမှန်တကယ် ပြည့်စုံအောင် လုပ်ကိုင်ဆောင်ရွက် ပေးလိုသော စိတ်ထားကောင်း ရှိနေခြင်းတို့သည်သာ တစ်ဦးနှင့်တစ်ဦး အယူအဆ လွဲမှားနေခြင်းဟူသည့် ငြင်းခုံခြင်းကို ပပျောက်အောင် စွမ်းဆောင်နိုင်သည်။ ယင်းသို့သော အနှစ်သာရကို ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် သိင်္ဂါလသုတ်တွင် "အကြင်သူသည် သူတစ်ပါးကို ချီးမြှောက်တတ်၏။ အဆွေခင်ပွန်းကောင်း ပြုတတ်၏။ သူ့ကျေးဇူးကို သိတတ်၏။ ကင်းသောမစ္ဆရိယ ရှိ၏။ သူတစ်ပါး၏ အကျိုးကို ဆောင်တတ်၏။ ဆောင်ရွက်တတ်၏။ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည် အခြံအရံကို ရနိုင်၏" ဟူ၍ မိန့်ကြားခဲ့သည်။

အမေရိကန်သမ္မတ လင်ကွန်း၏ "မိမိကိုယ်ကိုယ် အထက်ဆုံး အတန်းသို့ ရောက်ရှိအောင် ရည်ရွယ်ချက်ရှိသူသည် စကားအနိုင်လု၍ ငြင်းခုံနေရန် အချိန်မရှိပေ။ ငြင်းခုံခြင်းမှ ပေါ်ပေါက်လာသော စိတ်တိုခြင်း၊ ဒေါသမထိန်းသိမ်းနိုင်ခြင်း စသည့်ဆိုးကျိုးတို့သည်လည်း မလိုလားအပ်ပေ။ ထို့ကြောင့် နှစ်ဦးဆတူ ဖြစ်နေလျှင် မိမိက လျှော့ပေးလို့ရလျှင်လည်း လျှော့ပေးပါ။ သင်ပိုင်ဆိုင်သောနေရာ ဖြစ်ပါစေ။ ထိုနေရာကို ရရန်အတွက် အကိုက်ခံပြီး ခွေးတစ်ကောင်နှင့်ဖက်၍ လုမနေပါနှင့်။ ခွေးကိုက်ခံရလျှင် ထိုခွေးကို သေနတ်ဖြင့် ပစ်သတ်သော်လည်း အနာပျောက်မည် မဟုတ်ပေ" ဟူ၍ ဆုံးမမှုသည် လေးစားမှတ်သားဖွယ် ဖြစ်သည်။

လူမှုဆက်ဆံရေး နယ်ပယ်တွင် သူမှန်သည် ငါမှန်သည် စသည်ဖြင့် စကားအချေအတင် ပြောဆိုငြင်းခုံမှုများကို ရှောင်ကြဉ်၍ ငြင်းခုံခြင်း ပြုနေမည့်အစား မိမိ၏ အမှားကို ၀န်ခံခြင်းဖြင့် ဆွဲဆောင်သင့်ပေသည်။ လူတိုင်းတွင် အမှားအယွင်းနှင့် မကင်းနိုင်ပေ။ အနည်းနှင့် အများသာ ကွာခြားတတ်သည်။ လူအများသည် မိမိ၏ အမှားများစွာကို ဖုံးကွယ်လေ့ရှိပြီး သူတစ်ပါး၏ အမှားအနည်းငယ်ကို တွေ့လျှင် ပုံကြီးချဲ့ ပြောဆိုတတ်ကြသည်။ ထို့ကြောင့်ပင် ပညာရှိများက "ကိုယ့်အပြစ်ကို ကိုယ်ဖုံးကွယ်ရန်အတွက် ပညာရှိဖို့ မလို။ ပညာမဲ့သူတိုင်း လိုလိုပင် ကိုယ့်အပြစ်ကို ကိုယ်ဖုံးကွယ်တတ်ကြသည်။ သို့ရာတွင် မိမိ၏ အပြစ်အမှားကို ၀န်ခံတတ်ခြင်းသည် ထိုဝန်ခံတတ်သူအား လူသာမန်တို့ထက် ထူး၍မြင့်မြတ် စေသည်။ မိမိ၏ အမှားကို ၀န်ခံလိုက်ခြင်းဖြင့် ၀န်ခံသူ၏ စိတ်ဆန္ဒ၏ ထူးကဲသော အရသာကို ခံစားရတတ်သည်။ မိမိအမှားကို ထုတ်ဖော်ဝန်ခံခြင်းသည် လူ၏ဂုဏ်ရည်တစ်ရပ် ဖြစ်သည်ဟု မိန့်ဆိုခဲ့သည်။

မိမိ၏ အမှားအပြစ်ကို ထုတ်ဖော်ဝန်ခံခြင်းသည် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့၏ ဂုဏ်ရည်တစ်ရပ် ဖြစ်သည်ဟူသော ၀ိသေသကို ထာဝရလက်စွဲ ပြုကျင့်သုံးခဲ့သော ပုဂ္ဂိုလ်ထူး တစ်ပါးမှာ မြတ်စွာဘုရား၏ လက်ယာရံ အဂ္ဂစကာနှင့် ပညာအရာတွင် ဧတဒဂ်ရတော်မူသော ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးပင် ဖြစ်သည်။ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် ခုနစ်နှစ်အရွယ် သာမဏေငယ်၏။ သင်္ကန်းတော် မညီမညာ ဖြစ်နေသည်ကို "အရှင်ဘုရား ဤသို့လည်း ၀တ်ကောင်းပါလော" ဟု လျှောက်ထားခဲ့မှုကို နာယူ၍ ညီညွတ်အောင် ပြင်ချေပြီးမှ သာမဏေငယ်အား ရိုသေသော အမူအရာဖြင့် "ခုနစ်နှစ် အရွယ်ဖြစ်သော ယနေ့ရဟန်းပြုသော သာမဏေငယ်သည် ငါ့ကိုဆုံးမသည်ဖြစ်စေ၊ သာမဏေငယ် ကဲ့သို့သော သူ၏အဆုံးအမကိုလျှင် ဦးထိပ်ဖြင့် ငါခံ၏" ဟု ဆုံးမနာတော် မူသတည်းဟူ၍ အမှားကို ၀န်ခံတတ်ခြင်း ဂုဏ်ရည်ကောင်းကို ပါရာယန၀တ္တု (ရှင်မဟာသီလ၀ံသ) တွင် ဖော်ထုတ်ချီးကျုး ခဲ့သည်။

အမှားကို ၀န်ခံခြင်းသည် မြတ်စွာဘုရား ဟောကြားတော် မူခဲ့သော ၃၈ ဖြာ မင်္ဂလာ တရားတော် (မင်္ဂလသုတ်)၏ "နိဝါတောစ" ဟူသော မိမိကိုယ်ကိုယ် နှိမ့်ချခြင်း၊ မာနကို ချိုးနှိမ်ခြင်းဟူသော မင်္ဂလာတရားနှင့် ညီညွတ်သည် မြန်မာမှုယဉ်ကျေးမှု တစ်ရပ်လည်း ဖြစ်သည်။ ကုန်းဘောင်ခေတ် စာဆိုကျော် ဦးရွှေခြည်က "အဘိရူကပျို့" တွင် မိမိအမှားကို ၀န်ခံခြင်းသည် သူတော်ကောင်းတို့၏ ဂုဏ်ရည်ဖြစ်ကြောင်း" ဆုတ်တက်ဆပွား၊ စဉ်တလျားဖြင့် စကားရွေ့လွန်၊ မှားမေ့ကျန်၍ မမှန်ယိမ်းချော်၊ တိမ်းပါသော်လည်း၊ သူတော်တကား သည်းခံပါဟု၊ သံသာပျောင်းပျ၊ တောင်းပန်ခ၏" ဟူ၍ ဖော်ထုတ်တင်ပြ ခဲ့သည်။

ကမ္ဘာ့ သမိုင်းကြောင်းနှင့် မြန်မာ့ သမိုင်းကြောင်းတွင် ငြင်းခုံခြင်းကို ရှောင်ကြဉ်ရန် အမှားကို ၀န်ခံရဲသော နိုင်ငံရေး ခေါင်းဆောင်ကြီးများအဖြစ် အမေရိကန်သမ္မတ လင်ကွန်းသည် လည်းကောင်း၊ စာပေလွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ဖခင်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မျက်မှောက်ခေတ်၏ ငြိမ်းချမ်းရေး စာဆိုတော်ကြီး ဆရာကြီး ဒဂုန်တာရာတို့သည် လည်းကောင်း သမိုင်းဥဒါန်းတင် ထင်ရှားခဲ့သည်။ နိုင်ငံ၏ ခေါင်းဆောင်ကောင်း အရည်အချင်းနှင့် ကိုယ်ရည်ကိုယ်သွေးများအနက် ငြင်းခုံခြင်းကို ရှောင်ကြဉ်ခြင်းနှင့် အမှားကို ရဲဝံ့စွာ ၀န်ခံခြင်းတို့သည် ထူးခြားထင်ရှားသော အရည်အသွေးဂုဏ်ဒြပ် ဖြစ်သည်။


(ဆောင်းပါးရှင် - လှမြင့် (ရန်ကုန်တက္ကသိုလ်))

ကျမ်းကိုး
၁။ စာဆိုတော်များ အတ္ထုပတ္တိ(မောင်သုတ)
၂။ How to win Friend & Influence People
၃။ စကားလိမ္မာ အောင်မြင်ရာ (ဦးတင်အောင်)

(Photo:AFP)

http://myawadynews.blogspot.com/2013/10/blog-post_5119.html

No comments:

Post a Comment