Pages

“လှေဆိပ်မှာ မှို့အိတ် မဖြေမိပါစေနဲ့”



* ပြဿနာဆိုတာ ဖြေရှင်းရမဲ့ ပြဿနာရှိသလို မဖြေရှင်းပဲ လျစ်လျှူရှု ဥပေက္ခာပြုလိုက်ရမဲ့ ပြဿနာတွေ
လည်း ရှိတယ်။ ပြဿနာတိုင်း ဖြေရှင်းဖို့ မလိုအပ်ဘူး။

* အချို့ပြဿနာတွေက ဆရာကယ်မှ ထောင်လုံးလုံးကျဆိုတာ မျိုးဖြစ်တတ်တယ်။ ခုခေတ်မှာ အများကြီး
တွေ့လာရတယ်။ မီဒီယာခေတ်ကိုရောက်လာသည်နှင့်အမျှ ကောင်းတာလည်း မြန်တယ်။ ဆိုးတာလည်း ချက်ခြင်း ပြန့်နှံ့သွားတယ်။

* ဘုရားရှင်လက်ထက်တော်အခါက အရှင်ဒဗ္ဗဆိုတဲ့ ရဟန္တာမထေရ်မြတ်ကို မနာလိုရှုစိမ့်ဖြစ်တဲ့ ရဟန်းအုပ်စုအချို့က မဟုတ်မဟတ်လုပ်ဇာတ်ဆင်ပြီး စွပ်စွဲတယ်။
ဒါကို သံဃာ့ပရိတ်သတ်အလယ်မှာ ဘုရားရှင်က အရှင်
ဒဗ္ဗကိုခေါ်ပြီး ပြဿနာကို ဖြေရှင်းတယ်။

* အရှင်ဒဗ္ဗဆိုတာ ၇ - နှစ်သားအရွယ်ကတည်းက ရဟန္တာဖြစ်ခဲ့သူ၊ ရဟန်းကိစ္စပြီးလို့ ဆွမ်းစားကျောင်းဘုန်းကြီး တာဝန်ယူခဲ့သူပါ။ အချိန်ရတဲ့အခါ နောက် အရှင်ဒဗ္ဗအကြောင်း တင်ပေးပါမယ်။ ဒီနေရာမှာ အဓိကပြောချင်တာက ပြဿနာတစ်ခုကို ကိုင်တွယ်ပုံနည်းလမ်းကို ပြချင်လို့ပါ။

* ဘုရားရှင်က အရှင်ဒဗ္ဗကို “ ဒဗ္ဗမင်းလုပ်ရပ်က ဟုတ်သလား၊ မဟုတ်ဘူးလား” လို့မေးတော့ အရှင်ဒဗ္ဗက ဘုတပည့်တော်ရဲ့ လုပ်ရပ်ကို အရှင်ဘုရားလည်း သိတယ်။တပည့်တော်လည်း သိတယ်လို့ ဆိုတယ်။ သူပြောချင်တာက တပည့်တော် ၇ - နှစ်သားအရွယ်က ရဟန္တာဖြစ်
ခဲ့သူ၊ သူတို့ ပြောတဲ့အမှုမျိုးကို အိမ်မက်တောင် မမက်ခဲ့
ဖူးပါလို့ ပြောလိုက်တာပါ။

* ဒါကို ဘုရားရှင်က “ မင်း ငြိမ်မနေနဲ့၊ ဟုတ်ရင် ဟုတ်တဲ့အကြောင်း၊ မဟုတ်ရင် မဟုတ်တဲ့ အကြောင်းရှင်း” လို့ မိန့်တော်မူတယ်။ ဒီနေရာမှာ အရှင်ဒဗ္ဗဟာ ဘယ်လိုပုဂ္ဂိုလ်မျိုး
လဲဆိုတာ ဘုရားနဲ့ အခြားရဟန္တာမထေရ်တွေလောက်ပဲ သိတယ်။ သာမန်လူတွေ မသိနိုင်ဘူး။ ဒါကြောင့် သာမန်ပုထုဇဉ်တွေ သို့လော၊ သို့လော ယုံမှားမိ၊ အပြစ်တင်မိမှာစိုးလို့
ဖြေရှင်းခိုင်းရတယ်။ ဒါကတော့ ဖြေရှင်းရမဲ့ ပြဿနာပေါ့။

* နောက်သာဓကတစ်ခု ဘုရားရှင်ကို စိဉ္စမာဏ စွပ်စွဲတယ်။ဘုရားရှင်က “ဒီလုပ်ရပ်ဟာ နင်ကိုယ်တိုင်အသိဆုံး” ဆိုတယ်။ သိပ်ပြီး ဖြေရှင်းမနေဘူး။ မြတ်ဗုဒ္ဓဟာ ဘယ်လိုပုဂ္ဂို
လ်မျိုးလဲဆိုတာ လူတိုင်းနီးပါသိတယ်။ အသေးစိတ်ဖြေရှင်း
နေဖို့လည်း မလိုအပ်ဘူး။ ဒီလိုသာဓကတွေများစွာရှိတယ်။

* အချို့ပြဿနာတွေက နှစ်ဦး နှစ်ဖက်ထိပ်တိုက် ရင်ဆိုဖြေရှင်းလိုက်ရင် ပြေလည်သွားတယ်။ သံသယ ကင်းသွားတယ်။နှစ်ဦး နှစ်ဖက်အကျိုးလည်း ရှိသွားတယ်။

* အချို့ပြဿနာတွေကတော့ အကျိုးမရှိတဲ့အပြင် အကျိုးမဲ့မဲ့တွေ ဖြစ်သွားတတ်တယ်။ ပိုမိုဖောင်းပွသွားတယ်။ ကြီးထွားသွားတယ်။ ကျယ်ပြန့်သွားတယ်။ ပြဿနာတိုင်း ပြဿနာတိုင်း
မဟုတ်ရင် မခံဘူးဟေ့ဆိုပြီးလိုက်ဖြေရှင်းနေရင်လည်း လူတွေ
ပြောနေကြစကားအတိုင်း “ ငပွကြီး” ဖြစ်သွားတတ်တယ်။

* ဒီပြဿနာတွေဟာ ငါ့အတွက်ဖြေရှင်းရမဲ့ ပြဿနာလား၊ မရှင်းဘဲထားလိုက်ရမဲ့ ပြဿနာလားဆိုတာ သေချာစဉ်းစားဖို့လိုအပ်တယ်။ တခါတလေ ခြားကသံတမန်အနေနဲ့ ဖြေရှင်းပေးတဲ့သူတွေလည်း ရှိတယ်။ အဲဒီလူတွေလည်း သေချာ စဉ်းစားသင့်တယ်။ငါ ဖြေရှင်းပေးလိုက်လို့ သူတို့အတွက် ကောင်းကျိုးနဲ့ ဆိုး
ကျိုးယှဉ်လိုက်ရင် ဘယ်အရာက အလေးသာမလဲဆိုတာစဉ်းစားသင့်တယ်။

* ဒါကြောင့် ပြဿနာတိုင်းဟာ ငါ့အတွက် ဖြေရှင်းသင့်တဲ့ ပြဿနာလား၊ မရှင်းသင့်တဲ့ ပြဿနာလားဆိုတာ သေချာစဉ်းစားတွေခေါ်ကြရင်း လှေဆိပ်မှာ မှို့အိတ်လည်း မဖြေမိပါစေနဲ့။ ငပွကြီးလည်း မဖြစ်ပါစေနဲ။ ဆရာကယ်မှ ထောင်လုံးလုံးကျတဲ့ အဖြစ်မျိုး
လည်း မရောက်ကြပါစေနဲ့။

“ဌေး”သာမဏေကျော်ဆရာတော်

No comments:

Post a Comment