Pages

ရတနာပုံ ရွှေမြို့တော်ရှိ မြနန်းစံကျော် ရွှေနန်းတော်ကြီးကို လေ့လာကြစို့

အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားဖွယ်ရာ ရတနာပုံ ရွှေမြို့တော်ရှိ မြနန်းစံကျော်
ရွှေနန်းတော်ကြီးကို လေ့လာကြစို့
Wednesday, August 21, 2013

မန္တလေး ရတနာပုံ ရွှေနန်းတော်ကို ပညာရှိတို့ ဆက်သွင်းသည့်အတိုင်း နန်းမြို့တော်ကို (လေးကျွန်းအောင်မြေ)၊ ရွှေနန်းတော်ကို(မြနန်းစံကျော်) ဟု မော်ကွန်းကမ္ပည်း သတ်မှတ်တော် မူပြီး ၁၂၂ဝ ပြည့်နှစ် ဒုတိယ ဝါဆို လဆန်း ၆ ရက် သောကြာနေ့ နံနက် လေးချက်တီးကျော် သုံးမောင်းအချိန် ယာယီ စံနန်းထက်မှ အရှင် မိဖုရားခေါင်ကြီးက ရွှေကြာပန်း ကိုင်တော်မူ၍ ဘဝရှင် မင်းတရားကြီးက ရတနာ ထမ်းစင်တော် ထက်၌ ရွှေစက်တင်တော် မူကာ ရွှေနန်းတော်ကြီးကို လက်ယာရစ် လှည့်၍ မြေနန်းတော် မင်းတက်လှေကားမှ တက်သိမ်း စံပယ်တော်မူသည်။

၁၂၂၁ ခုနှစ် မန္တလေးမြို့ တည်သည်မှ သီပေါမင်း ပါတော်မူသည့် ၁၂၄၇ ခုနှစ်အထိ ရွှေနန်းတော်၏ ထီးနန်း သက်တမ်းကား ၂၆ နှစ်မျှသာ ကြာခဲ့၍ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက် နယ်ချဲ့ အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက် ခဲ့ရပြီးနောက် နန်းတော်ကြီးမှာ အင်္ဂလိပ်နယ်ချဲ့တို့ ထင်သလို
ပြုမူခဲ့ခြင်းကြောင့် စစ်တန်းလျားများ ဖြစ်သွားခဲ့၏။ ရွှေရောင် တဝင်းဝင်းဖြစ်နေရာက ထင်းဖြစ်သွားရ၏။ ထို့နောက် မြန်မာနိုင်ငံသို့ ဒုတိယ ကမ္ဘာစစ် ကူးစက်လာကာ ၁၃ဝ၃ ခုနှစ် တပေါင်းလဆန်း ၅ ရက်တွင် ကျန်ရှိသမျှ ရွှေနန်းတော် အဆောင်ဆောင်တို့ မီးလောင်ပြာကျ ခဲ့ရ၏။

ယခုအခါ မြန်မာ့ရှေးဟောင်း ရွှေနန်းတော်ကို ရှေးမူမပျက် ပြန်လည်တည်ဆောက် မွမ်းမံပြင်ဆင်ပြီး ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ရာ ရှေးဟောင်းနန်းတော်ကို အလွမ်းပြေ ကြည့်ရှု လေ့လာရုံ
သာမက မြန်မာတို့သည် ရှေးပဝေသဏီက စ၍ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် နေထိုင် ခဲ့ကြကြောင်း၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့အစဉ်
အလာ၊ မြန်မာ့ အဆောင်အယောင်တွေ မည်မျှကြီးကျယ် ခမ်းနားထည်
ဝါစွာ ရှိခဲ့ကြောင်းကို ပြသလို၍ ဖြစ်သည်။

ယနေ့ခေတ် မန္တလေး မြနန်းစံကျော် ရွှေနန်းတော်တွင် နန်းမြင့်ဆောင်၊ အရှေ့ပိုင်း မင်းခမ်းဆောင်များ၊ အနောက်ပိုင်း မိဖုရားဆောင်များနှင့် အတူ ကြည့်ရှု လေ့လာချင့်စဖွယ် တည်ဆောက် ပြသထားရုံမက အဆောင် အသီးသီးတွင်လည်း လမ်းညွှန်ဆိုင်းဘုတ်၊ အင်္ဂလိပ်-မြန်မာ စာတန်းများ ပြသ ထားသဖြင့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ၊ လေ့လာ သိရှိလိုသူများ အဖို့ အဆင်ပြေလျက် ရှိပြီး ရှေးဟောင်း မှတ်တမ်းများ၊ ထီးသုံးနန်းသုံး ရှားပါး ရှေးဟောင်း အနုပညာ ပစ္စည်းများကိုလည်း ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှု ဗိမာန်ဦးစီးဌာနမှ ကြီးကြပ်၍
ရွှေနန်းတော်၏ အနောက်ဘက် လှေကားအတက် အနောက်စမုတ်ဆောင်၌ ယဉ်ကျေးမှု ပြတိုက် ထားရှိပြီး လေ့လာသူများ လာရောက် ကြည့်ရှုနိုင်သည်။

သို့ဖြစ်၍ ကျွန်ုပ်တို့ မြန်မာ အမျိုးကောင်း သားသမီးများသည် မြန်မာ့
ဇာတိသွေး၊ ဇာတိမာန် ပေါက်ဖွား ရှင်သန်စေရန် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ကြီးစိုးရာ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားဖွယ်ရာ ရတနာပုံ
ရွှေမြို့တော် မြနန်းစံကျော် ရွှေနန်းတော်ကြီးကို ရှေးမူမပျက်လာရောက်ကြည့်
ရှုနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။


https://www.facebook.com/photo.php?fbid=459842664113570&set=a.351047714993066.

No comments:

Post a Comment