Pages

သက်ရှည် ကျန်းမာဖို့ လူတိုင်း လမ်း လျှောက်ကြပါစို့




အောင်ဝင်း (ဖျာပုံ)

''အာရောဂျံ ပရမံ လာဘံ '' ကျန်းမာခြင်းသည် အကောင်းဆုံးသော လာဘ်ကြီးဖြစ်ကြောင်း လူတိုင်း သိရှိ သဘောပေါက်ကြသည်။

ကျန်းမာခြင်း အတွက် လုပ်သင့်သည့် အစားအသောက်၊ အနေအထိုင်နှင့် ကျန်းမာရေး အထောက်အကူပြု လေ့ကျင့်ခန်းများ လိုက်နာ ကျင့်သုံးဖို့ကိုမူကား လူ အတော်များများ ပျက်ကွက်လျက် ရှိနေကြသည်။

ကျန်းမာခြင်းကို အနက် အဓိပ္ပာယ် ဖွင့်ဆိုရသော် ကာယသုခ၊ စိတ္တသုခနှင့် လူမှုရေးသုခများ ပြည့်စုံခြင်းဟု ဆိုရမည် ဖြစ်သည်။ ကျန်းမာမှ စိတ်ချမ်းသာပြီး မိမိအတွက်နှင့် အများ အကျိုးပြု လူမှုရေး လုပ်ငန်းများ စိတ်သွားတိုင်း ကိုယ်ပါ၍ လိုရာကိစ္စများ ပြီးမြောက်နိုင် မည် ဖြစ်စေသည်။ ယခုအခါ ကျယ်ပြန့် ကောင်းမွန်စွာ ခင်းကျင်းထားသည့် မြို့ အဝင်အထွက် လမ်းမကြီးများ၊ မြို့ပတ်မြို့ရှောင် လမ်းများ၊ ပန်းခြံများနှင့် မြစ်ကူး တံတားကြီးများ အပေါ်တို့တွင် မြို့ပြနေ အမျိုးသား၊ အမျိုးသမီးများ နံနက်စောစောတွင် သာမက ညနေဘက် တို့တွင် တစ်ဦးချင်း မှသည် အစု အဖွဲ့အလိုက် ကျန်းမာရေး အထောက်အကူပြု ဖြစ်စေရေး လမ်းလျှောက် နေကြသည်။ ကျန်းမာရေး လေ့ ကျင့်ခန်း ပြုလုပ် နေသူများကို တွေ့မြင် နေကြရမည် ဖြစ်သည်။

အားကစား လေ့ကျင့်ခန်း များစွာတို့အနက် ငွေကုန်ကြေးကျ နည်းပါးပြီး တစ်ဦးတည်း ဖြစ်စေ၊ စိတ်တူကိုယ်တူများ စုစည်း၍ အစုအဖွဲ့လိုက် ဖြစ်စေ၊ နေရာမရွေး၊ အချိန်အခါမရွေး ဆောင်ရွက်နိုင်သည့် အားကစား လေ့ကျင့်နည်းမှာ လမ်းလျှောက် လေ့ကျင့် နည်း ဖြစ်သည်။ လမ်းလျှောက် လေ့ကျင့်ခန်းကို ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် ကျင့်သုံးခဲ့ပြီး အဂုင်္တ္ထိုရ် ''ပဉ္စကနိပါတ်'' တွင် စင်္ကြံလျှောက်ခြင်း (လမ်းလျှောက်ခြင်း)မှာ အာနိသင် ငါးမျိုးရှိကြောင်း ရဟန်းတို့ကို ဟောကြားတော် မူခဲ့ကြောင်း သိရသည်။


 (၁) ခရီးရှည် သွားနိုင်ခြင်း၊ (၂) ကြိုးစား အားထုတ်နိုင်ခြင်း၊ (၃) အနာရောဂါ ကင်းခြင်း၊ (၄) စားအပ်သော အာဟာရဓာတ်သည် ကောင်း စွာ ကြေညက်နိုင်ခြင်း၊ (၅) စင်္ကြံလျှောက်ခြင်း (လမ်းလျှောက်ခြင်း) ဖြင့် ရအပ်သော တည်ကြည်မှု (သမာဓိ)သည် ကြာမြင့်စွာ တည်တံ့ နိုင်ပေသည်။ 

ထို့ကြောင့် လမ်းလျှောက်မှု အကျိုးဆက်များသည် အသက် ရှည်ခြင်း၊ အဆင်း လှခြင်း၊ ချမ်းသာ ကြီးခြင်းနှင့် ခွန်အားကြီးခြင်း စသည့် အင်္ဂါရပ်များ တိုးပွား ဖြစ်ထွန်းစေမည် ဖြစ်ပေသည်။ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့်လည်း ယခုအခါ ပြည်သူ အများ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း တို့ကြောင့် အဝလွန်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် အရိုးအဆစ်များ နာကြင် ရောင်ရမ်းခြင်းတို့ ဖြစ်ပွားတတ်ကြောင်း အသိပေး နှိုးဆော်လျက် ရှိသည်။ ရောဂါဘယ ကင်းစင်၍ သက်ရှည် ကျန်းမာစေရန်မိသားစု တစ်စုလုံး နေ့စဉ် နာရီဝက်ခန့် ပုံမှန် လမ်းလျှောက်ကြရန်နှင့် လမ်းလျှောက်သူများ အနေဖြင့်

 (၁) သွေးတိုးကို ကျစေသည်၊
 (၂) စိတ်ပျော်ရွှင် ကျန်းမာစေသည်၊
 (၃) အရိုးများ ကြံ့ခိုင် သန်စွမ်းစေသည်
 (၄) အဝမလွန်အောင် ထိန်းသိမ်းနိုင်သည်၊
 (၅) ကြွက်သားများ သန်စွမ်း ဖျတ်လတ်သည်၊
 (၆) သွေးအတွင်းမှ အဆီကို ကျစေသည်၊
 (၇) သွေးအတွင်းမှ သကြားဓာတ်ကို ကျစေသည် စသည် များ အထောက်အကူ ပြုသည့်အတွက် ''လူတိုင်း သက်ရှည် ကျန်းမာစေဖို့ ပုံမှန် လမ်းလျှောက် ကြပါစို့''ဟု အကြံပြု လိုပါသည်။

   မကြာမီ ကာလတွင် ဆီးဂိမ်းပွဲတော်ကြီး ကျင်းပတော့မည် ဖြစ်ပေသည်။ မြန်မာ့အားကစား အောင်မြင် ဖြစ်ထွန်းစေရန် ဘက်စုံကြိုးပမ်း စီမံ ဆောင်ရွက်နေသော အချိန်ကာလတွင် ပြည်သူများကလည်း မိမိကိုယ်တိုင် အားကစား စိတ်ဓာတ် မြှင့်တင်လျက် ကျန်းမာရေး အထောက် အကူပြု လုပ်ငန်းများနှင့် သင့်လျော်ရာ အားကစား လေ့ကျင့်ခန်းများတွင် တစ်တပ်တစ်အား တက်ကြွ နိုးကြားစွာ ပါဝင် ဆောင်ရွက်ရန်   အမှန် လိုအပ် လှပါကြောင်း အကြံပြု ရေးသား လိုက်ရပါသည်။  ။

 http://www.myawady.com.mm/library/stories/healthstories/item/21453-2013-08-05-10-30-10

No comments:

Post a Comment