Pages

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့


Friday, July 19, 2013

ဇူလိုင် ၁၉ ရက်နေ့သည် ခေတ်သစ် မြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း နှင့် ၎င်း၏ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ၁၉၄၇ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့်နေ့ဖြစ်သည့် အတွက် အာဇာနည်နေ့ အခန်းအနားများ ကျင်းပကြသည်။

စစ်အစိုးရက ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီးချိန်မှစ၍ ဗိုလ်ချုပ်အောင်ဆန်း၏ အမျိုးသားသူရဲကောင်း ဆိုသည့် ဂုဏ်ကိုလျော့ကျအောင် ပြုလုပ်ခဲ့သော်လည်း ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ဗိုလ်ချုပ်ကို လေးစားစိတ်ဝင်စားမှုများ ပြန်လည်နိုးကြား တက်ကြွလာနေပြီ ဖြစ်သည်။

သူ၏ ဘ၀ကို လေ့လာသိရှိလိုပါလျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အဖြစ် ပြောင်းလဲခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်ဟောင်းကို သွားရောက်ကြည့်ရှုနိုင်ပါသည်

ဗဟန်းမြို့နယ် ကန်တော်ကြီးကန်အနီးရှိ တောင်ကုန်းလေးပေါ်က အိမ်တွင် ဇနီး ဒေါ်ခင်ကြည်၊ သားသမီးများဖြစ်သော အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်တို့နှင့် အတူ နေထိုင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေး ပြိုင်ဖက်ဟု သဘောထားသည့် ဂဠုန်ဦးစော၏ နောက်လိုက်များက လုပ်ကြံခဲ့ချိန်၌ ယနေ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၂နှစ်အရွယ်သာရှိသေးသည်။

ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခဲ့ပြီးနောက် ဒေါ်ခင်ကြည်နှင့် သားသမီးများသည် အဆိုပါနေအိမ်တွင် သားလတ်ဖြစ်သူ အောင်ဆန်းလင်း ခြံဝန်းအတွင်းမှ ရေကန်ငယ်တွင် ရေနစ်ကွယ်လွန်ခဲ့သည့် ၁၉၅၃ ခုနှစ် အထိနေထိုင်ခဲ့ကြသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်လျှက်ရှိသော ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်

၁၉၄၈ ခုနှစ်တွင် မြန်မာအစိုးရက ကန်တော်ကြီးအနီးမှ ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်ကို ကျပ်ငွေ ၃၀၀၀၀ ဖြင့် ပြန်လည် ၀ယ်ယူခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အဖြစ် ၁၉၆၂ ခုနှစ်တွင် ပြောင်းလဲပစ်ခဲ့သည်။

ခန်းနားလှပသော အဆောက်အဦးကို ပြတိုက်အဖြစ် ပြောင်းလဲလိုက်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း၏ တကိုယ်ရေ အသုံး အဆောင်များ၊ စီးနင်းအသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် အနက်ရောင် ၀ူစလေကား နှင့် ၁၉၄၀ အစောပိုင်းနှစ်များ က အင်္ဂလန်နိုင်ငံ ခရီးစဉ်တွင် အိန္ဒိယ နိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဂျာဝါဟာလာနေရူး လက်ဆောင်ပေးခဲ့သည့် ကုတ်အင်္ကျီ စသည်တို့ ကို ပြသထားသည်။

အသုံးချ မက္ကင်းနစ် နှင့် လေကြောင်းကာကွယ်ရေး၊ နိုင်ငံရေးဘောဂဗေဒ တို့သာမက ဒီအိပ်ခ်ျ လောရင့်စ်၏ လက်ရွေး စင် ၀တ္ထုတိုများအထိ ပါဝင်သည့် ဘာသာရပ်မျိုးစုံသော စာအုပ် ၂၄၀ ခန့်သည် စာပေ၀ါသနာရှင်များအတွက် စိတ်ဝင်စား စဖွယ်ဖြစ်သည်။

အောက်ထပ်တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် မိသားစု၏ ဓာတ်ပုံများ၊ ပန်းချီကားများရှိ ပြီး အပေါ်ထပ် ရှိ သီးသန့် အစည်းဝေးခန်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း အချို့မှ ကောက်နှုတ်ချက်များဖြင့် တန်ဆာဆင်ထားသည်။ ထိုအထဲတွင် ၁၉၄၇ ခုနှစ် အခြေခံဥပဒေ နှင့် ပတ်သက်၌ လမ်းညွှန်ရှင်းလင်းစဉ်က ပြောကြားခဲ့သည့် “ ကမ္ဘာပေါ်မှာ ပြည့်စုံကောင်းမွန်တဲ့ အခြေခံဥပဒေဆိုတာ မရှိဘူး” ဆိုသည့် စကားလည်းပါဝင်သည်။

ပြတိုက်ကို တနင်္လာနေ့ နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှ အပ နေ့စဉ် မနက် ၈နာရီမှ ညနေ၄ နာရီအထိ ဖွင့်လှစ်ပေးထား ပြီး ၀င်ကြေးအဖြစ် လူကြီး (နိုင်ငံသား/နိုင်ငံခြားသား) တဦးလျှင် ၃၀၀ကျပ်နှင့် အသက် ၁၂ နှစ်အောက် ကလေး တဦးလျှင် ၁၀၀ ကျပ်ကောက်ခံသည်။ အာဇာနည်နေ့ တွင်မူ မည်သူမဆို အခမဲ့ဝင်ရောက်လေ့လာခွင့်ပြုသည်။

ကင်မရာ၊ မိုဘိုင်းဖုန်းနှင့် အမ်ပီဖိုး စသည့်ပစ္စည်းများ ယူဆောင်မသွားမိစေရန်တော့ ဂရုစိုက်ဖို့လိုပါသည်။ အဆိုပါပစ္စည်း များ ယူဆောင်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။ ပြတိုက်မှူးဖြစ်သူ ဦးကျော်အေးက “ပြတိုက်လုံခြုံရေး အတွက်” ဟု ရှင်းပြသည်။

ကျော်ဖြိုးသာ
ဧရာဝတီ


https://www.facebook.com/photo.php?fbid=604712012902774&set=a.572785052762137.1

No comments:

Post a Comment