ယခုတလော မီဒီယာတချို့တွင် လွန်ဆွဲပွဲ ကျင်းပသည့် သတင်းများ မကြာမကြာ တွေ့မြင် နေရသည်။ လွန်ဆွဲခြင်း ဆိုသည်မှာ လွန်ဆွဲလျှင် မိုးရွာသည် ဟူသော အယူအဆကြောင့်ပင် ဖြစ်ရာ ဒေသ အချို့တွင် မိုးခေါင် ရေရှားမှုများ ကြုံတွေ့နေကြကြောင်း ပေါ်လွင် လှပေသည်။ ထိုသို့ မိုးခေါင် ရေရှားခြင်းသည် အခြား သော သဘာဝ ဘေးဒဏ်များ ဖြစ်သည့် မုန်တိုင်း တိုက်ခြင်း၊ မိုး သည်းထန်ခြင်းနှင့် အပူချိန် လွန်ကဲခြင်းတို့ ကဲ့သို့ပင် ရာသီဥတု ဖောက်ပြန်ခြင်း တစ်မျိုးပင် ဖြစ်သည်။
လက်ရှိ ရောက်ရှိနေသော ကာလသည် ရှေးလူကြီး သူမများ လက်ထက် ခေတ်အဆက်ဆက် ကတည်းက ''ဝါဆို ဝါခေါင် ရေဖောင်ဖောင်'' ဟု ညွှန်းဆို ရလောက်အောင်ပင် ရေဓာတ် ကြွယ်ဝသော မိုးလ အခါတော် ဖြစ်သည်။ မိုးလရာသီ ဖြစ်သော်လည်း ဒေသအချို့တွင် မိုးရွာရန် ဝေးစွ၊ ရှိပြီး သား မြစ်၊ ချောင်း၊ ရေတွင်းများပင် ရေခန်းခြောက်မှု ကြုံတွေ့ နေရပေသည်။ သို့ဖြစ်ရာ မိုးခေါင်ရေရှားမှု ဖြစ်ပေါ်ရခြင်း အကြောင်းအရင်း တချို့တင်ပြ လိုသည်။
ဒေသ တစ်ခုတွင် မြေပေါ်ရေနှင့် မြေအောက်ရေတို့ ထောက်ပံ့ ပေးနိုင်မှု လျော့နည်းလာသည့် ကာလသည် မိုးခေါင် ရေရှားခြင်း ဖြစ်သည်။ မိုးရေချိန်သည် လေထုထဲရှိ ရေငွေ့ ပါဝင်မှုနှင့် ဆက်စပ်လျက်ရှိရာ မိုးခေါင် ရေရှားခြင်း သည် မိုးရေချိန် လျော့နည်း၍ပင် ဖြစ်သည်။ မိမိတို့ မြန်မာနိုင်ငံတွင် မိုးရေချိန် လျော့နည်း ရခြင်း၏ အဓိက အကြောင်းအ ရင်းမှာ သစ်တော ပြုန်းတီးမှုများ ဖြစ်ပြီး မြေဆီလွှာ တိုက်စားခံရကာ ရေကို ထိန်းသိမ်း ထားနိုင်စွမ်း လျော့ကျ လာခြင်းပင် ဖြစ်သည်။
မိုးခေါင် ရေရှားလျှင် တိရစ္ဆာန်များ နေထိုင် ကျက်စားရာ ပျက်စီးခြင်း၊ လေနှင့်ရေ အရည်အသွေး ကျဆင်းခြင်း၊ မီးလောင်နိုင်ခြေ မြင့်တက်ခြင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်မှုတွင် အခက်အခဲများ ဖြစ်ပေါ်ခြင်း၊ မြစ်ချောင်း များ ရေ လျော့နည်း၍ ဆားငန်နှုန်း မြင့်တက်ခြင်း၊ အပင် ရောဂါများ၊ လေတိုက်နှုန်းများ မြင့်တက်ခြင်းနှင့် အင်းဆက်ပိုးမွှား ကျရောက်ခြင်းတို့ တိုးတက်မြင့်မားစွာ ဖြစ်ပေါ်စေသည်။ ထိုသို့ ကြုံလာလျှင် ၎င်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုး များကြောင့် ဒေသခံများတွင် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး ကဏ္ဍများ၌ ဆိုးကျိုးများ ဖြစ်ပေါ်စေတတ်သည်။ ထို့ကြောင့် မိုးခေါင် ရေရှားခြင်း မကြုံရလေအောင် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ကြရပေမည်။
သို့ဖြစ်ရာ သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းရန် အတွက် အစိမ်းရောင် စီးပွားရေး စိုက်ခင်းများ ထူထောင်ခြင်း၊
ရာသီပေါ် သီးနှံနှင့် နှစ်ရှည်ပင်များ ရောနှော စိုက်ပျိုးခြင်း၊ ရှိပြီးသား
သစ်ပင်များကို ပြုစုစောင့်ရှောက်ကြခြင်း၊ ဒီရေတော များ ပြန်လည်
ထူထောင်ခြင်း၊ ရေဝေရေလဲ ဒေသများနှင့် ရေတိမ်ဒေသများ ထိန်းသိမ်းခြင်း
တို့ကို ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များနှင့် ရပ်ကွက်/
ကျေးရွာများရှိ ရပ်မိရပ်ဖများက မိုးဦးရာသီတွင် ပျိုးပင်များ ပေး၍
အစီအစဉ်များ ချမှတ်ကာ အကောင် အထည် ဖော်ခြင်းနှင့် ဇီဝနည်းပညာ ပြန့်ပွားရေး
ဆိုင်ရာ ဟောပြောခြင်းများ ပြုလုပ်ရပေမည်။
ထို့ပြင် သဘာဝ အရင်းအမြစ်များကို
အလွန်အကျွံ ထုတ်ယူ သုံးစွဲမှု မရှိစေရန် တောင်ယာလုပ်ခြင်း၊ သစ်ခုတ်၊
ဝါးခုတ်၊ မီးသွေးဖုတ်ခြင်း များကိုလည်း တာဝန်ရှိသူတို့က ကြပ်မတ် ကြရပေမည်။
သစ်ပင်များ စိုက်ပျိုးရာတွင်လည်း စိုက်လျှင် မပေါက်၊ ပေါက်လျှင် မရှင်
မဖြစ်ရ လေအောင် မြေနှင့် ရာသီဥတု အဆင်ပြေမှု၊ စိုက်ပျိုးနည်းစနစ် မှန်ကန်
စနစ်ကျမှု၊ စိုက်ပျိုးမည့် မျိုးစေ့များ မျိုး အောင်မြင်မှုနှင့်
အပင်ပေါက်များ ဖြစ်လာပါက ပြုစု ပျိုးထောင်ခြင်းနှင့် ကာကွယ်ခြင်း များ
ဆောင်ရွက်ပေးကြ ရပေမည်။ ဤသို့ လုပ်ဆောင်ခြင်းများကို နိုင်ငံအတွင်း မှီတင်း
နေထိုင်ကြသော သန်း ၆ဝ သော ပြည်သူများ ဝိုင်းဝန်း လုပ်ဆောင်မည် ဆိုပါက
လျင်မြန်စွာ ထိရောက် အောင်မြင်မည် ဖြစ်သည်။
ထိုသို့ အောင်မြင်ပါမှ
သစ်တောထွက် ပစ္စည်းများ၏ လူသားတို့ အပေါ် အကျိုးပြုသော စားဝတ်နေရေး
အထောက်အပံ့ များကို မိမိတို့နှင့် တကွ သားစဉ်မြေးဆက် တိုင်အောင်
ခံစားရပေမည်။ ထို့အပြင် မိမိတို့အား ခြိမ်းခြောက်နေသည့် မိုးခေါင်
ရေရှားခြင်း အပါအဝင် ရာသီဥတု ဖောက်ပြန်မှုများလည်း ကင်းဝေးနိုင်မည်
ဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။
အင်ကြင်းသူ (နေပြည်တော်)
http://www.myawady.com.mm/
No comments:
Post a Comment