Pages
▼
ထုံမှထုံတတ်ပလေ
Tuesday, August 13, 2013
မိအေးထုံသည် ဦးကွန့်၏ မယားပါ သမီးဖြစ်သည်။ ဦးကွန့်သည် ပထွေးဆိုသော်လည်း အေးထုံကို သမီးရင်းကဲ့သို့ ချစ်သနားသည်။ အေးထုံက အမည်နှင့် လိုက်သည်။ အေးဆေးသည်။ ထုံနန နှင့် သူ့ပင်ကိုယ်စရိုက်က မှာသည့် အတိုင်း ပြောသည့် အတိုင်းသာ လုပ်တတ်၏။
“ဧည့်သည် အတွက် ခရားထဲ ရေနွေးထည့်ခဲ့” ဟုပြောလျှင် ရေနွေးပဲ ထည့်လာ၏။ လက်ဖက်ခြောက် မခပ်။ “လက်ဖက်သုပ်လိုက်” ဆိုလျှင် လက်ဖက်ကိုချည်း ဆီဆမ်း၊ ဆားဖြူး၍ နယ်လာ၏။ ဘာအဆာမှ မပါ။ ဒီလို ထုံနန၊ အေးဆေးပြီး ရိုးရှာလွန်းသဖြင့် ဦးကွန့်က သနားသည်။ သမီးရင်းလေးနှယ် သံယောဇဉ် ကြီးသည်။တစ်နေ့ ဦးကွန့်သည် စိတ်တို ဒေါပွလျက်
“ဟဲ့ မိအေးထုံ၊ နင်မှန်မှန် ပြောစမ်း၊ အင်တိုင်းသာက ဒင်ကြီးဆိုတဲ့ ကောင်နဲ့ ကြိုက်နေတယ်ဆို။ ရွာနောက်ဖေးက ကောက်ရိုးပုံဘေးမှာ ချိန်းချိန်းတွေ့သတဲ့”
“မဟုတ်ပေါင်တော်၊ ဘယ်ကောင်တွေက ကုန်းတိုက်လိုက်လဲ မသိဘူး”
“ဘယ်ကောင်ပြောပြော မဟုတ်ဖို့ အရေးကြီးတယ်။ နောက်နောင် ဘာသံမှ မကြားချင်ဘူး။ဘယ်သူ့မှလဲ လက်မခံနဲ့၊ ဘယ်ကောင်က ဘာပြောပြော၊ ခေါင်းခါပြလိုက်၊ ကြားလား”
“ဟုတ် ဟုတ်ကဲ့”
(၅) ရက်ခန့် အကြာတွင် ဒင်ကြီးနှင့် အေးထုံ ချိန်းတွေ့ဖြစ်ကြသည်။ ထိုသို့ ချိန်းတွေ့ရာတွင် ဒင်ကြီးက
“အေးထုံ နင့်ကို ငါလေ အာဗွား ပေးချင်တယ်။ နင်စိတ်ဆိုးမှာလား” အေးထုံက ခေါင်းခါပြ၏။ ထို့ကြောင့် ဒင်ကြီးက အေးထုံ၏ ပါးလေးကို အာဗွား (မွှေးမွှေး)ပေးလိုက်လေ၏။
အေးထုံက ရှက်စနိုးဖြင့် ခေါင်းလေး ငုံ့သွားရာ ဒင်ကြီးက
“အေးထုံ နင် ငါ့ကို စိတ်ဆိုးသွားလားဟင်” အေးထုံက ခေါင်းလေးကို ခါရမ်းပြလိုက်၏။ ဤတွင် ဒင်ကြီးက အေးထုံအား အကြိမ်ကြိမ် အခါခါ အာဗွား အာဗွား အာဗွား လိုက်သတည်း။
ဝါးနွယ်မြေ (ပြေအေး) ပေဖူးလွှာမဂ္ဂဇင်း
ဦးဇော် သိသမျှ မျှဝေရာအရပ်
https://www.facebook.com/photo.php?fbid=455813951183108&set=a.35104771499
No comments:
Post a Comment