Pages

သဿတပိုင်ရှင် (သို့) ဗကဗြဟ္မာ



မြတ်စွာဘုရားရှင်၏ ထူးခြားသည့် အောင်မြင်ခြင်းများတွင် ဗကဗြဟ္မာကြီးအား အောင်မြင်ခဲ့သည့် အောင်ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်၏။ အောင်မြင်ခြင်းဟု ဆိုသည်ထက် အယူမှားကို ချေဖျက်ပေးခဲ့ခြင်းဟု ဆိုက ပို၍သင့်လျော်မည် ဖြစ်၏။ မြတ်စွာ
ဘုရားရှင်သည် အယူလွဲနေသည် ဗကဗြဟ္မာကြီးကို မှန်ကန်သည့် အယူဝါဒဖြင့် တည့်မှတ်ပေးခဲ့ခြင်းသာ ဖြစ်၏။ ဗကဗြဟ္မာကြီး ဆွဲကိုင်ထားသည့် အယူဝါဒမှာ သဿတဝါဒ ဖြစ်၏။ သဿတဝါဒဟူသည် “အရာအားလုံးသည် ဖောက်ပြန်ပျက်စီးခြင်း မရှိ၊
အမြဲတည်တံ့နေသည်”ဟု ယူဆသည့် ဝါဒမျိုးဖြစ်၏။

ဗကဗြဟ္မာကြီး ယူဆမည်ဆိုလျှင်လည်း ယူဆချင်စရာပင်။ ဗြဟ္မာကြီး၏ သက်တမ်းသည် အလွန်ရှည်လွန်းလှ၏။ နှစ်ကာလရှည်ကြာစွာ မြင်နေရသည့်အာရုံများ၊ ကျင်လည်နေရသည့် အရာများသည် တသတ်မတ်တည်းဖြစ်ကာ မပြောင်းလဲသည့် သဘောကဲ့သို့ ဖြစ်နေ
သဖြင့်လည်း အရာအားလုံးသည် အမြဲတည်နေသည်ဟု ထင်မှတ်နေခြင်း ဖြစ်ပေ၏။ ဗကဗြဟ္မာကြီးသည် ဗြဟ္မာ့ဘုံ အဆင့်ဆင့်တွင် ဖြစ်ခဲ့သော်လည်း နှစ်ပရိစ္ဆေဒ ကြာညောင်းလှသဖြင့် စုတေရသည့် နာမ်ရုပ်အစဉ်ကိုလည်း မမှတ်မိ၊ ပဋိသန္ဓေလည်း မထင်ဖြစ်ကာ
ပကတိဖြစ်မြဲတိုင်းသော ကိုယ်အထည်ဒြပ် ရှိနေသည်ဟု ထင်မှတ်မိနေခြင်း ဖြစ်၏။

ဗကဗြဟ္မာကြီးသည် ဗြဟ္မာဇာတ်သည် မြတ်သောမြဲသော နိစ္စဓူဝဖြစ်သော ချမ်းသာဖြစ်ပြီး ထိုထက်သာလွန်သည့် နိဗ္ဗာန်ချမ်းသာဟူသည် မရှိ၊ မိမိပိုင်ဆိုင်ထားသည့် ဗြဟ္မာ့ကိုယ်သည်လည်း အိုခြင်း
နာခြင်း သေခြင်းစသည့် ဆင်းရဲမရှိဘဲ အတိသုခဖြစ်သည့် ချမ်းသာသာ ဖြစ်သည် စသည်ဖြင့် အယူသည်းနေသူဖြစ်၏။ သူသာလျှင်မဟုတ် သူ၏မိတ်ဆွေ အပေါင်းအသင်းဖြစ်သည့် ဗြဟ္မာ
ပေါင်း (၇၀)တို့သည်လည်း ဤနည်းအတူပင် အရာအားလုံးသည် မြဲသည်ဟု
ယူဆနေသည့် သဿတပိုင်ရှင်များပင် ဖြစ်နေပေ၏။ ထို့ကြောင့်
အကြောင်းလည်းစုံ၊ ကျွတ်ချိန်လည်းကြုံသည့် အခါတွင် မြတ်စွာ
ဘုရားရှင်သည် ဗကဗြဟ္မာနှင့်တကွ သဿတပိုင်ရှင်များ၏ အယူမှားကို
ချေဖျက်ပေးရန် ဗြဟ္မာ့ပြည်သို့ ကြွရောက်တော်မူပြီး အမှန်တရားကို
ဟောကြားပေးတော်မူခဲ့ခြင်း ဖြစ်၏။

ဘုရားရှင် ကြွတော်မူလာသည်ကို မြင်မြင်ချင်း ဗကဗြဟ္မာကြီးက ဝမ်းသာအားရဖြင့် “အို အရှင်ဂေါတမ ကောင်းသောလာခြင်းပါပဲ၊ ခဏခဏ မလာဘဲ ဘာကြောင့် အခုလို အကြာကြီးနေမှ ကြွတော်မူလာရပါသလဲ ဘုရား၊ တကယ်တော့ မြတ်စွာဘုရား အနေနဲ့လည်း မပျက်စီးဘဲ
အမြဲတည်တံ့နေတဲ့ ဒီဗြဟ္မာဘုံကိုရောက်အောင် လုပ်သင့်ပါတယ်၊ တကယ့်နိဗ္ဗာန်ဘုံဆိုတာ တစ်ခြားမဟုတ်ဘူး၊ ဒီဗြဟ္မာ့ဘုံကိုပဲ ပြောတာဖြစ်ပါတယ် ဘုရား”ဟု လျှောက်ထားရင်း မိမိကိုယ်နှင့် မိမိဘုံဌာန၏ မြဲမြန်စွာတည်နေခြင်း သဘောကို ညွှန်းဆိုနေပေတော့၏။

ထိုအခါ မြတ်စွာဘုရားရှင်က “အို ဗကဗြဟ္မာ သင့်အဖြစ်ကလည်း သနားစရာ ကောင်းပေစွ၊ မသိမှု အဝိဇ္ဇာက အားကြီးနေပေစွ၊ သင့်အဖြစ်က မြှုံးတွင်းမှာရှိနေတဲ့ ငှက်က အပြင်မှာလွတ်ထွက်နေတဲ့ သတ္တဝါတွေကို ချမ်းသာချင်ရင် ဒီမြှုံးထဲကို လာခဲ့ကြလို့ ဆိုနေသလို ဖြစ်နေပါတကား၊
သင့်အဖြစ်က ကိုယ်ဖြစ်မယ့်ဘေးကို မမြင်ဘဲ မမြဲတာကို မြဲတယ်၊
မချမ်းသာတာကို ချမ်းသာတယ်လို့ ထင်နေပြီး ဝဋ်ကင်းပြတ်ရာ နိဗ္ဗာန်ဟာ
အမှန်ရှိနေပါရဲ့နဲ့ ဗြဟ္မာ့ပြည်ကိုမှ နိဗ္ဗာန်လို့ ထင်နေပါတကား၊ သနား
စဖွယ်အဖြစ်ပါလား” စသည်ဖြင့် ပြန်လည် မိန့်ကြားတော်မူလိုက်၏။

ဗကဗြဟ္မာကြီးသည် မိမိနှင့်အယူဝါဒတူ အခြားဗြဟ္မာများရှေ့တွင် ထိုသို့အပြောခံလိုက်ရသဖြင့် အလွန်ရှက်သွားပြီး “အို အရှင်ဂေါတမ အရာအားလုံးဟာ မြဲတယ်လို့ ယူထားတဲ့ ကျွန်ုပ်တို့ ဗြဟ္မာတွေဟာ
အရှင်ဂေါတမရဲ့ မမြဲခြင်း အနတ္တဝါဒကို ဘယ်လိုမှ လက်မခံနိုင်တဲ့အပြင်
ကျွန်ုပ်တို့ ဟောဒီဗြဟ္မာဘုံကသာ တကယ့်ထာဝရတည်တံ့နေတဲ့ နိဗ္ဗာန်
အစစ် ဖြစ်ပါတယ်” ဟု ဆက်လက်လျှောက်ထားပြန်၏။

မြတ်စွာဘုရားရှင်က “အချင်း ဗကဗြဟ္မာ သင့်အနေနဲ့ ဒီဗြဟ္မာဘုံမှာ ထာဝရတည်တံ့နေတယ်လို့ ဘယ်လိုပဲ ထင်ထင် ဒီဗြဟ္မာဘုံမှာ သင့်အနေနဲ့ ကြာကြာနေရမှ နောက်ထပ် အန္တရကပ် (၁၃၆၃၄၅)ကပ်လောက်
ပဲဖြစ်ပြီး၊ သင်ဟာ ဇာတိဇရာမရဏကိုလည်း မလွန်ဆန်နိုင်သေးဘဲ
သေချာပေါက် သေရဦးမှာဖြစ်တယ်၊ သင့်အနေနဲ့ အသိပညာနဲ့ သတိပြု
ဆင်ခြင်ဖို့ လိုပါတယ်” စသည်ဖြင့် မိန့်ကြားတော်မူလိုက်၏။

ဗကဗြဟ္မာကြီးသည် ဘုရားရှင်က သူ့အား ထိုသို့မိန့်တော်မူသဖြင့် အလွန်ဒေါသထွက်သွားပြီး “အို လူသားဘုရား အရှင်ဂေါတမ ကျွန်ုပ်ကဲ့သို့သောသူကို ထာဝရမတည် သေရမည်လို့ ဆိုနေပေမယ့် ဒီစကားကို ကျွန်ုပ်လက်မခံနိုင်ပါဘူး၊ တကယ်လို့ အရှင်ဂေါတမဆိုတဲ့အတိုင်း အမှန်ဖြစ်
တယ်ဆိုရင် ကျွန်ုပ်ကို သက်သေပြပါ၊ ကျွန်ုပ်သည် အတိတ်ဘဝက ဘာဖြစ်ခဲ့ပြီး၊ ဘာတွေလုပ်ခဲ့တယ်၊ ဘယ်လိုအလုပ်တွေကြောင့် ကျွန်ုပ်ဒီလိုဘုံဘဝမှာ ဖြစ်ခဲ့တယ်ဆိုတာ သက်သေပြပါ၊ အဲဒီလို ပြော
နိုင်မယ်ဆိုရင်တော့ ကျွန်ုပ်အနေနဲ့ အရှင်ဂေါတမဟာ ကျွန်ုပ်ထက်သာ
လွန်သူအဖြစ် လက်ခံပြီး သင့်ထံမှာကျွန်ုပ် ဒူးထောက်အရှုံးပေးကာ
အရှင်ဂေါတမကို ဆည်းကပ်ကိုးကွယ်ပါမယ်၊ ကျွန်ုပ်အတိတ်ကိုသာ
ပြောပြပါ”ဟု တောင်းဆိုလိုက်၏။

မြတ်စွာဘုရားရှင်က “ဗကဗြဟ္မာ အမှန်အားဖြင့် ငါသည် သင်၏လားရာကို လည်းကောင်း၊ သင်၏ဆိုက်ရောက်ရာကို လည်းကောင်း၊ သင်၏ တန်ခိုးစွမ်းပကားကိုလည်းကောင်း၊ ဗကဗြဟ္မာသည် မည်သည့်ဘဝမှလာပြီး မည်သည့်ဘဝသို့ သွားမည်၊ မည်မျှတန်ခိုးရှိသည်ကို
အားလုံးသိ၏၊ သင်သည် လွန်လေပြီးသော အတိတ်ဘဝတစ်ခုက ဗာရာဏသီပြည်၌ ကေသဝအမည်ရှိသည့် ပုဏ္ဏားတစ်ဦး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် တောထွက်ကာ ရသေ့ပြုလျက် တရားအားလုပ် အားထုတ်ခဲ့သူဖြစ်ကြောင်း၊ ထိုကေသဝ ရသေ့ဘဝတွင် တစ်ခါက
သဲကန္တာရသို့ ရောက်လာသည့် လှည်းကုန်သည်ငါးရာတို့အား အစာ
ရေစာပေးကာ အသက်ကို ကယ်တင်ဖူးခဲ့ကြောင်း၊ 
တစ်ခါတွင်လည်း
သူခိုးဓားပြများကြောင့် ဒုက္ခရောက်နေခဲ့သည့် ကျေးရွာတစ်ခုရှိ ကလေးသူငယ်များနှင့် ဒုက္ခသည်များအား ထိုသူခိုးဓားပြများလက်မှလွတ်စေလျက် အသက်ကို ကယ်တင်ပေးခဲ့ဖူးကြောင်း၊ တစ်ခါတွင်လည်း
ဆင်ဖမ်းသမား ငါးရာတို့ကို ဖမ်းဆီးသတ်ဖြတ်မည့် နဂါးမင်း၏ လက်မှအသက်ကိုလုကာ ထိုဆင်ဖမ်းသမားများအား ကယ်တင်ပေးခဲ့ဖူးကြောင်း၊ ဗကဗြဟ္မာ သင်သည် ကေသဝရသေ့ ဘဝဖြစ်စဉ်က
ငါဘုရားသည်လည်း သင်၏တပည့် ကပ္ပရရသေ့ အနေဖြင့် အတူတရား
ကျင့်ခဲစဉ် တပည့်ဖြစ်တဲ့ ကပ္ပရ ရသေ့ကို ကူညီစောင့်ရှောက်မှု၊
ငဲ့ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ စင်စစ် သင်သည် လူ့ဘဝရစဉ် ကေသရ ရသေ့အဖြစ်ဖြင့် အသက်ကယ်ခဲ့သည့် ကောင်းမှုအမျိုးမျိုးကို ပြုလုပ်ခဲ့မှုကြောင့် ယခုကဲ့သို့ ဗြဟ္မာပြည်တွင် အသက်ရှည်ရှည် နေခဲ့ရခြင်း ဖြစ်ကြောင်း” စသည်ဖြင့် ဗကဗြဟ္မာကြီး၏ အတိတ်ကို ပြန်လည်ဟော
ကြားပေတော်မူ၏။

ထို့အပြင် မြတ်စွာဘုရားရှင်က ဆက်လက်၍ “ဗကဗြဟ္မာ ဤအတိတ်အကြောင်းတွင်မဟုတ်၊ ငါဘုရားသည် သင်မသိနိုင်သည့် သင်၏ အတိတဗြဟ္မာ ဘဝများကိုလည်း သိကြောင်း၊ သင်သည် ယခု ဗကဗြဟ္မာအဖြစ်ဖြင့် ဤဘုံသို့ မရောက်မီက အာဘဿရာ အမည်ရှိသည့် ဗြဟ္မာဘုံတွင် ဖြစ်ခဲ့
သေးကြောင်း၊ ထိုဘုံမှစုတေပြီး ယခုဘုံသို့ သင်ရောက်လာခြင်းဖြစ်ကြောင်း၊ သင်သည်ကား ယခုလက်ရှိဘုံဘဝတွင် အချိန်ကြာမြင့်စွာ နေရသဖြင့် သင်၏ဘဝအစစ်ကို မေ့လျော့နေခြင်း ဖြစ်ကြောင်း၊ ငါဘုရားသည် သင်မသိသည့်အရာ အားလုံးကို သိနေ၏၊ ထို့ကြောင်းသင်သည် ငါနှင့်
တုပြိုင်၍ မည်သို့မျှ မတတတ်နိုင်သည်သာ ဖြစ်ကြောင်း” စသည်ဖြင့်
မိန့်တော်မူလိုက်၏။

သို့သော် ဗကဗြဟ္မာသည် အလွယ်တကူ လက်မခံသေးဘဲ “ အရှင်ဂေါတမ ရှိပါစေ၊ ယခုကျွန်ုပ်သည် အရှင်ဂေါတမ မမြင်ရအောင် ချက်ချင်းကွယ်ပျောက်ပြပါမည်၊ အရှင်ဂေါတမ စောင့်ကြည့်ပါ၊ ကျွန်ုပ်သည့်
သင့်ထက်တန်ခိုးအရာ၊ စွမ်းပကားအရာ သာလွန်သည်ကို ပြပါမည်
စောင့်ကြည့်ပါ”ဟု ဆိုကာ မိမိကိုယ်ကို ကွယ်ပျောက်ရန် အားထုတ်
ပြသော်လည်း မရဘဲ ဖြစ်နေလေ၏။


ထိုအခါ မြတ်စွာဘုရားရှင်က “ဗကဗြဟ္မာ သင်မည်သို့ပင် ကွယ်ပျောက်အောင် အားထုတ်သော်လည်း ငါဘုရားမျက်စိအောက်က ပျောက်သွားအောင် မလုပ်နိုင်ပေ၊ ငါဘုရားသည် သင်မည်သည့်နေရာ၊
မည်သို့သော အနေအထား ရှိပါစေ၊ မြင်နိုင်၏၊ စင်စစ် သင်သည်ကား ငါဘုရားကို မမြင်နိုင်အောင် ငါဘုရားသည် လက်တွေ့ကွယ်ပျောက်အောင် လုပ်နိုင်၏” စသည်ဖြင့် မိန့်တော်မူကာ မြတ်စွာ
ဘုရားရှင်သည် ကိုယ်တော်မြတ်၏ အသံကိုသာ ကြားစေပြီး
ရုပ်ကိုမမြင်နိုင်အောင် ဖန်ဆင်းပြတော်မူလိုက်၏။

ထိုအခါမှသာ ဗကဗြဟ္မာကြီးလည်း လက်တွေ့သဘောပေါက် လက်ခံလာပြီး မြတ်စွာဘုရားရှင်အား “အရှင်ဂေါတမ အရှင်ဘုရား၏ တန်ခိုးစွမ်းပကားကား ကြီးမားလှပေစွ၊ ကျွန်ုပ်တို့ ဗြဟ္မာများထက်
အဆအရာအထောင်မက သာလွန်လှပါ၏၊ အရှင်ဂေါတမသည် ကျွန်ုပ်တို့ ဗြဟ္မာများ၏ ဘဝအသီးသီးနှင့် ရှေ့နောက်အဖြစ်အပျက်များ၊ လွဲမှားနေသည့် အယူဝါဒများကိုလည်း ထုတ်ဖော်
ဟောကြားတော် မူနိုင်ပါ၏၊ ကျွန်ုပ်တို့ အရှုံးပေးပါပြီ၊ ယခုအချိန်မှစ၍ ကျွန်ုပ်တို့၏ အယူလွဲကိုပယ်ကာ မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးကာ
ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါတော့မည် ဘုရား” ဟု
လျှောက်ထားလိုက်လေတော့၏။
(မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ ဗြဟ္မနိပန္တိယသုတ်)

ဤကား အရာရာကို မြဲသည်ဟု ထင်မှတ်နေသည့် သဿတပိုင်ရှင် ဗကဗြဟ္မာကြီးအား ချေချွတ်တော်မူခဲ့သည့် မြတ်ဗုဒ္ဓနှင့် ဗကဗြဟ္မာအကြောင်း တစ်စေ့တစ်စောင်းပင် ဖြစ်ပါ၏။ ဤ၌ အဓိကပေးလိုသည့် အသိမှာ သဿတအယူဝါဒနှင့် စပ်လျဉ်းသည့်
အချက်ပင် ဖြစ်၏။ သဿတဝါဒသည် ယနေ့ခေတ်တွင်လည်း လက်ခံလိုက်နာ ကျင့်သုံးနေသူများ အများအပြား ရှိနေပေ၏။ မမြဲခြင်းတရားကို မြဲသည်ဟုထင်ကာ အယူလွဲနေသူများ အလွန်များပြားလှ၏။ တိုတောင်းလှသည့် အခိုက်အတန့်နှင့် တဒင်္ဂရှိသည့် ခဏအရှိများတွင် မြဲသည်ဟု ထင်နေကြသူများလည်း ပေါများလှ၏။ စင်စစ် ယနေ့လိုသက်တမ်းမျိုး မဆိုထားနှင့် မရေမတွက်
နိုင်အောင် များပြားလှသည့် သက်တမ်းရှိသည့် ဗြဟ္မာများ
သည်လည်း နောက်ဆုံးတွင် ပျက်ဆီးကြရမည်သာ ဖြစ်သည်ကို
သတိပြုမိပါက သိနိုင်ကြမည် ဖြစ်၏။

ထို့ကြောင့် ယနေ့ခေတ် သဿတပိုင်ရှင်များ အနေဖြင့်လည်း
သဿတပိုင်ရှင် ဗကဗြဟ္မာကြီးကဲ့သို့သော အယူလွဲသူများပင် နောက်ဆုံးတွင် မှန်ကန်သည့်လမ်းကို ရွေးချယ်သွားကြသည်ကို သတိပြုဆင်ပြီး မိမိတို့ ထင်မြင်ယူဆနေသကဲ့သို့ အရာရာမြဲသည်ဟူသည့် အယူအဆများသည် အမှန်အားဖြင့် မမြဲသည့်
အနိစ္စသဘောများသာ ဖြစ်ကြောင်း၊ အရာအားလုံးသည် ပျက်ဆီးခြင်းလျင် အဆုံးရှိကြောင်း ကောင်းစွာ သဘောပေါက်ကာ ယခုလက်ရှိအချိန်တွင်သာ အကောင်းဆုံးဖြစ်သည့်
လုပ်များကို ပြုလုပ်ရင်း မှန်ကန်သည့် အယူဝါဒအတိုင်း
လျောက်လှမ်းနိုင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း
အသိပေးတိုက်တွန်း လိုက်ရပါသည်။

- မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
 

No comments:

Post a Comment