Pages

ရန်ငြိုးဖွဲ့သူတို့အား ရန်သည် မငြိမ်းအေးနိုင်။



post By Myawady News, on July 14, 2013

ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် ရဟန်းများနှင့် ရန်ဖြစ်နေတတ်သော တိဿရဟန်းကြီးကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

တိဿရဟန်းကြီးသည် ဘုရားရှင်၏ ဒွေးလေးဖြစ်သော သမီး၏သားဖြစ်၏။ အသက်ကြီးခါမှ ရဟန်းပြုလာပြီးလျှင် ဘုရားရှင်အား လှူဒါန်းသော ဆွမ်း၊ ဘောဇဉ်များကို စားသောက်ရသဖြင့် ခန္ဓာကိုယ် ၀ဖြိုး၏။ အဖန်ဖန်နယ်၍ ချုပ်ဆိုးထားသော သင်္ကန်းများကို ၀တ်ရုံ၏။ ကျောင်းအလယ် ဧည့်ခန်း၌ အနေများ၏။ တရပ်တကျေးမှ အာဂန္တုရဟန်းများသည် တိဿရဟန်းကြီးကိုမြင်လျှင် “မထေရ်ကြီးတစ်ပါး ဖြစ်လတ္တံ့” ဟု ထင်မှတ်ကာ ၀တ်ကြီးဝတ်ငယ်ပြုရန်၊ ခြေဆုပ်လက်နယ်ပြုရန် ပန်ကြားကြ၏။ တိဿရဟန်းကြီးသည် မိမိ မထေရ်ကြီး မဟုတ်ကြောင်း ထုတ်ဖော်၍ မပြောကြားဘဲ ဆိတ်ဆိတ်သာ နေလေ၏။ ရဟန်းငယ်တစ်ပါးက ထုတ်ဖော်၍မေးသောအခါမှ “ငါ့ရှင်၊ ငါသည် ၀ါ မရသေးချေ။ အသက်ကြီးမှ ရဟန်းပြုလာသူတည်း”ဟု ဖွင့်ပြောလေသည်။

ှုဤတွင် အာဂန္တုရဟန်းများက “ငါ့ရှင်ရဟန်းကြီး၊ သင်သည် ဆုံးမခက်ချေ၏။ မိမိ၏ ပမာဏကိုမျှ မသိချေ။ ဤမျှလောက်သော မထေရ်ကြီးများကို
မြင်ပါလျက် အရိုအသေပြုဖော်မရ၊ ၀တ်ကြီးဝတ်ငယ်ပြုရန် ပန်ကြားသည်ရှိသော် ဆိတ်ဆိတ်သာနေခဲ့၏။
သင့်အား သင့်မသင့် စဉ်းစားခြင်းမျှ မရှိချေတကား” ဟု ဆိုကာ လက်ဖျစ်တီးကာ နှင်ထုတ်ကြလေသည်။

တိဿရဟန်းကြီးသည် ငါသည်ကား မင်းမျိုးမှ ရဟန်းပြုလာသူတည်းဟူသော မာန်တက်ကြွကာ “ငါ့ကို အဘယ်သူဟု သင်တို့ ထင်ကြကုန်သနည်း၊ သင်တို့အား အမြစ်မှဖြုတ်၍ ဖျက်ဆီးအံ့” ဟု ငိုယိုကြိမ်းမောင်းကာ ဘုရားရှင်ထံတော်သို့ ၀င်၏။
အာဂန္တုရဟန်းတို့သည်လည်း ဤရဟန်းကြီးသည် တစ်စုံတစ်ရာသော
စကားကို လုပ်ကြံဖန်တီး၍ လျှောက်ထားရာ၏ဟု စဉ်းစားမိကာ တိဿရဟန်းကြီးနှင့်အတူ ဘုရားရှင်ရှေ့တော်သို့ လိုက်ပါလာခဲ့၏။

မြတ်စွာဘုရားသည် အကြောင်းမှန်ကို သိပြီးဖြစ်သော်လည်း စကားစ ထွက်ပေါ်လာစေရန် “တိဿ၊ အဘယ်ကြောင့် မျက်ရည်စီးယို ငိုကြွေးလျက် ၀င်ရောက်လာပါသနည်း” ဟု မေးတော်မူရာ
“အရှင်ဘုရား၊ ဤရဟန်းတို့သည် တပည့်တော်ကို ဆဲရေးကြပါသည် ဘုရား”

“သင်သည် အဘယ်မှာ နေပါသနည်း”
“ကျောင်းအလယ် ဧည့်ခန်းမကြီး၌ နေပါသည် ဘုရား”

“ဤရဟန်းတို့ လာသည်ကို သင် မြင်သလော”
“မြင်ပါသည် ဘုရား”

“သင်သည် နေရာမှထ၍ ကြိုဆိုပါ၏လော”
“မကြိုဆိုခဲ့ပါ ဘုရား”

“ပရိက္ခရာများယူရန် ပန်ကြားခဲ့ပါ၏လော”
“မပန်ကြားခဲ့ပါ ဘုရား”

“၀တ်ကြီးဝတ်ငယ် ပြုစုရန်၊ သောက်ရေ ဆက်ကပ်ရန် ပန်ကြားခဲ့ပါ၏လော”
“မပန်ကြားခဲ့ပါ ဘုရား”

“နေရာခင်းပေး၍ ရှိခိုးပါ၏လော၊ ခြေဆုပ်လက်နယ် ပြုခဲ့ပါ၏လော”
“ရှိမခိုးခဲ့ပါ၊ ခြေဆုပ်လက်နယ် မပြုခဲ့ပါ ဘုရား”

“တိဿ၊ သီတင်းငယ်သောရဟန်းသည် သီတင်းကြီးသောရဟန်းအား ဤကျင့်ဝတ်အားလုံးကို ပြုစုသင့်၏။ ဤသို့မပြုသောရဟန်းသည် ကျောင်းအလယ်၌ နေရန် မသင့်ချေ။ ဤသို့ခိုက်ရန်ဖြစ်ရသည်မှာ သင့်အပြစ်သာတည်း။ ထိုရဟန်းတို့ကို ကန်တော့လော့”
“အရှင်ဘုရား၊ ထိုရဟန်းတို့သည် တပည့်တော်ကို ဆဲရေးကုန်၏။ တပည့်တော် မကန်တော့နိုင်ပါ ဘုရား”

“တိဿ၊ ဤသို့ မပြုသင့်။ သင်၏အပြစ်သာတည်း။ ထိုရဟန်းတို့ကို ကန်တော့လော့”
“မကန်တော့နိုင်ပါ ဘုရား”

ဤတွင် ဘုရားရှင်က . .
“တိဿရဟန်းကြီးသည် ရှေးအခါက ဒေ၀ီလရသေ့ ဖြစ်စဉ်တုန်းကလည်း ဤသို့ပင် ဆုံးမခက်ခဲ့၏။ နာရဒ ရသေ့ကို မကောင်းကြံခဲ့၍ မိမိသာလျှင် အရှက်တကွဲ ပြေးသွားခဲ့ရ၏” ဟု ထုတ်ဖော်ဟောကြားတော်မူပြီးလျှင်
အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။

ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကို အောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု သူ့အပေါ်၌ အကြင်သူတို့သည် ရန်ငြိုးဖွဲ့ကုန်၏။
ထိုရန်ငြိုးဖွဲ့သောသူတို့အား ရန်သည် မငြိမ်းအေးနိုင်။

ဒေသနာတော်အဆုံး၌ ဆိုဆုံးမခက်သော တိဿရဟန်းကြီးသည် ဆိုဆုံးမ၍ လွယ်ကူသော ရဟန်းတစ်ပါး ဖြစ်လာလေ၏။

( ဓမ္မပဒ။ ယမက၀ဂ် )

https://www.facebook.com/photo.php?fbid=442659432498560&set=a.351047714993066.

No comments:

Post a Comment