ကျွန်တော်တို့ မိသားစု အားကိုးအားထား ပြုရသည့် မျက်စိ အထူးကု ဆရာဝန်ကြီး တစ်ဦး ကွယ်လွန်သွားကြောင်း သိရသဖြင့် ကျွန်တော် တုန်လှုပ်သွားသည်။ စိတ်မကောင်း ကြီးစွာ ဖြစ်ရသည်။ ဆရာဝန် ကြီးသည် နှလုံး ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရ၏။
ဆရာဝန် ကြီးသည် ကွယ်လွန်ချိန်တွင် အသက် ၇၀ မျှသာ ရှိသေးသည်။ နိုင်ငံခြားမှ မျက်စိ အထူးကုဘွဲ့ ရရှိထားသူ ဆရာဝန် ကြီးသည် ထူးချွန် လှပါ၏။ ငွေကြေးကို ပဓာန မထားဘဲ ဝေဒနာကို မေတ္တာဖြင့် ကုသပေးသူ ဖြစ်သည်။ လူနာ တစ်ဦးကို မိနစ် ၄၀၊ အချို့ကို တစ်နာရီခန့် ကြာအောင် သေချာစွာ စမ်းသပ်ပြီးမှ ဘာလုပ် သင့်သည်ကို အဆုံးအဖြတ် ပေးသူဖြစ်သည်။
အချို့ ဆရာဝန် များသည် တစ်နေ့ လူနာ လေးငါးဆယ် ဦးခန့် မျက်စိ ခွဲစိတ်သော်လည်း ဆရာဝန် ကြီးသည် တစ်နေ့လျှင် လူနာ နှစ်ဦးသာ ခွဲစိတ် ကုသသည်။ ဆရာဝန်ကြီး ကုသပြီး လူနာဆိုလျှင် စိတ်ကျေနပ်မှု အပြည့် ရရှိသဖြင့် ဆရာဝန် ကြီး၏ ကောင်းသတင်း မွှေးပျံ့ရခြင်း ဖြစ်၏။
ထို့အပြင် ဆရာဝန် ကြီးသည် တစ်နှစ်လျှင် တစ်ကြိမ် နိုင်ငံခြား တိုင်းပြည် အချို့သို့ သွားရောက်ပြီး ကုထုံးသစ်များ လေ့လာခြင်း၊ နည်းပညာနှင့် ဆေးပညာ လေ့လာခြင်း တို့ကို ပြုမြဲဖြစ်သည်။ ““သမားဆိုအိုမှ”” ဟူသော စကားသည် ဆရာဝန်ကြီး ကဲ့သို့သော သမားကောင်း များကို ရည်ညွှန်းခြင်း ဖြစ်တန်ရာ သည်ဟု ထင်သည်။
သို့သော် ဆရာဝန် ကြီးကို ကျွန်တော် ဘ၀င် မကျနိုင်သော အချက်တစ်ချက် ရှိ၏။ ထိုအချက်မှာ ဆရာဝန် ကြီးသည် ““စီးကရက်””ကို ခုံခုံမင်မင် သောက်တတ်ခြင်း ပင် ဖြစ်သည်။ စီးကရက် သောက်ခြင်းသည် လူ့ကျန်းမာရေး အတွက် ကောင်းကျိုး မပေးသည်ကို ဆရာဝန်ကြီး တစ်ယောက် အနေဖြင့် မသိဘဲ နေမည်မဟုတ်။ သိလျက်နှင့် စီးကရက်ကို စွဲစွဲမြဲမြဲ သောက်ခြင်းအတွက် ကျွန်တော် ဘ၀င်မကျရိုး အမှန်ပင် ဖြစ်သည်။ သို့တစေ ဆရာဝန် ကြီးကို ဘုန်းကြီးစာချ မလုပ်ဝံ့ခဲ့ပေ။ ဆရာဝန်ကြီးက အဖိုးတန် လူတစ်ဦး ဖြစ်ပါလျက် ဆေးလိပ်၏ ကျေးကျွန် ဖြစ်ခဲ့ရပြီး လူ့ဘ၀ကို ကျောခိုင်းခဲ့ရ၏။
ကျွန်တော်နှင့် လွန်စွာ ရင်းနှီးသော စာရေး ဆရာကြီး တစ်ဦးဆိုလျှင် အသက် ၇၃ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ စာရေး ဆရာကြီးသည် အမျိုးသား စာပေဆုကို အကြိမ်များစွာ ရရှိခဲ့သူ ဖြစ်သည့်အပြင် ဘာသာပြန် ကောင်းသူဖြစ်သည်။ နှမြောဖို့ကောင်းလှ၏။
နောက်တစ်ဦး မှာလည်း စာရေး ဆရာကြီး
ဖြစ်သည်။ လူသိများ ထင်ရှားသူလည်း ဖြစ်သည်။ လူချစ် လူခင်လည်း ပေါသည်။ ဆရာက
အရက်ကို အသင့်အတင့် သောက် သလို ဆေးလိပ် ကိုလည်း လက်ကမချ။ ဆရာ့တွင်
သွေးတိုး၊ နှလုံးရောဂါ အစုံရှိ၏။ အပြင်ပန်း ကြည့်လျှင် ကျန်းမာရေး
ကောင်းသူဟု ထင်ရသော်လည်း ရုတ်တရက် နှလုံးရော ဂါ ဖောက်လာသဖြင့် ဆေးရုံသို့
တင်လိုက်ရာ တစ်ရက်သာ ခံပြီး ကွယ်လွန်သွားသည်။
ဆရာ ကွယ်လွန်ချိန်တွင် အသက် ၇၈
နှစ်ရှိပေပြီ။ ဆရာက စွယ်စုံရ ပညာရှင် စာရေး ဆရာကြီး ဖြစ်သဖြင့် မြန်မာစာပေ
လောကအတွက် ဆုံးရှုံးမှု တစ်ရပ် ဖြစ်ခဲ့ရ၏။ အကယ်၍ ဆရာသည် ဆေးလိပ်နှင့် အရက်ကို
မသောက်ခဲ့လျှင် ယခုထက် အသက် ရှည်လိမ့်မည်ဟု ကျွန်တော်ထင်သည်။
မြန်မာ စကားပုံတွင် ဆိုရိုးစကား ရှိသည်။
““ဥစ္စာကို ကံစောင့်၊ အသက်ကို ဥာဏ်စောင့်”” ဟူသော စကားသည် သွေးထွက်အောင်
မှန်သည်။ ဆေးလိပ်နှင့် အရက်ကို စွဲစွဲမြဲမြဲနှင့် လွန်လွန်ကြူးကြူး
သောက်လျှင် ကျန်းမာရေး ထိခိုက် နိုင်သည်ကို သိကြသော်လည်း အချို့မှာ
ဆေးလိပ်နှင့် အရက်ကို မဖြတ်နိုင်ဘဲ သံယောဇဉ် တွယ်နေ ကြသည်မှာ စဉ်းစားစရာ
ဖြစ်သည်။
တစ်ခုတော့ ရှိသည်။ လူတို့သည် ““အမှား””
နှင့် ““အမှန်””ကို သိသယောင်ယောင် ရှိသော်လည်း ကိုယ်တွေ့၊ လက်တွေ့
အမှားအမှန်နှင့် ရင်ဆိုင်ကြုံတွေ့ ကြသော အခါ၌မူ ရှင်းလင်း ပြတ်သားစွာ
မဝေခွဲနိုင်၊ မစဉ်းစားနိုင် ဖြစ်တတ်ကြ၏။
ဥပမာ ဆိုရလျှင် ကျား၊ ဆင်စသော သားရဲ
တိရစ္ဆာန် တို့သည် ဤသို့၊ ဤနှယ် ခုပ်တတ်၊ အုပ်တတ် ဖမ်းဆီးသတ်ဖြတ် စားသောက်
တတ်သည်ကို လည်းကောင်း၊ ဤသို့၊ ဤပုံ ရှောင်ရှား တိမ်းရှောင်ပါက
လွတ်နိုင်သည်ကို လည်းကောင်း ကောင်းစွာ သိရှိပါလျက် တောတွင်းသို့ ရောက်၍
ကျား၊ ဆင် စသည်တို့နှင့် တွေ့ကြုံ ရင်ဆိုင်ရသည့် အခါ အသက်ဘေးမှ
လွတ်မြောက်အောင် မတိမ်းမရှောင် နိုင်သော တောသွား ယောက်ျားကဲ့သို့
ဖြစ်ချေသည်။
““လောက၌ မည်သည့် အရာတွင် မဆို မိမိဥာဏ်ကို
အသုံး ပြုခြင်းသည် ကောင်း၏။ မိမိဥာဏ်ထက် ကောင်းသော လမ်းပြရှေ့ဆောင် မရှိ””
ဟု ပညာရှိတို့ ဆုံးမစကား ရှိ၏။ ထိုစကား မှန်၏။ သူတစ်ပါး စကားကို နားထောင်
ရခြင်းသည် မှားသည် လည်းရှိ၏။ မှန်သည်လည်း ရှိ၏။ သူတစ်ပါး အပြောကို
မစောင့်ဘဲ မိမိ အသိဥာဏ်ဖြင့် ဟုတ်မဟုတ်၊ မှန်မမှန်၊ သင့်မသင့်၊
တော်မတော်ကို ဝေဖန် ချင့်ချိန်၍ မိမိကိုယ်တိုင် သိမြင်အောင် ကြံဆရ ခြင်းသည်
အမှန်ကို ရောက်ရန် အကောင်းဆုံးနှင့် စိတ်အချရဆုံး နည်းကောင်းလမ်းကောင်း
ဖြစ်ပါ၏။
ဆင်းရဲချမ်းသာ မရွေး လူတိုင်းသည်
အသက်ရာကျော် ရှည်လို ကြသည်ချည်း ဖြစ်သည်။ အသက်ရှည်ရာ ရှည်ကြောင်းအတွက်
လုပ်သင့် လုပ်ထိုက်သည် တို့ကို လုပ်နေကြပါ သလားဟု မေးလျှင် ဖြေရန်ခက်ခဲ
ပေလိမ့်မည်။
ဤနေရာတွင် စာရေး ဆရာကြီး ဌေးမောင်၏
သဘောထား အယူအဆကို ဖော်ပြ လိုပါ၏။ ““အောင်မြေ”” ပညာပေး မဂ္ဂဇင်းတွင် ဆရာ
ရေးသားခဲ့သော ““အသက်ရာကျော် ရှည်လိုလျှင်”” ဆောင်းပါးမှ လိုရင်း အချက်ကို
ကောက်နုတ်ဖော်ပြ လိုပါသည်။ ဆရာက -““ ကျွန်တော်သည် ငယ်စဉ် ကတည်းက သိ၍၊
တတ်၍၊ နားလည်၍ မဟုတ်ဘဲ ကျန်းမာရေးကို ဂရုစိုက် ခဲ့သည်။ သတိထား ခဲ့သည်။
အနေအထိုင်၊ အစားအသောက် ဆင်ခြင်ခဲ့သည်။ အရက်မသောက်၊ ကွမ်းမစား၊ ဆေးလိပ်မရှူ၊
အပျော်အပါး မရှိ၊ အစား အသောက်ကို ဆင်ခြင်စားသောက် ခြိုးခြံသည်။ ထိုအချက်
တို့သည်ကား နောင်အခါတွင် အသက်ရှည်ဖို့၊ ကျန်းမာရေး ကောင်းဖို့ ဖြစ်စေခဲ့သည်
မဟုတ်ပါလား”” ဟုဆိုသည်။ ဆရာ ဌေးမောင်သည် ယခုအခါ အသက် ၈၆ နှစ် ရှိပေပြီ။
နားမထိုင်း၊ ခါးမကိုင်း၊ သွားမကျိုး၊ မျက်စိကောင်း သေးသည်။ စာရေးလည်း
မပျက်သေးပေ။ ဆရာ၏ စိတ်နေ စိတ်ထားမှာ ““မေတ္တာထားသည်။ စေတနာ ပွားသည်။ မုဒိတာ
စိတ်ကို ရင်ဝယ် သိမ်းဆည်းထားသည်။ ဥပေက္ခာ စိတ်ကို အမြဲတမ်း မွေးမြူသည်”” ဟူ၍
ဖြစ်ပါ၏။
ကျွန်တော်နှင့် ရင်းနှီးသော သတင်းစာ
ဆရာကြီး ဖိုးသောကြာ (ခေတ် + မိုး) သည်လည်း အသက် ၈၁ နှစ်ရှိပြီ ဖြစ်သော်လည်း
သတင်းစာ အလုပ်ကို ခုံခုံမင်မင် လုပ်ကိုင်နေဆဲ ရှိ၏။ ဆရာ့ အလုပ်တိုက်သို့
ကျွန်တော်ရောက်သည့် အခါတိုင်း ဆရာသည် စာနှင့်မျက်နှာ မခွာဘဲ ရှိသည်။ ဆရာသည်
အသက်အရွယ် ရလာပြီ ဖြစ်၍ ကျန်းမာရေးကို ဂရုစိုက်ကာ ကိုယ့်ကိုယ်ကိုယ်
ထိန်းသိမ်း စောင့်ရှောက်လျက် ရှိသည်။ ဆရာ ဖိုးသောကြာက ““ဒီလို အသက်အရွယ်
မျိုးမှာ အနေအထိုင်၊ အစား အသောက်က အစ ပြင်ဖို့လိုတယ်။ လိုက်လျော ညီထွေ
သင့်တင့် လျောက်ပတ်အောင် နေထိုင်တတ်ဖို့ လိုတယ်”” ဟုဆိုသည်။
ဆရာသည် သတင်းစာ ဆရာ လက်ဟောင်းကြီး ဖြစ်၍
အတွေ့အကြုံ များလှသဖြင့် တစ်ပတ်တွင် တစ်ရက်မျှ နားရက် မယူဘဲ သတင်းစာကို
နေ့စဉ် ထွက်နိုင်အောင် ဆောင်ရွက် လျက်ရှိသည်မှာ ချီးကျူးဖွယ် ကောင်းလှ၏။
အားကျစရာလည်း ဖြစ်ပါ၏။
ခေတ်စနစ် အခြေအနေ အရ အသက်အရွယ်
ကြီးရင့်သော်လည်း ကျန်းမာရေး ကောင်းမွန် ပါက လုပ်ငန်းခွင်
ဝင်ရောက်လုပ်ကိုင် နေကြသူ အများအပြား ရှိနေသည်။ အချို့က ဆိုသည်။
““အသက်အရွယ် ကြီးရင့်ပြီး အလုပ် လုပ်နိုင်ပါလျက် အိမ်မှာပဲ အမြဲနေမည်
ဆိုပါက အသက် မရှည်နိုင်”” ဟုပြောသည်။ ထိုစကား အပြည့်အစုံ မမှန်သော်လည်း
မှန်သင့် သလောက်တော့ မှန်သည်။ လုပ်ငန်းခွင်သို့ ၀င်နေသူ တစ်ဦးအဖို့
နာဖို့၊ ဖျားဖို့ပင် အချိန်မရ၊ အလုပ်တွင် ဇွဲကပ်နေ သဖြင့် အလိုလို
ကျန်းမာရေးက ကောင်းနေသည်။
ထို့ကြောင့် သင့်လျော်ရာ အလုပ် တစ်ခုခုကို
လုပ်နေခြင်းသည် အသက်ရှည်ရာ ရှည်ကြောင်းကို အထောက်အပံ့ ဖြစ်စေသဖြင့်
ကျန်းမာရေး ကောင်းသေးလျှင် အသက် အရွယ်နှင့် လိုက်ဖက်သည့် အလုပ် တစ်ခုခုကို
လုပ်ရန် အကြံပြု လိုပါ၏။
http://www.myawady.com.mm/
No comments:
Post a Comment