Pages

ယဉ်ကျေးပျူငှာသော နှလုံးသား

 

post By Myawady News, on July 10, 2013

စကော့တလန်ကုန်းမြင့်ဒေသရှိ အင်ဗားနက်မြို့လေးသို့အသွား ဘတ်စကားပေါ်တွင် နံဘေးကထိုင်သည့်အမျိုးသမီးနှင့်စကားလက်ဆုံကျမိသည်။
ဆောင်းတွင်းကြီးခေါင်ခေါင်မှာ အမေရိကန်မတစ်ယောက် မြောက်ဘက်ပိုင်းသို့ ဘာကိစ္စနဲ့ ခရီးသွားနေသလဲ သူစဉ်းစားမရနိုင်ဖြစ်နေသည်။ ဒီအချိန် ကုန်းမြင့်ဒေသမှာ ရာသီဥတုက သိပ်ဆိုးတာပဲဟု သူကဆိုသည်။ ကျွန်မလည်းအဲဒီလို ကြမ်းတမ်းသည့် ရာသီဥတုမျိုးကို သဘောကျသည့်အကြောင်း၊ သမိုင်းနောက်ခံဝတ္ထုတစ်ပုဒ်ရေးရန် အချက်အလက်စုဆောင်းနေခြင်းကြောင့် သူတို့ဒေသ၏ နေ့စဉ်လူနေမှုဘ၀တွေကို လေ့လာမှတ်သားရန် ရည်ရွယ်ကြောင်းများ ရှင်းလင်းပြောပြသည်။ သည်အခါ အမျိုးသမီးကြီးက သူ့အိမ်သို့ ညအိပ် အလည်လိုက်ရန် ဖိတ်ခေါ်လေသည်။

"ကျွန်မတို့က လယ်မြေသေးသေးလေးပိုင်တာပါ၊ ဒါပေမဲ့ အိမ်ကနွေးပါတယ်၊ ကျွန်မခင်ပွန်းလဲ ဈေးပွဲကို သွားတော့ ရှင်လိုက်မယ်ဆိုရင် ကျွန်မအတွက် အဖော်တောင်ရပါတယ်။"

သူ့အိမ်ကိုရောက်သည့်အချိန် မိုးကသည်းထန်စွာရွာနေသည်။ အိမ်ကတဲအိမ် ပုပုလေး။ မစ္စစ်မက္ကင်းတော့ရှ်က ကျွန်မကိုသူ့အိမ်လေးထဲ ခေါ်လာသည်။ ဧည့်ခန်းထဲမှာ ပစ္စည်းပစ္စယ မည်မည်ရရမရှိ သို့သော် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ဖြစ်သည်။

ရုတ်တရက်မီးက မှိတ်တုတ်မှိတ်တုတ်ဖြစ်လာပြီးနောက် လုံးဝငြိမ်းသွားသည်။
"ကဲမီးက ပျက်သွားပြန်ပြီ" သူကပြောပြီး ဖယောင်းတိုင်တွေ မီးညှိသည်။ အဲသည့်နောက် သူမီးမွှေးနေတုန်း အိမ်ရှေ့က တံခါးခေါက်သံကြားရသည်။ သူတံခါးသွားဖွင့်ပေးတော့ ကောင်လေးတစ်ယောက်ဝင်လာသည်။ ကောင်လေးဆီက မိုးရေရွှဲနေသော ဦးထုပ်နှင့် ကုတ်ကိုသူလှမ်းယူသည်။ မီးဖိုအလင်းရောင်နား ရောက်သွားတော့မှ ကောင်လေးရုပ်သွင်ကို ပီပီပြင်ပြင်မြင်ရသည်။ အသက် ၁၂ နှစ်လောက်ပဲရှိသေးသည်။ သို့သော်ခြေထောက်က သနားစရာကောင်းလောက်အောင် ဆာ၍နေသည်။
ကောင်လေးကမောနေသဖြင့် ရုတ်တရက်စကားမပြောနီုင်။ နောက်တော့မှ

"ဖေဖေက ဒေါ်ဒေါ့်ဆီ ဖုန်းလှမ်းဆက်သေးတယ်၊ ဒေါ်ဒေါ်တို့ ဖုန်းက လုံးဝဆက်လို့ မရဘူး၊ အဲဒါကြောင့် ဒီမှာ ဘယ်လိုအခြေအနေရှိလဲ ကျွန်တော်လာကြည့်တာ"

"ကျေးဇူးတင်တယ်ကွယ် ဂျွန်" မစ္စစ်မက္ကင်းတော့ရှ်က ပြောပြီး ကျွန်မနှင့် မိတ်ဆက်ပေးသည်။ အပြင်ဘက်တွင် လေကအရှိန်ပြင်းလာသည်။ ပြတင်းပေါက်တွေ တဖြောင်းဖြောင်းမြည်လာသည်။ ကျွန်မကသည်လိုလေပြင်းတာမျိုးကို နှစ်သက်ကြောင်းပြောပြတော့

"ဒေါ်ဒေါ်မကြောက်ဘူးလားတဲ့" ဂျွန်က မေးသည်။

မကြောက်ပါဘူးဟု ကျွန်မဖြေတော့မည် အပြုတွင် တကယ်တမ်း ဘာကိုမှ ကြောက်တတ်ပုံ မရသည့် မစ္စစ်မက္ကင်းတော့ရှ်က ဘယ်ကောင်လေးမဆို သဘောကျမည့် စကားမျိုး အလျင်အမြန် ၀င်ပြောလိုက်သည်။

" သူကြောက်တာပေါ့ကွဲ့ ၊ ဒေါ်ဒေါ်လည်း ကြောက်တယ် ၊ ဒါပေမယ့် အခုတော့ ဒီမှာ ယောက်ျား တစ်ယောက်ရှိနေပြီပဲ။"

ခဏအဖို့ တိတ်ဆိတ်သွားသည်။ ထို့နောက် သူထလာသည်။

"အားလုံး နေသားတကျရှိလား ကျွန်တော် လိုက်စစ်ကြည့်လိုက်ဦးမယ်" ဟု ဆိုပြီး လက်မောင်းလေး ဘေးကားကာ ခြေထော့နဲ့ နှင့် လျှောက်သွားလေသည်။

ရက်သတ္တပတ် အတော်ကြာသည်အထိ သည်အဖြစ်အပျက်ကလေးက ကျွန်မခေါင်းထဲ မှ မထွက်နိုင်ဖြစ်နေခဲ့သည်။ ကောင်လေးအမေးကို ကျွန်မ မစ္စစ်မက္ကင်းတော့ရှ်လို နားလည်မှုရှိရှိ ကြင်နာမှုအပြည့်နှင့် ဘာကြောင့်မဖြေနိုင်ခဲ့သနည်း။ ဒါတင်မက ကျွန်မဘ၀တစ်လျှောက်လုံးမှာ ဘေးဘီကိုမကြည့် ကိုယ့်ကိစ္စတွေချည်း အာရုံဝင်ခဲ့မိသဖြင့် တစ်ဖက်သား၏ လိုအပ်ချက်တွေကို လျစ်လျူရှုခဲ့မိတာတွေ မည်မျှများပြားပါလေမည်နည်း။ သို့သော် ယခင်ကပျက်ကွက်မှုတွေအစား အခွင့်အရေးအသစ်တွေ လိုက်ကြည့်ဖို့ စိတ်အားထက်သန်နေပြီ။
ကျွန်မသိပ်သိချင်နေသည်။ မွေးရာပါကြင်နာတတ်သည့် စိတ်လား၊ ဒါမှမဟုတ် တမင်မွေးယူထားတဲ့ အလေ့အကျင့်လား။ ဒီလိုစဉ်းစားရင်း ကျွန်မခေါင်းထဲသို့ ' ဒေါက်တာ နော်မင်ဗင်းဆင့်ပီးလ်' သုံးစွဲလေ့ရှိသော စကားတစ်လုံးဝင်ရောက်လာသည်။

"ယဉ်ကျေးပျူငှာသော နှလုံးသား" ဟူသော စကား။

တစ်နေ့တွင် သူငယ်ချင်းတစ်ယောက်နှင့်အတူ ကျွန်မဈေးဝယ်သွားသည်။ အဲသည်မှာ အသက် ၈ နှစ်လောက်သာရှိသေးသော ကောင်လေးက သူ့အဖေကို ကူညီ၍ဟင်းသီးဟင်းရွက်တွေ ရောင်းပေးနေတာတွေ့ရသည်။ ကောင်လေးက အမျိုးသမီးတစ်ယောက်အား ဂေါ်ဖီထုပ်တစ်ထုပ်ကို ကိုယ်တိုင်ရောင်းချပြီးနောက် ၀ယ်သူထံမှ ပိုက်ဆံကို ဂုဏ်ယူစွာဖြင့် ငံ့လင့်နေသည်။ သို့သော် အမျိုးသမီးက သူကို ဂရုမစိုက်ပဲ ဖခင်ဖြစ်သူကို ငွေလှမ်းပေးလိုက်သည်။ ကောင်လေးမျက်နှာ အပြုံးပျက်သွားကာ ကိုယ်လေးလည်းညှိုးကျသွားသည်။ ကျွန်မနှင့် အတူပါလာသော သူငယ်ချင်းက ဒါကိုမြင်တော့ ကောင်လေးကို လှမ်းခေါ်ကာ ခရမ်းချဉ်သီးတွေ အားလူးတွေ ကောက်ရွေးသည်။ ကောင်လေးက ဒါတွေကို အိတ်တစ်လုံးထဲ ထည့်ပေးသည်။ ပိုက်ဆံပေးမည့်အခါသူကအကြွေပေးမည်ဆိုလည်းပေးရန်ရှိသော်လည်း တမင်ပင် တစ်ဒေါ်လာတန်တစ်ရွက်ပေးလိုက်သည်။ ခဏလေးတော့ ကောင်လေးမျက်မှောင်ကြုတ်သွားသည်။ သူခေါင်းထဲ အတော်တွက်နေရပုံပေါ်သည်။ သို့သော် နောက်တော့ မျက်နှာက လင်းခနဲဖြစ်သွားပြီး သွက်လက်ရွှင်ပျစွာပင် အကြွေတွေကို အတိအကျပြန်အမ်းပေးသည်။

"ကျေးဇူးပဲကွာ၊ အန်တီဆိုရင် အဲဒီလောက်မြန်မြန်တွက်လို့ရမှာ မဟုတ်ဘူး " သူငယ်ချင်းက ပြောလိုက်သည်။

"ဟာ မခက်ပါဘူး" ဆိုပြီးကောင်လေးက သူအဖေကို မော့ကြည့်သည်။ ကျွန်မသူငယ်ချင်း၏အမြော်အမြင်ရှိစွာ ဆောင်ရွက်တတ်မှုကြောင့် ကောင်လေး သားအဖရော ကျွန်မတို့ နှစ်ယောက်ပါ နွေးထွေးမှုတွေ ကူးစက်ကာ ပြုံးပျော် ရွှင်လန်းသွားခဲ့ရသည်။

တစ်ခါ၌ အာသီးရောင်သောကလေးတစ်ယောက်ခွဲစိတ်ရန်အတွက် ဆေးရုံတက်ရသည်။
ကောင်လေးက တက်ဒီ့ဘဲယားအရုပ်ကို အလွန်ချစ်သည်။ သူ့ဝက်ဝံရုပ်လေးက ဟောင်းနွမ်းစုတ်ပြတ်နေပြီး မျက်လုံးတစ်လုံးက မရှိတော့။ သူ့ကို ခွဲစိတ်ခါနီး ဆရာဝန်ကြည့်ရန်လာသည့်အခါ အနီးရှိသူနာပြုဆရာမတစ်ယောက်က သူဖက်ထားသည့် ၀က်ဝံရုပ်လေးကို ဖယ်မည်ပြုသည်။ သို့သော် ခွဲစိတ်ဆရာဝန်ကြီးက ခပ်တည်တည်ဟန့်တားသည်။

"တက်ဒီ့ကို မယူပါနဲ့၊ သူ့ကိုလဲဂရုစိုက်ရမှာပေါ့ "

ခွဲစိတ်ပြီး၍ ကောင်လေးသတိပြန်ရလာတဲ့အခါ တက်ဒီ့ဘဲယားက သူ့ဘေးမှာ၊ မရှိတော့သော မျက်လုံးနေရာတွင်လည်း ကျွမ်းကျင်သော ဆရာဝန်ကိုယ်တိုင် အသပ်ရပ်ဆုံးစည်းနှောင်ပေးထားသည့် ပတ်တီးစနှင့်။

ယဉ်ကျေးပျူငှာသော နှလုံးသားကို ထိရောက်ကောင်းမွန်စွာ အသုံးချနိုင်မည့် အခွင့်အလမ်းများက ပတ်ဝန်းကျင်တွင် အမြဲရှိနေပါသည်။

ယဉ်ကျေးပျူငှာသော နှလုံးသား၏ အဓိကအကျဆုံးအရာကား သူတစ်ပါး၏ ခံစားမှုများကို နားလည်တတ်ခြင်းဖြစ်သည်။

နောက်တစ်ခု ပြောချင်သည်က ယဉ်ကျေးပျူငှာသော နှလုံးသားပိုင်ရှင်များမှာ သိပ်အလုပ်များနေ၍ သူတစ်ပါးကို ဂရုမစိုက်နိုင်ဟူသောစိတ်သဘောမျိုး ကင်းမဲ့ခြင်းဖြင်သည်။

ဆရာဖေမြင့် ၏ ဘ၀ဒဿန ရသစာများ
..........................................................................................
ညီအကို မောင်နှမအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည်စုံပြီး အေးချမ်းသော ဘ၀လေးများကို ပိုင်ဆိုင်ကြပါစေ................

Ref:::Ye Yint Htike

https://www.facebook.com/photo.php?fbid=440971179334052&set=a.351047714993066.

No comments:

Post a Comment